စွယ်တော်ရွက်ကြိုသောက်လို့ ကျောက်ကပ်ဝေဒနာ ယူပစ်သလိုပျောက်တယ်ဆိုတဲ့ သတင်းမှား

By-The Red Flag

ကျောက်ကပ်ဝေဒနာဆိုးရွားလွန်း၍ မေ့လျော့သည့် အထိ ၊ ဆရာဝန်များ လက်လျှော့သည် အထိ ဖြစ်လာပါက စွယ်တော်ရွက်ကို သုံးခွက်တစ်ခွက် ကြိုသောက်ပါက ပျောက်မည်ဟူသည့် ဗီဒီယိုဖိုင်ကို Facebook တွင် ဖြန့်ဝေနေကြသည်။

သိပ္ပံနည်းကျ လက်တွေ့စမ်းသပ်ချက်များ၊ သက်သေအထောက်အထား ကိုးကားချက်များ မပါဘဲ ကျောက်ကပ်ဝေဒနာဆိုးရွားလွန်းလို့ မေ့မျောနေသူ၊ ဆရာဝန်တွေက လက်လျှော့ပြီး အိမ်ပြန်လွှတ်သူများ စွယ်တော်ရွက် သုံးခွက် တစ်ခွက် ကြိုသောက်ပါက ပျောက်ကင်းကြောင်း ပြောထားသည့် ဗီဒီယိုဖိုင်များကို ဒီနေရာနှင့် ဒီနေရာတို့တွင် တွေ့နိုင်ပါသည်။

ထို့ပြင်  BIX ဆိုသည့် Youtube စာမျက်နှာတွင်လည်း “ကျောက်ကပ်ဝေဒနာတွေအတွက် အစွမ်းထက်တဲ့ စွယ်တော်ရွက်” ဟူသည့်ခေါင်းစဉ်နှင့် စွယ်တော်ရွက်ကြောင့် ကျောက်ကပ်လုံးဝ ပျောက်ကင်းသွားခဲ့သည့်အကြောင်း ပြောပြနေသည့် ဗီဒီယိုဖိုင်ကို တင်ထားတာပါ။

၂၀၂၀ ကတည်းက Youtube မှာ တင်ထားခြင်းဖြစ်သည်။

Facebook မှာ စက်တင်ဘာ ၈ ရက်နေ့တွင်မှ စတင်ဖြန့်ဝေထားခြင်းဖြစ်ပြီး  Youtube ဗီဒီယိုဖိုင်မှ ပြောကြားချက်များနှင့် ပုံစံတူပြီး အကြောင်းအရာတူကို ပုံစံပြောင်း ပြောထားခြင်းဖြစ်သည်။

ထို့ပြင် အဆိုပါ ဗီဒီယိုဖိုင် နှစ်ခုတွင် ကွာခြားချက်မှ Youtube ဗီဒီယိုတွင် စွယ်တော်ရွက်တွင် အပွင့် ခရမ်းရောင်က ပို၍ အကျိုးများသည်ဟု ပြောကြားထားသော်လည်း Facebook တွင် ဖြန့်ဝေနေသည်က အပွင့်အဖြူရောင်က ပိုအကျိုးများသည်ဟု Comment တွင် ဖြေဆိုထားသည်ကို တွေ့ရသည်။

အရွက်ပြုတ်ရည်များက ကျောက်ကပ်ကုသဖို့ နည်းလမ်းကောင်းမဟုတ်ပါ

ဆရာဝန်များကတော့ ကျောက်ကပ်ဝေဒနာ ခံစားနေရသူများအား ဆေးမြီးတိုများကို မသုံးဘဲ စနစ်တကျ ဆေးဝါးကုသမှုကို ခံယူရန် မကြာခဏ တိုက်တွန်းနေကြသည်။

ဆေးပညာကျွမ်းကျင်သူများ၏ အကြံပြုချက်မဟုတ်ဘဲ ကြားဖူးနားဝဖြင့် အရွက်ပြုတ်ရည်များ တိုက်ခြင်းက အသည်းကိုထိခိုက်သည်အထိ နောက်ဆက်တွဲ ဆိုးကျိုးများ ခံစားရနိုင်ကြောင်း  ဒေါက်တာနှင်းနုအေး ရေးသားသည့် “ ဟိုအရွက် သည်အရွက် ပြုတ်သောက်ကြတဲ့အခါ ”   ဆောင်းပါးတွင် ဖော်ပြထားသည်။ 

စွယ်တော်ရွက်ကဲ့သို့ပင် သံမနိုင်ကျောက်မနိုင်သည်လည်း ကျောက်ကပ်ရောဂါအတွက် ဆေးကောင်းဖြစ်ကြောင်း ဖြန့်ဝေမှုများ ရှိနေသည်။ ကျွမ်းကျင်သည့် ဆေးပညာရှင်များကတော့ သံမနိုင်ကျောက်မနိုင်သည်လည်း ကျောက်ကပ်လူနာများ သတိထားရမည့် အရာဖြစ်ကြောင်း သတိပေးထားသည်။

“ သံမနိုင်ကျောက်မနိုင် ကတော့ တော်တော်လေး မြန်မာအယူအဆမှာတော့ သုံးကြတယ် ပေါ့နော်။ သူကတော့ ကျောက်ကိုလည်း ထိုက်သင့်သလောက် ပျော်တယ်လို့ ဆိုတယ်ပေါ့လေ၊ တစ်ချို့ အဲ့ဒီနောက်ပိုင်းမှာ ဒါကို ဆေးပြားအနေနဲ့လုပ်ပြီးတော့ ဖော်တာတွေလည်း ကျွန်တော်တွေ့ဖူး ပါတယ်။ သူကတော့ တိုင်းရင်းဆေးအနေနဲ့တော့ တော်တော်လေးသုံးကြတယ်ပေါ့နော်၊ တစ်ချို့လည်း ဒါနဲ့ ကောင်းသွားတယ်လိုု့ ကျွန်တော်တို့ တွေ့ဖူးပါတယ်။ တစ်ချို့လည်း မကောင်းတာလည်း တွေ့ရတယ် ပေါ့နော်။ တစ်ခုပဲ သတိထားရတာတော့ သံမနိုင်ကျောက်မနိုင်ရဲ့ ပြဿနာက သူက ကျောက်ကပ်ထဲမှာ သွားပြီးတော့ စုတာပေါ့နော်၊ အဲ့ဒီတော့ ကျောက်ကပ်ရောဂါ အခံရှိပြီးတော့ ကျောက်ကပ် မကောင်းတဲ့ လူနာတွေမှာတော့ နဲနဲသတိထားရတယ်ပေါ၊ရိုးရိုးကျောက်ပဲ တည်လာတယ် ဆိုရင်တော့ ပြဿနာမရှိဘူးပေါ့” ဟု ပါမောက္ခ ဒေါက်တာ ခင်မောင်မောင်သန်းက မဇ္ဈိမ သတင်းဌာနနှင့် ၂၀၁၉ အတွင်းက ဆွေးနွေးပွဲအတွင်း သတိပေးထားသည်ကို ဒီနေရာ တွင်ဖတ်နိုင်ပါသည်။

RedFlag သုံးသပ်ချက်

Flase – စွယ်တော်ရွက်သည် ကျောက်ကပ်ဝေဒနာကို ပျောက်ကင်းစေနိုင်ကြောင်း သိပ္ပံနည်းကျ လက်တွေ့ စမ်းသပ်ချက်များ ၊ တိကျသည့် သက်သေအထောက်အထားများ မရှိသေးပါ။