By – The Red Flag
ထိုင်းနိုင်ငံတောင်ပိုင်းတွင် ၂၀၂၂ စက်တင်ဘာ ၂၀ ညပိုင်းက လမ်းဘေးဗုံးပေါက်ကွဲပြီး ထိုင်းရဲတစ်ဦး သေ၊ ရဲသုံးဦးဒဏ်ရာရခဲ့သည်။
အဆိုပါပေါက်ကွဲမှုနှင့် ကရင်အမျိုးသားအစည်းအရုံး KNU ပတ်သက်မှုရှိသယောင် ချဲ့ထွင်ရေးသားနေပြီး လွန်ခဲ့သည့် သုံးနှစ်က ဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံတွင်း ဗုံးပေါက်ကွဲခဲ့သည့် ဓာတ်ပုံဟောင်းတစ်ခုနှင့်အတူ သတင်းမှားများ ဖြန့်ချိနေသည်။
သတင်းမှားဖြန့်ချိသူများက
“ ထိုင်းမှာ လမ်းဘေးဗုံးပေါက်ကွဲသဖြင့်
ရဲအရာရှိတစ်ဦးသေဆုံး …
.KNU နဲ့ ဆက်နွယ်နေသည့်
ဒုက္ခသည်စခန်းများအား မထားရန်
ထိုင်းပြည်သူများတောင်းဆိုထားပြီး
အဆိုပါစခန်းများအား ထိုင်းစစ်တပ်က
ဝင်ရောက်စစ်ဆေးမှုများ စတင်ပြီ။။။”
ဟု ရေးသားကြသည်။အဆိုပါ ဓာတ်ပုံကို အသုံးပြု၍ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့တွင် အောက်ပါ Facebook Account နှင့် Telegram အကောင့်များတွင် ရေးသားထားကြသည်။
သတင်းစိစစ်ချက်
ထိုင်းနိုင်ငံတောင်ပိုင်းတွင် ၂၀၂၂ စက်တင်ဘာ ၂၀ ညပိုင်းက လမ်းဘေးဗုံးပေါက်ကွဲပြီး ထိုင်းရဲတစ်ဦး သေ၊ ရဲသုံးဦးဒဏ်ရာရခဲ့သည့်အကြောင်း Al Jazeera နှင့် Mizzima သတင်းဌာနများတွင် ဖတ်ရှုနိုင်သည်။
သို့သော် ယင်းပေါက်ကွဲမှုသည် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ပတ်သက်ဆက်နွယ်ကြောင်း မည်သည့်သတင်းထုတ်ပြန်မှုမှ မရှိပါ။
ထို့အပြင် ကရင်အမျိုးသားအစည်းအရုံး KNU သည်ထိုင်းနိုင်ငံအနောက်ပိုင်း ထိုင်း−မြန်မာ နယ်စပ်နှင့် မြန်မာနိုင်ငံတောင်ပိုင်း ဒေသအချို့တွင် အခြေစိုက်စခန်းများရှိသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။ သတင်းမှားက ရည်ညွှန်းသည့် ထိုင်းနိုင်ငံတွင်း ဗုံးပေါက်ကွဲသည့်နေရာသည် ထိုင်းနိုင်ငံ တောင်ပိုင်းမှ Mai Kaen မြို့တွင်ဖြစ်ပြီး KNU စခန်းများနှင့် မိုင်ရာချီ ဝေးကွာသည်။
သတင်းမှားတွင် အသုံးပြုထားသည့် ဓာတ်ပုံကလည်း လွန်ခဲ့သည့် သုံးနှစ် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံတောင်ပိုင်း Yala ခရိုင်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုမှ ဓာတ်ပုံဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း လူ ၁၅ ဦးထက်မနည်း မနည်းသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့သည်။တိုက်ခိုက်မှုဖြစ်ရာနေရာကို တပ်ဖွဲ့ဝင်များက သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့သည့် ဓာတ်ပုံဖြစ်ပြီး သတင်းဓာတ်ပုံကို AFP က ရိုက်ကူးခဲ့ပြီး The Guardian နှင့် Aljazeera တို့တွင် သတင်းဓာတ်ပုံများအဖြစ် အသုံးပြုခဲ့သည်။

Red Flag သုံးသပ်ချက်
False – ထိုင်းတောင်ပိုင်းတွင် ၂၀၂၂ စက်တင်ဘာတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကို ကရင်အမျိုးသားအစည်းအရုံး KNU နှင့်ပတ်သက်မှုရှိသယောင် ချဲ့ထွင်ရေးသားနေပြီး ၂၀၁၉ တုန်းကရိုက်ကူးထားသည့် သတင်းဓာတ်ပုံနှင့်အတူ လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေမှုဖြစ်သည်။