By – The Red Flag
စစ်ရေးနှင့် နိုင်ငံရေး တင်းမာမှုများ မြင့်တက်လာချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမည်ကို အသုံးပြုထားသည့် ကြေညာချက်အတုများ ပျံ့နှံ့လျှက်ရှိသည်။
အဆိုပါ ကြေညာချက်အတုများသည် စစ်ကောင်စီကို ထောက်ခံအားပေးသည့် Telegram နှင့် Facebook ချန်နယ်များမှတဆင့် ပျံ့နှံ့လာခြင်းဖြစ်သည်။ ၂၀၂၂ ဇွန်လ (၂၉) မှ ဇူလိုင် (၃၀) အထိ တစ်လခန့် အတွင်း NUG အမည်ကို အသုံးပြုထားသည့် ကြေညာချက်အတု လေးခုထက်မနည်း ပျံ့နှံ့ခဲ့သည်။

ဥကရစ်ထနှင့် ကြေညာချက်အတုများ
၂၀၂၂ ဇွန်လနှောင်းပိုင်းတွင် ကရင်ပြည်နယ် မြန်မာ-ထိုင်း နယ်စပ်မျဉ်းရှိ စစ်ကောင်စီတပ်စခန်း ဥကရစ်ထ ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့တပ်အချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်တပ်များအကြား ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
Kyaw Swar အမည်ဖြင့် Telegram အကောင့်မှ ၂၀၂၂ ဇွန်လ ၂၉ ရက် နေ့စွဲဲဖြင့် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အမည်ကို အသုံးပြုပြီး ထုတ်ပြန်ချက်အတုကို အွန်လိုင်းပေါ် တင်ခဲ့သည်။ ယင်းထုတ်ပြန်ချက်အတုတွင် ဥကရစ်ထစခန်း တိုက်ပွဲတွင် ကျဆုံးသွားသည့် PDF ရဲဘော်များအား တစ်ဦးလျှင် ၃၀၀၀၀ ကျပ် ထောက်ပံသည်ဟု လုပ်ကြံဖန်တီးရေးသားသည်။
အဆိုပါထုတ်ပြန်ချက် အတုကို မှတ်တမ်းတင်ထားသည်ကိုကြည့်ရှုရန် ( https://archive.is/GFDbw )
ဥကရိထစခန်းတိုက်ပွဲနှင့် ပတ်သက်၍ NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ်တံဆိပ်ကိုအသုံးပြုကာ Facebook Page က ဇွန်လ ၃၀ ရက်စွဲဖြင့် NUG ထုတ်ပြန်ချက်အတုကို ထပ်မံဖြန့်ချိခဲ့သည်။ ထုတ်ပြန်ချက်အတုတွင် ဥကရိထစခန်းအား မသိမ်းပိုက်နိုင်ခြင်းကြောင့် KNU/PDF အဖွဲ့များကို အားမရကြောင်း၊ ကျဆုံးသွားသော ရဲဘော်များအတွက် ဝန်ကြီးဌာနမှ ထောက်ပံ့မှုပြုလုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုက်ပွဲကာလအတွင်း ကျဆုံး PDF ၁၁၅ ဦးနှင့် ဒဏ်ရာရသူ ၂၇၄ဦးအတွက် တစ်အိမ်ထောင်လျင် နှစ်သောင်းကျပ် ထောက်ပံ့မည်ဖြစ်၍ နီးစပ်ရာ NUGရုံးများတွင် ထုတ်ယူနိုင်ကြောင်း ထည့်သွင်းဖော်ပြထားပါသည်။
အဆိုပါထုတ်ပြန်ချက် အတုကို မှတ်တမ်းတင်ထားသည်ကိုကြည့်ရှုရန် ( https://archive.is/MS8GS )
ယင်းထုတ်ပြန်ချက်များက အတုအယောင်များဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက Mizzima သတင်းဌာနကို ပြောကြားထားသည်ကိုကြည့်ရှုရန် https://archive.is/hgNOC
