By – Red Flag
ချေးငွေရယူနိုင်ကြောင်း Facebook ပေါ်တွင် ရေးသားထားသည်များထဲက အားလုံးလိုလိုသည် အလိမ်အညာများ ဖြစ်ကြသည်။
ငွေချေးလိုပါက မှတ်ပုံတင်၊ သန်းခေါင်စာရင်းနှင့် ဖုန်းနံပါတ်များကို ချက်ဘောက်(Chat Box) သို့ပို့ပေးပြီး အတိုးနှုန်းနည်းပါးသည့် ချေးငွေရယူနိုင်ကြောင်း လူလိမ်တို့က မက်လုံးပေးဆွဲဆောင်သည်။ ယင်းနောက် ပိုက်ဆံမချေးသည့်အပြင် ချေးငွေရယူလိုသည့်သူထံမှ ငွေလိမ်ရန် ကြိုးစားတော့သည်။
“မြစိမ်းရောင်ငွေချေးလုပ်ငန်း” အမည်သည် ငွေလိမ်သူတို့ သုံးစွဲနေသည့် အမည်များအနက် တစ်ခုဖြစ်သည်။
မြစိမ်းရောင် “အတု”
“မြစိမ်းရောင်ငွေချေးလုပ်ငန်း” အမည်ဖြင့် Facebook Group နှင့် Facebook Page အများအပြားဖွင့်ပြီး လိမ်လည်နေသည်။ ယင်းPageအများစုသည် ၂၀၂၂ ဇွန်နှင့်ဇူလိုင်လများတွင် တည်ထောင်ထားခြင်းဖြစ်ပြီး အချို့မှာအခြားPageများကို “မြစိမ်းရောင်” ဟုအမည်ပြောင်းထားကြသည်။
Page တချို့တွင် ၎င်းတို့အား အတုအယောင်ဟု စွပ်စွဲမည်ဆိုပါက တရားစွဲမည်ဟု ရေးသားထားသော်လည်း ၎င်းတို့ကိုယ်တိုင် အခြားသူများ၏ ဓာတ်ပုံများကို ယူသုံးထားသည်။ “မြစိမ်းရောင်” Page များတွင်ရေးထားသည့် အချက်အလက် အားလုံးနီးပါးသည်လည်း Page တစ်ခုမှ အခြားတစ်ခုကို လှည့်ပတ်သုံးစွဲနေသည်ကို တွေ့ရသည်။ ၎င်းတို့၏ လိပ်စာကို မြန်မာ-ထိုင်းနယ်စပ်မြို့ မြဝတီတွင် အခြေစိုက်သည်ဟု ဖော်ပြထားသော်လည်း လိပ်စာအတိအကျကို မေးမြန်းရာတွင် ဆက်လက်ဖြေကြားခြင်းမရှိတော့ပါ။


မြစိမ်းရောင် “အစစ်”
“မြစိမ်းရောင်” အမည်ဖြင့် ငွေချေးလုပ်ငန်းက ဦးသိန်းစိန်အစိုးရနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရတို့က ဆောင်ရွက်ခဲ့သည့် အစိုးရ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဖြစ်သည်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစတင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း(၁၁,၆၅၂)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်သည်ဟု တရားဝင်ထုတ်ပြန်ထားသည်။
စီမံကိန်းဆောင်ရွက်မည့် ကျေးရွာတစ်ရွာလျှင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေအဖြစ် ငွေကျပ်သိန်း ၃၀၀ ကိုနိုင်ငံတော်ရန်ပုံငွေမှ မတည်ပေးသည်။ ယင်းမတည်ငွေကို ကျေးရွာအတွင်းရှိ အိမ်ထောင်စု များထံ သက်သာသော အတိုးနှုန်းဖြင့် ထုတ်ချေး၍ ရန်ပုံငွေတိုးပွားစေကာ ရေရှည်တည်တံ့လည်ပတ်စေမည့်နည်းလမ်းဖြင့် ဆောင်ရွက်သွားမည်ဟု ဒီမိုကရေစီအစိုးရများလက်ထက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
Red Flag သုံးသပ်ချက်
False – “မြစိမ်းရောင်ငွေချေးလုပ်ငန်း” အမည်ဖြင့် Facebook Group နှင့် Facebook Page အများအပြားဖွင့်ပြီး ငွေကြေးလိမ်လည်နေခြင်းဖြစ်သည်။မိမိ၏ ကိုယ်ရေးအချက်အလက် (မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ဖုန်းနံပါတ်) စသည်တို့ကို Facebook အပါအဝင် အွန်လိုင်းပေါ်သို့ တင်ခြင်း၊ အခြားသူများထံ အကြောင်းမဲ့ မျှဝေခြင်းများ မပြုလုပ်ရန် လိုအပ်သည်။
ကိုးကား