By – The Red Flag
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထွက်ရှိခဲ့သည့် iPhone 14 ကို ဝယ်ယူရန်အတွက် ကျောက်ကပ်တစ်ခြမ်း ထုတ်ရောင်းခဲ့သည်ဟု Facebook တွင် ဖြန့်ချိနေသည့်သတင်းမှာ အမှန်မဟုတ်ဘဲ လာအိုနိုင်ငံမှ အလှအပရေးရာ ဆေးခန်းတစ်ခုက ဟာသနှောထားခြင်းသာဖြစ်သည်။
အဆိုပါဓာတ်ပုံသည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ Dr. Nith Beauty Center အမည်ရှိ အလှအပရေးရာ ဆေးခန်းက ၂၀၂၂ စက်တင်ဘာ ၈ ရက်က ရေးသားထားခြင်းဖြစ်သည်။ အဆိုပါ Facebook Post ကို သုံးကြိမ်ထက်မနည်း ပြန်လည်တည်းဖြတ်ပြင်ဆင် ( Edit လုပ်) ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်တွင်တော့ “ အပျော်သဘော” ရေးသားခြင်း ဖြစ်ကြောင်း ထပ်မံဖြည့်သွင်းခဲ့သည်။
လာအိုမှသည် မြန်မာနှင့် ထိုင်းဆီသို့
Dr. Nith Beauty Center ၏ ကျောက်ကပ်နှင့် iPhone 14 လဲသည့် Facebook Post တင်ပြီး ရက်အနည်းငယ်ကြာပြီး နောက် အိမ်နီးခြင်းနိုင်ငံများဖြစ်သည့် မြန်မာနှင့်ထိုင်း လူမှုကွန်ရက်များတွင် အဆိုပါအကြောင်းအရာသည် လူပြောများလာခဲ့သည်။
စက်တင်ဘာ ၁၁ ရက်နေ့တွင် မြန်မာဘာသာစကားဖြင့် Ayarwaddy Channel ဆိုသည့် Facebook စာမျက်နှာတွင် “ ကျောက်ကပ်တစ်ခြမ်းရောင်းပြီး Iphone ဝယ်” ခေါင်းစဉ်ဖြန့်ချိထားပြီး ထပ်ဆင့် Share ထားသူများ များပြားနေခြင်းဖြစ်သည်။ထိုင်းနိုင်ငံရှိ လူမှုကွန်ရက်များတွင်လည်း ထပ်ဆင့် ဖြန့်ဝေသူများ များပြားခဲ့ပြီး ထိုင်းနိုင်ငံရှိ ကြက်ခြေနီ အသင်းမှလည်း အဆိုပါ ဓာတ်ပုံနှင့် အတူ ကျောက်ကပ်ရောင်း၍ iPhone ဝယ်မည့် ကိစ္စမှာ တရားမဝင်သလို လူထုကို နားလည်မှုလွဲသွားစေနိုင်ကြောင်း သတိပေးဆောင်းပါးပါ ထွက်ရှိခဲ့သည်။

Red Flag သုံးသပ်ချက်
Misleading – ဟာသအနေနှင့် စနောက်သည့် ဓာတ်ပုံနှင့်အတူ စတင် ဖြန့်ဝေမှုကို အမှန်တကယ် ကျောက်ကပ်တစ်ခြမ်းရောင်းချ၍ iPhone ဝယ်ယူသည်ဟု ဖြန့်ဝေနေခြင်းဖြစ်သည်။ အဆိုပါ သတင်းမျိုးတွေ့ပါက မှန်၊မမှန် သေချာစိစစ်၍ မျှဝေခြင်းမပြုဘဲ သတင်းမှားအတွက် Facebook သို့ Report လုပ်ရန် လိုအပ်သည်။