By The Red Flag
မီးခိုးများထွက်နေသည့် ကောက်လှိုင်းပုံနှင့် မီးငြိမ်းသတ်ရန် ကြိုးစားနေသည့် လူအချို့ပါဝင်သည့် ဓာတ်ပုံနှစ်ပုံကို ညောင်ပင်သာရွာက ပုလဲနဂါး MRDA အဖွဲ့ဝင် PDF ကို NUG ခရိုင် PDF များက ကြိုးတုပ်ဖမ်းဆီးပြီး မတည့်သူများ၏ ကောက်လှိုင်းပုံများ၊ စပါးပုံများကို မီးနှင့်ရှို့ပြချနေသည်ဆိုသည့် သတင်းနှင့် အတူဖြန့်ဝေနေသည်။
အခြားတစ်ဖက်တွင်တော့ အဆိုပါဓာတ်ပုံသည် အလယ်ဆိပ်ရွာရှိ ကောက်စိုင်ပုံထဲ စစ်ကောင်စီမှထောင်ခဲ့သည့် မိုင်း စပါးခြွေ့နေစဉ်ပေါက်ကွဲလို့ ပြည်သူတစ်ဦး ထိခိုက်ပြီး ကောက်လှိုင်းစည်းများနှင့် ခြွေလှေ့စက်တစ်လုံးမီးလောင်ပျက်စီးခဲ့ရသည့် သတင်းဓာတ်ပုံဖြစ်ကြောင်း ဖော်ပြကြသည်။
တော်လှန်ရေးအဖွဲ့အချင်းချင်း ဖမ်းဆီး၍ မတည့်သူများ၏ စပါးများကို မီးရှို့ဟုဆိုကာ ဖြန့်ချိမှုများ
အဆိုပါ ဓာတ်ပုံများကို နွေဦးတော်လှန်ရေးတွင် လူသိများသည့် ဗိုလ်နဂါး၏ အဖွဲ့ဝင် PDF တစ်ဦးကို NUG/ MOD မှ ဖမ်းဆီး၍ ၎င်းတို့နှင့် မတည့်သူများ၏ ကောက်လှိုင်းပုံများ၊ စပါးပုံများကို မီးရှို့နေကြောင်း မီးခိုးထွက်နေသည့် ကောက်လှိုင်းပုံနှစ်ပုံကို အသုံးပြု၍ Facebook နှင့် Telegram တွင် ဖြန့်ချိနေသည်။
အဆိုပါ ဓာတ်ပုံကို အသုံးပြု၍ ဇန်နဝါရီ ၂ ရက်နေ့မှ စတင်ပြီး အောက်ပါ Facebook နှင့် Telegram အကောင့်များတွင် အများအပြားဖြန့်ချိနေကြသည်။
ဓာတ်ပုံများ၏ ဇာတ်မြစ်နှင့် သတင်းဌာန၏ ရေးသားမှု
ယင်းဓာတ်ပုံကို ပထမဆုံး လူမှုကွန်ရက်တွင် တင်သူမှာ Indaw Revolution-IR မှ ဖြစ်ပြီး ဇန်နဝါရီ ညနေ ၃ နာရီ ၃၂ မိနစ်အချိန်တွင် ပထမဆုံး စတင်ခဲ့ခြင်းဖြစ်သည်။
Indaw Revolution-IR တွင် တင်ထားသည့် အကြောင်းအရာမှာ အလယ်ဆိပ်ရွာရှိ ကောက်စိုင်ပုံထဲတွင် စစ်ကောင်စီထောင်ထားခဲ့သည့် မိုင်းတစ်လုံး စပါးခြွေနေစဉ်ပေါက်ကွဲ၍ စပါးခြွေ ပြည်သူတစ်ဦးထိခိုက်ခဲ့ပြီး ကောက်လှိုင်းစည်းများနှင့် ခြွေလှေ့စက်တစ်လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း ရေးသားထားပါသည်။
ထို့ပြင် အဆိုပါ ဓာတ်ပုံများနှင့်ပင် Kachine News group တွင် “ကောက်လှိုင်းပုံထဲတွင် စစ်ကောင်စီထောင်ထားသည့် မိုင်းပေါက်ကွဲ၍ စပါးခြွေနေသည့် ပြည်သူတစ်ဦး မိုင်းစထိမှန်” ခေါင်းစဉ်နှင့် သတင်းရေးသားထားပြီး ဓာတ်ပုံများ၏ ပုံစာမှာလည်း “အင်းတော်မြို့နယ် အလယ်ဆိပ် ကျေးရွာတွင်ကောက်လှိုင်းပုံထဲ မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ထိမှန်” ဟု ပါဝင်သည်။
အချက်အလက်စစ်ဆေးချက်
အဆိုပါ ဓာတ်ပုံနှစ်ပုံကို အသုံးပြု၍ ဖြန့်ဝေနေမှုတွင် ပထမဆုံးဖြန့်ဝေသူမှာ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဖြစ်ပြီး ဖြစ်ပွားသည့်နေရာမှာ အလယ်ဆိပ်ကျေးရွာဟု ရေးသားထားကာ သတင်းဌာနတွင် ဖော်ပြထားသည်မှာလည်း အလယ်ဆိပ်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့်ဟူ၍ ရေးသားထားပြီး အခြားတစ်ဖက်တွင် ဖော်ပြထားသည့် အကြောင်းအရာများနှင့် လုံးဝ ဆက်စပ်မှု မရှိသည်ကို တွေ့မြင်ရသည်။

ထို့ပြင် အခြားတစ်ဖက်တွင် ဖော်ပြထားသည်မှာ အစောဆုံး ဇန်နဝါရီ ၂ ရက်နေ့တွင်ဖြစ်ပြီး ဖြစ်ပွားသည့်နေရာကိုလည်း အတိအကျမရေးသားထားပါ။
ညောင်ပင်သာရွာမှ ဗိုလ်နဂါးအဖွဲ့ဝင် PDF ကို ဖမ်းဆီးသွားပြီ၊ သူနဲ့ မတည့်သူတွေရဲ့ ကောက်လှိုင်းပုံ၊ စပါးပုံတွေကို မီးရှို့ပြာချနေသည်ဟု ရေးသားထားသော်လည်း ကောက်လှိုင်းပုံ၊ စပါးပုံများမှာ မည်သည့်နေရာမှ ဖြစ်သည်ဆိုသည်မှာ မပါဝင်သလို ဓာတ်ပုံတွင် မီးရှို့နေသည့် ပုံမဟုတ်ဘဲ ကောက်လှိုင်းပုံကို မီးငြှိမ်းသတ်ရန် ရေပုံးကိုင်ဆောင်ထားသူများ ရှိသည်ကို တွေ့မြင်ရသည်။