By The Red Flag
“NUG က ပြည်တွင်းရှိ လူပွဲစားများနှင့် ချိတ်ဆက်၍ အမျိုးသမီးငယ်များအား နိုင်ငံခြားသို့ ရောင်းစားနေ” ခေါင်းစဉ်နှင့် ဒူဘိုင်းတွင် လိင်လုပ်သားအဖြစ် လုပ်ဆောင်နေရသည့် အမျိုးသမီးပုံဟူ၍ အမျိုးသမီးတစ်ဦး၏ ဒူဘိုင်းတွင် ရိုက်ကူးထားသည့် ဓာတ်ပုံများနှင့်အတူ Facebook နှင့် Telegram တို့တွင် ပျံ့နှံ့နေပါသည်။
အဆိုပါ အရေးအသားများတွင် အမျိုးသမီးတစ်ဦး၏ ဓာတ်ပုံကိုလည်း အသုံးပြုထားပြီး ယင်းအမျိုးသမီးမှာ မကွေးတိုင်း ဂန့်ဂေါမြို့နယ် မွှေလယ်ရွာမှ ဒေသခံတစ်ဦးဖြစ်သည်ဟု ဖော်ပြထားသည်။ ထို့အပြင်သူသည် NUG က ချိတ်ဆက်ပေးသည့် လူပွဲစားများ၏ ရောင်းစားမှုကြောင့် ဒူဘိုင်းတွင် လိင်လုပ်သားအဖြစ် လုပ်ဆောင်ပြီး စားဝတ်နေရေးဖြေရှင်းနေရသည်ဟု ရေးသားထားသည်။
အဆိုပါ ဖြန့်ချိမှုကို အောက်ပါ Facebook နှင့် Telegram အကောင့်များတွင် အများအပြားဖြန့်ချိနေကြသည်။
ဓာတ်ပုံများ၏ ဇာစ်မြစ်နှင့် အကြောင်းရင်းမှန်
သတင်းဓာတ်ပုံမူရင်းမှာ RFA Burmese သတင်းဌာနတွင် ဒီဇင်ဘာ ၂၁ ရက်နေ့က တင်ထားသည့် ဒူဘိုင်းတွင် ရောင်းစားခံရသည့် မြန်မာအမျိုးသမီးများ အကြောင်း RFA ၏ အထူးဆောင်းပါးထုတ်လွှင့်ရန် ရှိသည့်အကြောင်း စာမြည်းနှင့်အတူ တင်ထားသည့် သတင်းဓာတ်ပုံများ ဖြစ်သည်။
RFA Burmese ၏ အထူးဆောင်းပါး မိတ်ဆက်အကြောင်းတွင်မူ မသိင်္ဂီစိုးမှာ မကွေးတိုင်း ဂန့်ဂေါမြို့နယ် မွှေ့လယ်ရွာဒေသခံတစ်ဦးဖြစ်ပြီး စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုကြောင့် ထွက်ပြေးခိုအောင်းရာမှ နိင်ငံခြားသွားရန် ရန်ကုန်ရှိ ပွဲစားနှင့်ချိတ်ဆက်ပြီး ဒူဘိုင်းသို့ အလုပ်လုပ်ရန် ထွက်ခွာလာသူ ဖြစ်သည်။

ထို့ပြင် နိုင်ငံရပ်ခြားတွင် အိမ်အကူအဖြစ် လက်ဆင့်ကမ်းရောင်းစားခံရခြင်းဖြစ်ပြီး လော်ဘီများ ဖြန့်နေသကဲ့သို့ လိင်လုပ်သားအဖြစ် ရောင်းစားခံရခြင်းမျိုးမဟုတ်ပါ။ ဒီအကြောင်းနှင့် ပတ်သက်၍ RFA Burmese က ထုတ်လွှင့်သည့် အထူးဆောင်းပါး အင်တာဗျူးဗီဒီယိုတွင် ဖြေကြားထားသည်ကို ဒီနေရာတွင် ကြည့်ပါ။
Red Flag သုံးသပ်ချက်
Misleading – RFA Burmese သတင်းဌာန၏ ဖော်ပြချက်ကို လိုသလိုပုံဖော်ကာ ပြန်လည်ရေးသားခြင်းဖြစ်သည်။