By The Red Flag
ထိုင်း၊ မြန်မာနှစ်နိုင်ငံ စစ်ရေးပူးတွဲလေ့ကျင့်လျက်ရှိသည်ဟူ၍ စစ်ကောင်စီကို ထောက်ခံသူများ ရေးသားသည့် Facebook နှင့် Telegram တွင် ဖြန့်ချိနေသည့် ဓာတ်ပုံများမှာ UK နိုင်ငံရှိ The Royal Air Force Museum တွင် ပြသထားသည့် ဒုံးကျည်ပုံအပါအဝင် အခြားနိုင်ငံများမှ ဒုံးကျည်များ၏ ဓာတ်ပုံများ ဖြစ်နေသည်။
နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်နေသည်ဟူ၍ လေယာဉ်ပုံများ၊ ဒုံးကျည်ပုံများဖြင့် ဖြန့်ဝေနေသည့် ပို့စ်တွင် ကော်ပရာစစ်ကြောင်း ပြိုကွဲစပြုနေပြီ ၊ KNU နယ်မြေအတွင်းက PDF နှင့် PDF ထောက်ပို့တွေ အကြီးအကျယ် စိတ်ဓာတ်ကျ တပ်ပျက်နေပြီ ဟူ၍ ရေးသားထားခြင်းဖြစ်သည်။
အဆိုပါ ဖြန့်ချိမှုတွင် အသုံးပြုထားသည့် ဓာတ်ပုံများမှာလည်း လန်ဒန် RAF ပြတိုက်ရှိ စစ်အေးခေတ်ဒုံးကျည်ပုံအပြင် အခြား အသုံးပြုထားသည့် ဓာတ်ပုံနှစ်ပုံမှာလည်း မြန်မာစစ်တပ်ပိုင် ဓာတ်ပုံများ မဟုတ်ဘဲ တူရကီနှင့် တရုတ် စစ်တပ်ပိုင် လက်နက်များ၏ ဓာတ်ပုံများ ဖြစ်သည်။
အဆိုပါ ဓာတ်ပုံများကို အသုံးပြု၍ နိုဝင်ဘာ ၂၈ ရက်နေ့တွင် အောက်ပါ Facebook Account နှင့် Telegram အကောင့်များမှ ဖြန့်ချိနေကြသည်။
ဓာတ်ပုံများ၏ ဇာစ်မြစ်
အဆိုပါ ဓာတ်ပုံများထဲမှ ဓာတ်ပုံတစ်ပုံမှာ UK နိုင်ငံ လန်ဒန်ရှိ The Royal Air Force Museum တွင် ပြသထားသည့် ဒုံးကျည်ပုံဖြစ်ပြီး အခြားဒုံးကျည်ပုံမှာမူ ၂၀၁၆ ခုနှစ်က Defence Blog မှ ရေးသားသည့် ဆောင်းပါးတွင် ပါဝင်သည့် တူရကီနိုင်ငံရှိ ပြည်တွင်းထုတ် “bunker-Busting” ဗုံး၏ ဓာတ်ပုံ ဖြစ်သည်။
ထို့ပြင် Rocket Launcher များ တန်းစီထားသည့် ဓာတ်ပုံမှာလည်း တရုတ်နိုင်ငံ၏ Rocket Launcher များအကြောင်းကို ရေးသားထားသည့် sina.com ၏ ဆောင်းပါးမှ ဓာတ်ပုံဖြစ်သည်။

ကျန် လေယာဉ်များ၏ ဓာတ်ပုံမှာမူ မြန်မာစစ်တပ်တွင် ရှိသည့် လေယာဉ်များဖြစ်သော်လည်း ၂၀၁၉ ခုနှစ်ကတည်းက လူမှုကွန်ရက်တွင် ပျံ့နှံ့ပြီးသား ပုံများ ဖြစ်နေသည်။ ဒီနေရာနှင့် ဒီနေရာတွင် ကြည့်ပါ။
Red Flag သုံးသပ်ချက်
Misleading –
နိုဝင်ဘာတွင် မြန်မာ ထိုင်း နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်နေသည်မှာ မှန်သော်လည်း အသုံးပြုထားသည့် ဓာတ်ပုံများမှာ မှားယွင်းနေပြီး စစ်ရေးအရ ခြိမ်းခြောက်လိုသည့် ပုံရိပ်အဖြစ် အသုံးပြုနေခြင်းဖြစ်သည်။