By- The Red Flag
ထိုင်းနိုင်ငံ၏ နာမည်ရဘဏ်များ၏ အမည်ကိုသုံးထားသည့် ချေးငွေလုပ်ငန်းဟူသည်မှာ အလိမ်အညာများ ဖြစ်ကြသည်။ လိမ်လည်သူတို့က Facebook တွင် page အများအပြားဖွင့်ကာ သန်းနှင့်ချီသည့် ထိုင်းရောက်မြန်မာလုပ်သားများကို လှည့်ဖျားရန် ကြိုးစားနေသည်။
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားများ အသုံးများသည့် ကာစီကွန် ဘဏ် အမည်နှင့် အမှတ်တံဆိပ်ကို အသုံးပြုပြီး ချေးငွေပေးကြောင်း လိမ်လည်နေသည့် Facebook page ၂၆ ခုထက်မနည်းကို The Red Flag အချက်အလက်စစ်ဆေးသူတို့က ခြေရာခံမိခဲ့သည်။
Page အများစုသည် ဩဂုတ်လအတွင်းတွင်မှ တည်ထောင်ထားခြင်းဖြစ်ပြီး အချို့မှာ အခြား ငွေချေးလုပ်ငန်း အမည်မှ “ကာစီကွန်” အမည်ကို ပြောင်းလဲထားကြသည်။
“ ကာစီကွန်း ထိုင်းမြန်မာ အာမခံချေးငွေဝန်ဆောင်မှု့ ဟု အမည်ပေးထားသည့် Facebook page တွင်တင်ထားသည့် ငွေလျှောက်လွှာနှင့် မှတ်ပုံတင်များပုံစံ များသည် ဘဏ်ချေးငွေအမည်ခံ အခြားသော ငွေကြေးလိမ်လည်သည့် Facebook page များတွင်လည်း အသုံးပြုထားသည့် ပုံဖြစ်နေသည်။
အဆိုပါဓာတ်ပုံကို “ မြစိမ်းရောင်ချေးငွေလုပ်ငန်း ” အမည်ဖြင့် ငွေကြေးလိမ်လည်နေသည့် Facebook page တွင်တင်ထားသည်။ မြစိမ်းရောင်အမည်သုံးပြီး ငွေကြေးလိမ်လည်နေသူများအကြောင်း The Red Flag ကအချက်အလက် စိစစ်ထားသည့် “ Facebook ပေါ်က ပိုက်ဆံချေးမည်ဆိုသည့် အလိမ်အညာများ” နှင့် Fact Crescendo Myanmar က အချက်အလက် စိစစ်ထားသည့် “ ငွေချေးလုပ်ငန်းအယောင်ဆောင်စာမျက်နှာအတု” တို့တွင် ဖတ်ရှုနိုင်သည်။
ကာစီကွန် ဘဏ် အပြင် ထိုင်းနိုင်ငံမှ ဘန်ကောက်ဘဏ်၊ SCBဘဏ် တို့၏ အမည်ကိုအသုံးပြုပြီး လိမ်လည်ရန် ကြိုးစားသည့် ဘဏ်အယောင်ဆောင် Facebook page များလည်းရှိနေသည်။
ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ ချေးငွေရယူရန်မှာ လွယ်ကူသည့် လုပ်ငန်းစဉ်မဟုတ်ပါ။ အနည်းဆုံး ထိုင်းနိုင်ငံတွင် တစ်နှစ်အလုပ်လုပ်ခွင့်ပါမစ် ဒါမှမဟုတ် ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့် ပါမစ်ရဖို့ လိုအပ်ပြီး ဝင်ငွေ တည်ငြိမ်သည့် အလုပ်၊ အလုပ်ရှင်၏ ကုမ္ပဏီ စာရွက်စာတန်းများ စသည့ အချက်အလက် အများအပြား တောင်းခံပြီး ဘဏ်တစ်ခုနှင့် တစ်ခုလည်း ချေးငွေ လုပ်ငန်းလုပ်ဆောင်ချက်များ အလုံးစုံတူညီနေသည်လည်း မဟုတ်ဘဲ ကိုယ်ပိုင် ပေါ်လစီများ ရှိကြသည်။

မြန်မာမှသည် ထိုင်းဆီသို့
ဘဏ်အယောင်ဆောင်ကာ ချေးငွေထုတ်ပေးကြောင်း လိမ်လည်မှုများသည် မြန်မာနိုင်ငံတွင် ခေတ်စားနေသည့် လိမ်လည်နည်းမျိုးဖြစ်သည်။
မြန်မာဘဏ်အများအပြား၏ အမည်၊ အမှတ်တံဆိပ်နှင့် ဓာတ်ပုံများ အသုံးပြုပြီး Facebook page များဖွင့်ကာ လိမ်လည်နေကြောင်း မြန်မာဘဏ်အများအပြားက သတင်းထုတ်ပြန်ထားသည်။ Global Treasure Bank(GTB Bank) နာမည်အား အလွဲသုံးစားပြုပြီး Facebook လူမှုကွန်ရက်များပေါ်တွင် နာမည်အတုမျိုးစုံဖြင့် လိမ်လည်နေကြောင်း ဘဏ်၏ ထုတ်ပြန်ချက်ကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။
Red Flag သုံးသပ်ချက်
False – ထိုင်းနိုင်ငံရှိ ဘဏ်များ အမည်ဖြင့် Facebook ပေါ်တွင် Page အများအပြားဖွင့်ပြီး ငွေကြေးလိမ်လည်နေခြင်းဖြစ်သည်။