By-The Red Flag
BMW အမည်ဖြင့် ဖွင့်လှစ်ထားသည့် Facebook စာမျက်နှာသည် လူအများစိတ်လှုပ်ရှားစေမည့် သတင်းမှား သတင်းခေါင်းစဉ်များဖြင့် သတင်းဌာနများမှ သတင်းများကို ခိုးယူ၍ ဆက်တိုက် ထုတ်လွှင့်နေသည်။
Facebook တွင် ပရိသတ် တစ်သောင်းကျော် Follower ရှိသည့် BMW သည် ဒီဇင်ဘာ ၅ ရက်နေ့တွင် “ရန်ကုန်မှာ စစ်တပ်ရဲ့ ဈေးရောင်းပွဲတော် ဗုံးအကြီးအကျယ်ပေါက်ကွဲ။ အထိနာကုန်ပြီ။” ဟု လုပ်ကြံဖန်တီးထားသည့် ရုပ်သံသတင်းများကို လွှင့်တင်ခဲ့ပြီး ရုပ်သံတွင် ပါဝင်သည့် အကြောင်းအရာနှင့် သတင်းခေါင်းစဉ်မှာ လုံးဝ ဆက်စပ်မှု ရှိမနေပေ။
ထို့ပြင် ဒီဇင်ဘာ ၆ ရက်နေ့တွင်ပင် “မအလ ဖြုတ်ချခံရပြီ# အထူးသတင်း” ဟု လုပ်ကြံရေးသားထားသည့် ခေါင်းစဉ်ဖြင့် ရုပ်သံဖိုင်တစ်ခုကို Facebook ပေါ်တွင် လွှင့်တင်ခဲ့သည်။
သို့သော် နောက်ခံစကားပြောတွင်မူ သတင်းခေါင်းစဉ်နှင့် ဆက်စပ်သည့် အကြောင်းအရာမပါဘဲ အခြားအကြောင်းအရာများကို ထည့်သွင်း ပြောကြားထားသည်။ နောက်ခံစကားပြောမှာမူ Khit Thit သတင်းဌာနတွင် အောက်တိုဘာ ၆ ရက်နေ့ နံနက်ပိုင်းတွင် တင်ထားသည့် သတင်းကို ဖတ်ပြနေခြင်းသာ ဖြစ်သည်။ မူရင်း သတင်းကို ဒီနေရာတွင် ကြည့်ပါ။
ဒီဇင်ဘာ ၆ ရက်နေ့ ည ၇ နာရီကျော်တွင်လည်း BMW သည် “ဗုဒ္ဓဘုရားတောင်ကယ်လို့မရတော့။ ရန်ကုန်အခြေအနေထိန်းမရတော့။ နာရီဝက်အတွင်းပြေးကြ”ဟူသည့် စာတန်းရေးသားထားသည့် ဗီဒီယိုဖိုင်ကို ထပ်မံလွှင်တင်ပြန်သည်။
ယင်းရုပ်သံဖိုင်သည်လည်း ဗီဒီယိုနောက်ခံစကားပြောမှာ People’s Spring တွင် ဒီဇင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းက တင်ထားသည့် သတင်းကို အသံဖြင့် ပြန်လည်ဖတ်ပြထားခြင်းသာဖြစ်ပြီး ရန်ကုန်နှင့် မဆိုင်ဘဲ ဒီးမော့ဆိုမြို့နယ်ကို စစ်ကောင်စီက အတွဲလိုက်ဒုံးများပါ အသုံးပြုတိုက်ခိုက်နေသည့် သတင်းအကြောင်းအရာကို ဖတ်ပြနေခြင်းသာ ဖြစ်သည်။ မူရင်းကို ဒီနေရာ တွင် ကြည့်ပါ။
သတင်းခေါင်းစဉ်အမှားများ၊ ဖြတ်ညှတ်ကပ် ရုပ်ကတ်များနှင့် BMW
ဗုဒ္ဓဘုရားတောင် မကယ်နိုင် ၊ ရန်ကုန်အခြေအနေ ထိန်းမရတော့ ။ နာရီဝက်အတွင်း ပြေးကြဆိုသည့် လူအများ ထိတ်လန့်စေမည့် သတင်းခေါင်းစည်အမှားများနှင့် အခြား သတင်းဌာနများက ခိုးထားသည့် သတင်းများကို ဖတ်ပြခြင်းကို BMW က အစဉ်အမြဲလွှင့်တင်လေ့ရှိသည်။

“ဗိုလ်မှူးကြီးစိတ်ဖောက်လို့ မှော်ဘီလေတပ်က တိုက်လေယာဉ်ကြီးတွေပြောင်ပြီဟေ့”
“ညနေ ၅ နာရီအရေးပေါ်သတင်း RFA ကြေငြာလိုက်ပြီ မလိုက်နာရင် မသာပဲဟေ့”
“ရန်ကုန်မှာ စစ်တပ်ရဲ့ ဈေးရောင်းပွဲတော် ဗုံးအကြီးအကျယ်ပေါက်ကွဲ။ အထိနာကုန်ပြီ။”
“MRTV ကနေ ကြေငြာသွားပါပြီ။ ဒီနေ့ပဲအသက်ပြည့်လို့ ပင်စင်ယူတော့မယ်ဟု မအလကြေငြာ”
အစရှိသည့် ပြူးတူးပြဲတဲခေါင်းစဉ်များတပ်ကာ မဆိုင်သည့်အကြောင်းအရာများကို BMW က ဆက်တိုက်ထုတ်လွှင့်နေသည်။
RedFlag သုံးသပ်ချက်
False – မဟုတ်မမှန် သတင်းခေါင်းစဉ်များနှင့် ဖြတ်ညှပ်ကပ်ရုပ်သံများကို လူကြည့်များစေရန် ဖန်တီးထားခြင်းဖြစ်ပြီး ဗီဒီယိုတွင် သုံးထားသည့် သတင်းများမှာလည်း ၎င်းတို့၏ မူပိုင်မဟုတ်ဘဲ သတင်းဌာနများ၏ ရေးသားချက်များကို သုံးစွဲထားခြင်းဖြစ်သည်။
စာဖတ်သူများကို လိမ်လည်နေခြင်းဖြစ်၍ Facebook သို့ Report ပြုလုပ်ရန် လိုအပ်သည်။