By The Red Flag
လိုအပ်သလောက် အရင်းအနှီးငွေကို အွန်လိုင်းမှ တစ်ဆင့် လျင်မြန်စွာ ချေးယူနိုင်သည်ဟူသည့် ပေ့များ ရှိနေသည်။
ငွေချေးလိုလျှင် မှတ်ပုံတင်၊ သန်းခေါင်စာရင်းနှင့် ဖုန်းနံပါတ်တောင်းယူသလို မှတ်ပုံတင်နှင့်အတူ တွဲရိုက်ထားသည့် ကိုယ့်ရဲ့ ဓာတ်ပုံကိုပါ တောင်းယူမည်၊ ပြီးလျှင် စာရွက်စာတမ်းနှင့် ဝန်ဆောင်ခဟူ၍ ပိုက်ဆံများ တောင်း၍ ချေးငွေရယူလိုသူများထံမှ ငွေလိမ်ရန် အားထုတ်မည်။
ထိုအထဲတွင် မြန်မာနိုင်ငံတွင် လူသိများသည့် ဦးကျော်မိုးထွန်း နာမည်နှင့် ပိုက်ဆံချေးမည်ဟူသည့် အလိမ်အညာပေ့များ ထွက်ပေါ်နေသည်။
လူသိများသည့် နာမည်ကို သုံး၍ လိမ်ရန် ကြိုးစားမှု
မြန်မာနိုင်ငံတွင် လူသိများသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ အမည်ကို အသုံးပြု၍ ချေးငွေလုပ်ငန်းဟူ၍ Facebook Page များ အများအပြား ရှိနေသည်။ ဒီနေရာတွင် ကြည့်ပါ ။
အဆိုပါ ပေ့ထဲမှာ အချို့မှာ တခြား Page များကို “ဦးကျော်မိုးထွန်း” ဟူ၍ ပြောင်းလဲထားကြသည်။
အဆိုပါ ပေ့များ တင်ထားသည့် ငွေချေးပေးမည်ဟူသည့် Post များအောက်တွင်လည်း ငွေချေးယူမှုနှင့် ပတ်သက်၍ မေးမြန်းသူများ ရှိသကဲ့သို့ အလိမ်အညာပေ့ဟု သိနေသူများ၏ React များနှင့် လိမ်လည်နေခြင်းဖြစ်ကြောင်း Comment တွင် ရေးသားသူ အချို့ကိုလည်း တွေ့မြင်ရသည်။ ဒီနေရာတွင် ကြည့်ပါ ။

ထို့ပြင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က Chit Khin Thu ဟူသည့် အကောင့်ပိုင်ရှင့်မှ ဦးကျော်မိုးထွန်း ချေးငွေအကြီးစား နာမည်နှင့် Page မှန်သမျှ အားလုံးလိမ်နေကြောင်း၊ ၎င်း၏ သူငယ်ချင်းဖြစ်သူအလိမ်ခံလိုက်ရကြောင်း သတိပေးရေးသားထားသည်။ ဒီနေရာ တွင် ကြည့်ပါ။
“ဦးကျော်မိုးထွန်း”ပေ့များတွင် ရေးသားထားသည့် အချက်အလက် အားလုံးနီးပါးသည် အွန်လိုင်းပေါ်မှ ပိုက်ဆံချေးမည်ဆိုသည့် ပေ့ အလိမ်အညာများနှင့် ထပ်တူပင် ဖြစ်နေသည်။ ရေးသားချက်များတွင် ဖုန်းနံပါတ် တစ်ခုသာ ဖော်ပြထားပြီး လိပ်စာအတိအကျ မေးမြန်းမှုကိုလည်း ပြန်လည် ဖြေကြားခြင်း မရှိပါ။
ထို့ပြင် “ဦးကျော်မိုးထွန်း ချေးငွေ အကြီးစားလုပ်ငန်း”ဟူသည့် အမည်နှင့် ပေ့တွင် Cover Photo တင်ထားသည့် မူရင်းဓာတ်ပုံမှာ Excellent Fortune Development Group မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် တင်ထားသည့် ဓာတ်ပုံများထဲမှ တစ်ခုဖြစ်သည်။

RedFlag သုံးသပ်ချက်
False
မြန်မာနိုင်ငံတွင် လူသိများ ထင်ရှားသည့် ဦးကျော်မိုးထွန်း၏ အမည်ကို အသုံးပြု၍ Facebook Page များ ဖွင့်၍ ငွေကြေးလိမ်လည်နေခြင်းဖြစ်သည်။ မိမိ၏ ကိုယ်ရေးအချက်အလက် (မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ဖုန်းနံပါတ်) များကို အွန်လိုင်းပေါ်တွင် မည်သူ့ကိုမျှ အလွယ်တကူ မျှဝေခြင်းမပြုပါနှင့်။
အမှန်တကယ်ချေးငွေရယူနိုင်သည့် လုပ်ငန်းများမှာလည်း တိကျသည့် လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ရှိပြီး မှတ်ပုံတင်၊ သန်းခေါင်းစာရင်းများ အွန်လိုင်းပေါ်တွင် ပြရုံနှင့် အလွယ်တကူချေးငွေပေးခြင်းမရှိပါ။