By – The Red Flag
နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းရဲတို့က ဖမ်းဆီးခဲ့သည့် မြန်မာအမျိုးသမီးနှစ်ဦး၏ သတင်းဓာတ်ပုံများကို အသုံးပြုပြီး အဆိုပါအမျိုးသမီးငယ်များသည် ရက္ခိုင့်တပ်တော်(AA) မှ တပ်သားများဖြစ်သယောင် သတင်းမှားဖြန့်ချိနေသည်။
အဖြစ်အပျက်များ၏ အစသည် ထိုင်းနိုင်ငံမြောက်ပိုင်း Tak ခရိုင်အတွင်း အောက်တိုဘာ ၁၉ ရက်က Pickup ကားနောက်ဘက်တွင် ပုန်းခိုပြီးလိုက်ပါခဲ့သည့် မြန်မာအမျိုးသမီးနှစ်ဦးအား ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်ခဲ့မှုဖြင့် ထိုင်းရဲတို့က ဖမ်းဆီးခဲ့သည်မှဖြစ်သည်။
ထောင်နှင့်ချီသော မြန်မာလုပ်သားများ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်ခဲ့မှုဖြင့် ဖမ်းဆီးခံနေရသော်လည်း အဆိုပါအမျိုးသမီးငယ်နှစ်ဦး၏ သတင်းမှာ ထိုင်းနှင့်မြန်မာ သတင်းဌာနများအကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့သည်။
အကြောင်းမှာ အမျိုးသမီးငယ်နှစ်ဦးသည် Pickup ကားနောက်ဘက်တွင် အထူးတည်ဆောက်ထားသော လျှို့ဝှက်ခန်းအတွင်း ပုန်းခိုပြီး လဲလှောင်းလျှက်အနေအထားဖြင့် လိုက်ပါလာခဲ့ခြင်းကြောင့်ဖြစ်သည်။ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရုပ်သံဖိုင်များတွင် Pickup ကား၏ နောက်ခန်းမှ အောက်ခင်းများကို ထိုင်းရဲများက ဖယ်ရှားရှာဖွေချိန်မှ အဆိုပါအမျိုးသမီးနှစ်ဦးအား တွေ့ရှိခြင်းဖြစ်သည်။
မြန်မာမှာဖြန့်တဲ့သတင်းမှား
အဆိုပါအမျိုးသမီးငယ်နှစ်ဦး ဖမ်းဆီးခံရသည့် သတင်းဓာတ်ပုံများက မြန်မာနိုင်ငံဘက်တွင်မူ တခြားသော အခြေအနေများဖြင့် ချိတ်ဆက်ဝါဒဖြန့်ခံနေရသည်။
သတင်းမှားဖြန့်သူတို့က –
“ AA အကြမ်းဖက်အဖွဲ့အတွင်း လိင်ပိုင်းဆိုင်ရာ မတရား ပြုကျင့် ခံရသူများ ပြားလာသဖြင့် ထိုင်းနိုင်ငံ သို့ ထွက်ပြေး လာသူ AA အဖွဲ့ အောက်ခြေ အမျိုးသမီး နှစ်ယောက် ဖမ်းဆီး ခံရ ပါတယ်။ အဆိုပါ အမျိုးသမီးနှစ်ဦး မှာ မြောက်ဦးမြို့နယ် အတွင်း တိမ်ညိုကျးရွာမှဖြစ်ပြီး AA အဖွဲ့မှလွတ်မြောက်ရန် မိဘ များ ငွေတိုး အဆမတန်ပေး ချေးယူကာ ထွက်ပြေး ခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ် “
ဟူသည့် စာသားများနှင့် အောက်ပါ Facebook နှင့် Telegram အကောင့်များတွင် အများအပြားဖြန့်ချိနေသည်။
- ခိုင်သုခ ယောက်ဖ
- အခင်ကြီး ရခိုင်သား
- အမှန်တရားရဲ့ ဘက်တော်သား
- Khing Sunshine
- Ko Yay Jyi
- စစ်မင်း
- DODOR WADDY MEDIA

ထိုင်းသတင်းများ၏တင်ဆက်မှု
ထိုင်းအခြေစိုက် သတင်းဌာနတို့က အဆိုပါသတင်းကို ထူးခြားသည့်အခြေအနေအဖြစ် အများအပြားရေးသားကြသော်လည်း ရက္ခိုင့်တပ်တော်(AA) နှင့် ဖမ်းဆီးခံအမျိုးသမီးများ ဆက်စပ်မှုရှိကြောင်း ဖော်ပြထားခြင်းတော့မရှိခဲ့ပါ။ ထိုင်းရဲတို့သည် သတင်းပေးတစ်ယောက်ထံမှ ရရှိသည့် အချက်အလက်ကြောင့် ကားကိုတားဆီးစစ်ဆေးခဲ့ခြင်းဟု The Thaiger တွင်ရေးသားထားသည်။
Red Flag သုံးသပ်ချက်
Misleading – အထောက်အထားမဲ့ မြန်မာအမျိုးသမီးနှစ်ဦး ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရသည့် သတင်းမှာ မှန်သော်လည်း မဟုတ်မှန်သည့် စာသားများရေးသားကာ လိုသလို ပုံဖော်ကာ လုပ်ကြံဖန်တီးရေးသားဖြန့်ဝေမှုဖြစ်သည်။