သေဒဏ်နှင့် ကြေညာချက်အတုများ
ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ကို စစ်ကောင်စီက သေဒဏ်ပေးသတ်ဖြတ်ခဲ့ပြီးနောက်တွင်လည်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အမည်ကို အသုံးပြုပြီး Kyaw Swar အမည်ဖြင့် Telegram အကောင့်မှ ထုတ်ပြန်ချက်အတုများ ဆက်လက်ဖြန့်ဝေခဲ့ပြန်သည်။ သတ်ဖြတ်ခဲ့မှုအတွက် အကြမ်းဖက်စစ်ကောင်စီ၏ မိသားစုဝင်များ၊ တပ်ထောက်ခံသူများ၏ မိသားစုဝင်များ၊ တပ်စာသင်ကျောင်းများကို လက်တုံ့ပြန်ပြီး နည်းပေါင်းစုံဖြင့်တိုက်ခိုက်ရန်ဟု အဆိုပါထုတ်ပြန်ချက်အတုတွင် ရေးသားသည်။ အဆိုပါထုတ်ပြန်ချက် အတုကို မှတ်တမ်းတင်ထားသည်ကိုကြည့်ရှုရန် https://archive.is/0GVX3
ထို့အပြင် “ရွှေဘ” အမည်ရ Telegram အကောင့်ကလည်း ၂၀၂၂ ဇူလိုင် ၂၉ နေ့စွဲဖြင့် ထုတ်ပြန်ချက် အတုတစ်ခု ထပ်မံဖြန့်ဝေပြန်သည်။ ယင်းထုတ်ပြန်ချက်အတုတွင် NUG အစိုးရကို မထောက်ခံသူအား ဒလန်အဖြစ်သတ်မှတ်ပြီး ရှင်းလင်းရန် အပါအဝင် အချက်အလက်အတုများကို NUG ထုတ်ပြန်ချက်ပုံစံတုပ ရေးသားထားသည်။ အဆိုပါထုတ်ပြန်ချက် အတုကို မှတ်တမ်းတင်ထားသည်ကိုကြည့်ရှုရန် https://archive.is/UHVu9
အချက်အလက် စစ်ဆေးချက်

အထက်ပါ ကြေညာချက်အတုများသည် စစ်ကောင်စီ ထောက်ခံသူများထံမှ တစ်ဆင့် ပျံ့နှံ့လာခြင်းဖြစ်သည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင် Facebook နှင့် အင်တာနက်စာမျက်နှာတွင် တင်ထားခြင်း မရှိပေ။
ထို့ပြင် NUG ကာကွယ်ရေးဝန်ကြီးဌာနသည် ထုတ်ပြန်ချက်များတွင် စစ်ရေးသတင်းအကျဉ်းချုပ်မှလွှဲ၍ ကျန်သတင်းထုတ်ပြန်ချက်များတွင် ဌာနတံဆိပ်တုံးကို ဘယ်ဘက်အပေါ်ထောင့်တွင် အသုံးပြုလေ့ရှိသည်။ စစ်ရေးသတင်းထုတ်ပြန်ချုပ်များတွင်လည်း အလယ်တွင် Logo ရှိသော်လည်း အပေါ်ဘက်ထောင့်တွင် ကြယ်တစ်လုံးနှင့် အပေါ်ညာဘက်ထောင့်တွင် နေ့စွဲပါရှိသည်။
ထို့ကြောင့် လူမှုကွန်ရက်ပေါ်တွင် NUG ထုတ်ပြန်ချက်ဟူ၍ ကြေညာချက်များထွက်ပေါ်လာပါက Bluemark ရထားသည့် NUG ၏ တရားဝင် Facebook စာမျက်နှာများပေါ်တွင် ကြေညာထားခြင်း ရှိ မရှိ ထုတ်ပြန်ချက်ပါ ရက်စွဲဖြင့် ဝင်ရောက် စစ်ဆေးကြည့်နိုင်သည်။
Ref Flag သုံးသပ်ချက်
False – စစ်ကောင်စီ ထောက်ခံသူများဘက်မှ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ဟူ၍ လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေများပေါ်တွင် မူတည်၍ ကြေညာချက်အတုများ ထင်ယောင် ထင်မှားဖြစ်စေရန် ဖြန့်ဝေနေခြင်းဖြစ်သည်။