By-The Red Flag
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇော်ချောင်းကျေးရွာက ရွာလုံးကျွတ်မီးရှို့ရုံသာမက နေစရာမရှိ၍ မီးလောင်ပြင်ထဲ ဆောက်နေသည့် တဲများပါ မီးထပ်ရှို့ခံရသည့်အကြောင်း နိုဝင်ဘာ ၃၀ ရက်နေ့တွင် မြေလတ်အသံ-Myaelatt Athan က သတင်း ရေးသားထုတ်လွှင့်ခဲ့သည်။
သတင်းခေါင်းစဉ်တွင် “ယာယီတဲအချို့သာ ကျန်တော့တဲ့ရွာကို စစ်တပ်က ၆ ကြိမ်မြောက် မီးတင်ရှို့နေ” ဟု ဖော်ပြထားခြင်းဖြစ်သည်။
သို့သော် ဒီဇင်ဘာ ၁ ရက်နေ့တွင်မူ “ယာယီတဲအချို့သာ ကျန်တော့တဲ့ရွာကို စစ်တပ်က ၆ ကြိမ်မြောက် မီးတင်ရှို့နေ” အစား “ယာယီတဲ့ အချို့သာ ကျန်တော့တဲ့ရွာကို အကြမ်းဖက် PDF များမှ ဆက်ကြေးမပေးလို့ဟုဆိုကာ ၆ ကြိမ်မြောက် မီးတင်ရှို့နေ” ဟု စစ်တပ် နေရာတွင်သာ ပြောင်းလဲ၍ Facebook နှင့် Telegram တို့တွင် ဖြန့်ချိနေသည်။
ထိုသို့ ပြောင်းလဲ ပြင်ဆင်ပြီး ဖြန့်ချိနေသည်မှာ အောက်ပါ Facebook နှင့် Telegram အကောင့်များမှ ဖြစ်သည်။
သတင်းတစ်ခု အကြောင်းအရာ နှစ်မျိုး
မြေလတ်အသံ-Myaelatt Athan သတင်းဌာနက ရေးသားထားသည့် သတင်းတွင် …
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇော်ချောင်းကျေးရွာကို စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့ရုံသာမကာ နေစရာမရှိလို့ မီးလောင်ပြင်ထဲမှာပဲ ဆောက်နေတဲ့တဲအိမ်တွေကိုပါ မီးထပ်ရှို့နေတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၃၀ ရက်ဒီကနေ့မနက် ၁၁ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ ကလေးမြို့နယ်၊ အင်ဒိုင်းလေးရွာအခြေစိုက် ခမရ – ၃၆၃ တပ်စစ်ကြောင်းဟာ ကိုးတောင်ဘို့ဒေသကထွက်လာပြီး ဇော်ချောင်းရွာကို ၆ ကြိမ်မြောက် မီးတင်ရှို့ခဲ့ကြတာပါ။
“တချို့က နေထိုင်ရေးအခက်အခဲဖြစ်တော့ ဖြစ်သလိုလေးတွေဆောက်ပြီး ပြန်ဝင်နေတာရှိတယ်လေ။ အရင်က ရှို့ပြီးတော့ ကျန်တာလေးရယ်၊ ဖြစ်သလိုပြန်ဆောက်ထားတဲ့တဲလေးတွေ၊ အဲ့တာကို လာလာပြီးပြန်ရှို့နေတာ။ အိမ်ကြိုအိမ်ကြား မီးမကူးတာလေးတွေ ကျန်တယ်။ အဲ့တာကို ခုမနက်ပြန်ရှို့သွားတာပဲ” လို့ ကိုးတောင်ဘို့ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
စသလို ဖော်ပြပါရှိပြီး ဒီဇင်ဘာ ၂ ရက်နေ့ ဖြန့်ချိနေမှုတွေမှာတော့ ပထမအပိုဒ်မှာ စစ်ကောင်စီ နေရာမှာ အကြမ်းဖက် PDF ဆပ်ကြေးမပေးလို့ဟုဆိုကာ ဟူ၍လည်းကောင်း၊ ဒုတိယအပိုဒ်မှာ ခမရ -၃၆၃ တပ်စစ်ကြောင်း နေရာမှာ PDF များ ဟူ၍ လည်းကောင်း ပြောင်းလဲ ရေးသားထားပြီး ဒေသခံ ပြောစကားကတော့ ထပ်တူညီနေသည်။

မှတ်တမ်းများအရ မြေလတ်အသံ-Myaelatt Athan သတင်းဌာနသည် အဆိုပါ သတင်းကို နိုဝင်ဘာ ၃၀ ရက်နေ့ မှာ ထုတ်လွှင့်ဖြန့်ချိခဲ့တာဖြစ်ပြီး ပြုပြင်ပြီး ပြန်လည်အသုံးပြုသူများကတော့ ဒီဇင်ဘာ ၂ ရက်နေ့မှာ ဖြန့်ချိတာမို့ မြေလတ်အသံ သတင်းက ပိုပြီး စောသည်ကို တွေ့ရှိရသည်။
RedFlag သုံးသပ်ချက်
Misleading – စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇော်ချောင်းကျေးရွာကို မီးတင်ရှို့မှုမှာ မည်သည့်ဘက်က ရှို့သည်ကို Red Flag က သီးခြားအတည်မပြုနိုင်သော်လည်း မြေလတ်အသံ-Myaelatt Athan သတင်းပါ အကြောင်းအရာများကို ကူးယူ၍ လိုရာစွဲ ရေးသားထားခြင်းဖြစ်သည်။