By – The Red Flag
လူသိများသည့် သတင်းဌာနကြီးနှစ်ခုဖြစ်သည့် ဘီဘီစီ(မြန်မာပိုင်း) နှင့် မဇ္စျိမ သတင်းဌာန အယောင်ဆောင်ထားသည့် Page / Group များ Facebook ပေါ်တွင် ရှိနေပြီး သတင်းမှားနှင့် သည်းခြေကြိုက် အပျော်ဖတ်သတင်းများကို ရေးသားဖြန့်ချိနေသည်။အဆိုပါ သတင်းဌာနအတုများသည် တက်ဘလွိုက် ခေါ် ပြူးတူးပြဲတဲ ခေါင်းစဉ်ထပ်ထားသည့် လူမှုရေးသတင်းများအစ၊ ချေးစုငွေချေးအမည်ခံ ငွေကြေးလိမ်လည်သည့် သတင်းများအလယ် နိုင်ငံရေး၊ လူမျိုးရေး သတင်းများအဆုံး လူအများစိတ်ဝင်စားမည့် အကြောင်းအရာများကို ရေးသားဖြန့်ချိလျှက်ရှိသည်။
BBC မဟုတ်သော BBC များ
ဗြိတိသျှ ရုပ်သံထုတ်လွှင့်ရေး ကော်ပိုရေးရှင်း − BBC ၏မြန်မာပိုင်း အစီအစဉ်သည် သြဇာကြီးမားသည့် သတင်းဌာနတစ်ခုဖြစ်ပြီး Facebook ပေါ်တွင် Follower ၂၃ သန်းကျော် ရရှိထားသည်။ အာဏာသိမ်းပြီးနောက် BBC ၏ အမည်ကို အသုံးပြုထားသည့် Facebook Page နှင့် Group လေးခုထက်နည်း ထွက်ရှိလာသည်။
ဘီဘီစီသတင်းဌာနအတုများ
- BBC Burmese News ( Public Group – 12.4K members)
- BBC Burmese (Public group · 75.7K members)
- BBC Myanmar ( Page – Followers 2,043)
- ဘီဘီစီ ( Page – Followers 5,954)

မဇ္စျိမ မဟုတ်သော မဇ္စျိမ များ
သက်တမ်း ၂၄ နှစ်ရှိပြီဖြစ်ပြီး Facebook ပေါ်တွင် Follower ၁၈ သန်းနီးပါး ရရှိထားသည် မဇ္စျိမ သတင်းဌာန၏အမှတ်တံဆိပ်နှင့် အမည်ကို အလွဲသုံးစားပြုလုပ်ထားသည့် Page နှင့် Group များ Facebook ပေါ်တွင် ရှိနေသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက မဇ္စျိမ သတင်းဌာနကို ထုတ်ဝေခွင့် ပိတ်သိမ်းပြီး ဝန်ထမ်းအချို့အားလည်း ဖမ်းဆီးခဲ့သည်။ သို့သော်လည်း Facebook ပေါ်တွင်မူ အာဏာသိမ်းပြီးနောက်မှ မဇ္စျိမ အမည်ဖြင့် သတင်းဌာနအတု အများအပြားထွက်ပေါ်လာသည်။
မဇ္စျိမသတင်းဌာနအတုများ
- Mizzima သတင်းစုံ ( Page – Followers 2,093)
- Mizzima သတင်းစုံ ( Page – Followers 100,995)
- Mizzima-သတင်းစုံ (Public group · 96.5K members)
- Mizzima TV သတင်းစုံ (Public group · 27.3K members)
- Mizzima သတင်းစုံး (2) (Public group · 17.9K members)
- Mizzima News Community 🇲🇲 (Public group · 29.1K members)
- mizzima သတင်းစုံ (Public group · 63.1K members)
- Mizzima သတင်းစုံ (Public group · 27.8K members)

အတုနဲ့အစစ် ဘယ်လိုခွဲမလဲ
သတင်းမီဒီယာများမှ သတင်းများကို ဖတ်ရှုရာတွင် သတင်းဌာနအစစ်အမှန် ဟုတ်၊ မဟုတ်ကို Facebook မှ ထုတ်ပေးထားသည့် Blue Mark အမှတ်အသား ပါ မပါ ဖြင့် စစ်ဆေးနိုင်ပါသည်။ ဘီဘီစီ(မြန်မာပိုင်း) နှင့် မဇ္စျိမ သတင်းဌာန အစစ်များသည် Facebook မှ ထုတ်ပေးထားသည့် Blue Mark အမှတ်အသား ပါဝင်သည်။
သတင်းဌာနများသည် Facebook တွင် Blue Mark အမှတ်အသား ပါသည့်Page များကိုသာ အသုံးပြုပြီး Group များအသုံးပြုလေ့မရှိကြပါ။ သတင်းဌာနအမည် အသုံးပြုထားသည့် Group များသည် အများအားဖြင့် အတုသာဖြစ်လေ့ရှိသည်။
Red Flag သုံးသပ်ချက်
Misleading – သတင်းဌာန အယောင်ဆောင် ပေ့ အတုများကြောင့် သတင်းမှားများ လူထုအကြား ပို၍ ပျံ့နှံ့နိုင်သည်။ စာဖတ်သူများအတွက်လည်း အစစ်အမှန်မဟုတ်သည့် သတင်းမှားများ၊ ဝါဒဖြန့်ချိမှုများ၊ ကိုယ်ကျိုးစီးပွားအတွက် အသုံးချခံရခြင်း ဖြစ်လာနိုင်သည်။ ထို့ကြောင့် သတင်းဌာနများကို Like လုပ်ခြင်း မျှဝေခြင်းများ မပြုလုပ်မီ Blue Mark ပါ မပါ သေချာ စစ်ဆေးရန် လိုအပ်သည်။