By- The Red Flag
လူကြိုက်များသည့် နာမည်ကြီးစာရေးဆရာများအဖြစ် အယောင်ဆောင်ထားသည့် Page နှင့် Account အများအပြား Facebook ပေါ်တွင်ရှိနေသည်။
စာရေးဆရာအယောင်ဆောင် Page နှင့် Account များသည် လောင်းကစားဒိုင်များ၊ လူကြိုက်များရန် လုပ်ကြံဖန်တီး ရေးသားထားသည့် သတင်းများတင်ဆက်နေသည့် Click bait website လုပ်ငန်းများဖြင့် ချိတ်ဆက်ထားကြောင်း ၎င်းတို့၏ အရေးအသားများက သက်သေခံနေသည်။
“ဂျူးမဟုတ်သော ဂျူးများ”
လူကြိုက်များလှသည့် စာရေးဆရာမ ဂျူးဆိုလျှင် Page နှင့် Account အတုဖန်တီးသူများ၏ အကြီးမားဆုံးသော ပစ်မှတ်များထဲမှ တစ်ခုဖြစ်ခဲ့သည်။
သူ၏ကလောင်အမည် “ဂျူး” ကိုအသုံးပြုပြီး ဖွင့်လှစ်ထားသည့် Page နှင့် Account အတု (၃၄) ခုအထိ ခြေရာခံတွေ့ရှိခဲ့ကြောင်း စာရေးဆရာမဂျူးက သူ၏ Facebook Account “Tin Tin Win (စာရေးဆရာမ ဂျူး)” မှ ၂၀၂၂ ဧပြီ ၂၉ တွင် ထုတ်ဖော်ရေးသားခဲ့သည်။
ယင်းကဲ့သို့အတုဟု ထုတ်ဖော်ပြောဆိုခံခဲ့ပြီးနောက် “Juu-ဂျူး” ဟု ဖွင့်ထားသည့် Facebook Page သည် နာမည်ကျော် ရုပ်ရှင်မင်းသား ပြေတီဦး၏ဓာတ်ပုံကိုပြောင်းအသုံးပြုပြီး “Ti Ti Fan Club” ဟုအမည်ပြောင်းခဲ့သည်။
၂၀၂၁ အောက်တိုဘာ ၁၅ က “Back Sone” ဟုစတင်ဖွင့်ခဲ့သည့် စာရေးဆရာနှင့်ရုပ်ရှင်မင်းသား အယောင်ဆောင် Facebook Page သည် Followers ၄၈,၀၀၀ ကျော်ရှိသည်။
စာရေးဆရာမ ဂျူးအပြင် အခြားသော စာရေးဆရာများသည်လည်း အလားတူအဖြစ်ပျက်များ ရှိနေသည်။
စာရေးဆရာမ ခင်ခင်ထူး ကလည်း ၎င်း၏အမည်နှင့်ဓာတ်ပုံများကို အသုံးပြုပြီး Page နှင့် Account အတုဖန်တီးခံရကြောင်း ထုတ်ဖော်ပြောဆိုထားသည်။


Red Flag သုံးသပ်ချက်
Misleading – နာမည်ကြီး စာရေးဆရာအမည်နှင့် အကောင့်တုနှင့် Page များကြောင့် စာရေးဆရာ အစစ်များ၏ ဂုဏ်သတင်းနှင့် မူပိုင်ခွင့်ဆိုရာ ကိစ္စရပ်များတွင် နစ်နာမှုများ ဖြစ်ပေါ်နေသည်။ စာဖတ်သူများအတွက်လည်း အစစ်အမှန်မဟုတ်သည့် ရေးသားချက်များ၊ မျှဝေမှုများ၊ ဝါဒဖြန့်ချိမှုများ၊ ကိုယ်ကျိုးစီးပွားအတွက် အသုံးချခံရခြင်းများ ဖြစ်လာနိုင်သည်။ ထို့ကြောင့် နာမည်ကြီး စာရေးဆရာနာမည်နှင့် Page နှင့် Account တွေ့ပါက ချက်ချင်း Like လုပ်ခြင်း ၊ မျှဝေခြင်းများ မပြုလုပ်ဘဲ သေချာစစ်ဆေးရန် လိုအပ်သည်။