By- The Red Flag
အီလက်ထရောနစ်စီးကရက်(E-cigarette) သောက်သုံးခြင်းက ဆေးလိပ်သောက်သလို ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးမရှိဆိုသည်က အပြည့်အဝ မှန်ကန်မှုမရှိဟု ဆေးပညာရှင်များက ဆိုသည်။
ရောင်းချသူအချို့က “ဆေးလိပ်ဖြတ်စက်” ဟု ခေါင်းစဉ်တပ်ကြပြီး စီးပွားရေးလုပ်ငန်းတချို့နှင့် သောက်သုံးသူတချို့က Vape သည် ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးမရှိဟု ရေးသားနေကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် E-cigarette ရောင်းချသည့်ဆိုင်များက သီတင်းကျွတ်ကာလတွင် အရောင်းမြှင့်တင်ရေးလုပ်နေကြပြီး ဖောက်သည်များကို အပြိုင်အဆိုင် ဆွဲဆောင်နေကြသည်။
ဆေးလိပ်လို ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးမရှိဆိုသည့် စာသားများနှင့် E-cigaretteကို Facebook ပေါ် တွင်တွင်ကျယ်ကျယ် ကြော်ငြာရောင်းချနေကြသည်ကို ဒီနေရာနှင့် ဒီနေရာ အပါအဝင် တော်တော်များများ မြင်တွေ့ရသည်။
E-cigarette ၏ဆိုးကျိုးများ
E-cigarette မှာပါတဲ့ ဓာတုပစ္စည်းတွေက ဦးနှောက်သွေးကြောပိတ်ခြင်းနှင့် နှလုံးသွေးကြောပိတ်ခြင်း စသည့် ရောဂါများ ဖြစ်နိုင်ကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဌဒေါက်တာသန်းစိန်က ၂၀၁၉ ခုနှစ်အတွင်းက DVB သတင်းဌာနနဲ့ ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ သတိပေးခဲ့သည်။
“ စီးကရက်သောက်ရင် အဆုတ်ဟာ မဲသွားမယ်။ E-cigarette သောက်ရင် အဆုတ်ဖြူမယ်ဆိုတဲ့ ဟာမျိုးနဲ့ လူတွေကို ကြော်ငြာနေတာဖြစ်ပါတယ်။ လူတွေကို အသိပညာပေးဖို့က E-cigarette သည်လည်း လူတွေကို ဒုက္ခပေးတယ်ဆိုတာ ဆရာ့အနေနဲ့ ပြောချင်ပါတယ်” ဟု ဒေါက်တာသန်းစိန်က ၂၀၁၉ တွင် DVB သတင်းဌာနကို ပြောခဲ့သည်။
မြန်မာနိုင်ငံက ကျန်းမာရေးဆိုင်ရာ အင်တာနက်စာမျက်နှာဖြစ်သည့် Hello Sayarwon အင်တာနက်စာမျက်နှာတွင်လည်း E-cigarette သောက်သုံးခြင်းက ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးများရှိကြောင်း သတိပေးရေးသားထားတာကို ဒီနေရာမှာ ဖတ်နိုင်ပါသည်။
အီးစီးကရက်သည် သာမန်စီးကရက်များကဲ့သို့ပင် အန္တရာယ်များသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပေးဦးအောင်ထွန်းက ၂၀၂၀ အတွင်းက Frontier Myanmar ကိုပြောကြားထားသည်ကိုလည်း ဒီနေရာမှာ ဖတ်နိုင်ပါသည်။
“နီကိုတင်းပါတဲ့ E-cigaretteတွေ ရှိပါတယ်။ ဒါတွေက သာမန်စီးကရက်တွေလိုပဲ လူကိုစွဲလမ်းစေတတ်ပါတယ်။ သူတို့ကထုတ်လွှတ်တဲ့ အခိုးအငွေ့တွေကလည်း သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေပါတယ်” ဟု ဦးအောင်ထွန်း၏ ပြောကြားချက်ကို Frontier Myanmar ကအဆိုပါဆောင်းပါးတွင် ရေးသားထားသည်။
အီလက်ထရောနစ်စီးကရက်သောက်သုံးခြင်းက သာမာန်စီးကရက်သောက်သုံးခြင်းထက်စာပါက ကျန်းမာရေးထိခိုက်မှုနည်းပါးသည်ဟု ယူဆနေသည်မှာ မှားယွင်းကြောင်း ကျန်းမာရေးပညာရှင်တွေက သတိပေးထားတဲ့ VOAရဲ့ သတင်းတစ်ပုဒ်ကိုလည်း ဒီနေရာမှာ ဖတ်ရှုနိုင်ပါသည်။ အဆိုပါသတင်းပေးပို့ချက်တွင် အနည်းဆုံးလူသေဆုံးမှု ၃၇ခုနှင့် အဆုတ်ထိခိုက်မှု ၁၈၀၀ ကျော်သည် အီလက်ထရောနစ်စီးကရက်သောက်သုံးခြင်းနှင့် ဆက်စပ်နေကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ရေးသားထားသည်။
မြန်မာနိုင်ငံမှာလည်း အီလက်ထရောနစ်စီးကရက်ကို ထိန်းချုပ်တားမြစ်ဖို့အတွက် ၂၀၂၀ ဇူလိုင် ၂၀ မှာကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်က သဘောတူထားတာကို RFA ရဲ့သတင်းတစ်ပုဒ်ကို ဒီနေရာမှာ ဖတ်နိုင်ပါသည်။

Red Flag သုံးသပ်ချက်
Misleading – E-cigarette သည် ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးမရှိဆိုသည်က မှားယွင်းနေကြောင်းနှင့် ဆေးလိပ်ဖြတ်စက်ဟု ကြော်ငြာရောင်းချနေသည်ကို တားမြစ်ရန် ဆေးပညာရှင်များက သတိပေးထားသည်။Vape သည် အဆုတ်၊ နှလုံးနှင့် ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်ကြောင်း ဆေးပညာရှင်များကဆိုသည်။