သတင်းဓာတ်ပုံများကို ဖြတ်ညှပ်ကပ်လုပ်ပြီး ပြန်လည်ဖြန့်ချိနေ

By – The Red Flag

စစ်ကိုင်းတိုင်းအတွင်းမှ ကျေးရွာများကို PDF များက မီးရှို့ဖျက်ဆီးနေကြောင်း Facebook နှင့် Telegram ပေါ် သတင်းဓာတ်ပုံများဖြင့် ရေးသားဖြန့်ချိနေသည်။

အဆိုပါအကြောင်းအရာတွင် အသုံးပြုထားသည့် သတင်းဓာတ်ပုံများသည် လွန်ခဲ့သည့် သတင်းပတ်အနည်းငယ်က စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှု၊ မီးရှို့မှုကြောင့် ထွက်ပြေးနေရသည့် ဒေသခံများ နှင့် မီးငြှိမ်းသတ်နေသည့် PDF များ၏ ဓာတ်ပုံများဖြစ်ကြောင်း သတင်းဌာနများတွင် ဖော်ပြထားသည်။


PDF များက မီးရှို့ဖျက်ဆီးနေသည့် ဓာတ်ပုံများဖြစ်ကြောင်း နိုဝင်ဘာ ၂၈ ရက်နေ့က စတင်ပြီး အောက်ပါ Facebook နှင့် Telegram အကောင့်များတွင် ဖြန့်ချိနေကြခြင်းဖြစ်သည်။

နေမဝင်ဘကောင်း

ရွှေ ခန့်

Sakura Flower

Mink Hant

Thaung Ngwe U

Sit Min

ရောင်စဥ် သက်တန့်

Koko

Mal Oo

ဆူး လှည်း

Pu TuTue Lay

Ko Kyaw

မြန်မာ့ သွေး

ဦးဝင်းနိုင်ဦး

Ba Nyunt

ဓာတ်ပုံများ၏ ဇာစ်မြစ်

ယင်းသတင်းဓာတ်ပုံများကို Google Image Search ဖြင့် တိုက်ဆိုင်စစ်ဆေးရာတွင် PDF များက မီးရှို့ဖျက်ဆီးနေသည့် ဓာတ်ပုံများ မဟုတ်ဘဲ စစ်ပြေးနေကြသူများ၏ ပုံများဖြစ်ကြောင်း သတင်းဌာနများက ရေးသားသည်ကို တွေ့ရှိရသည်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှ ရွာများကို စက်တင်ဘာ ၂၁ ရက်တွင် စစ်ကောင်စီမှ ဝင်ရောက်စီးနင်း၍ ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည့် ဓာတ်ပုံ ဟူ၍ နိုဝင်ဘာ ၂၃ ရက်နေ့တွင် RFA သတင်းဌာန၏ သတင်းတွင် အသုံးပြုထားပြီး Myanmar Now သတင်းဌာနကလည်း ခင်ဦးရှိ ပြည်သူများ မြန်မာစစ်တပ်တိုက်ခိုက်မှုကြောင့် ထောင်နှင့်ချီ အိုးအိမ်စွန့်ခွာထွက်ပြေး ဟူသည့် သတင်းတွင် အသုံးပြုထားသည်။

အဆိုပါ ဓာတ်ပုံတွင်လည်း 09/21/2022 ဟူ၍ ဓာတ်ပုံရိုက်ကူးသည့် နေ့ရက်ဟု ယူဆနိုင်သည့် ရက်စွဲလည်း ပါဝင်သည်။

ထို့ပြင် PDF များ ရွာမီးရှို့နေသည်ဟူသည့် စွပ်စွဲချက်ဖြင့် အသုံးပြုထားသည့် ဓာတ်ပုံမှာမူ အရာတော်မြို့နယ် နွားမသင်းအရှေ့ရွာကို စစ်ကောင်စီတပ်မှ နိုဝင်ဘာ ၂၅ ရက်နေ့တွင် မီးရှို့သွားသည့်အတွက် ပြည်သူများနှင့် PDF များ ပူးပေါင်း မီးငြှိမ်းသတ်ပေးနေသည့် ဓာတ်ပုံဖြစ်ကြောင်း အရာတော်ပို့စ် – Ayadaw Post သတင်းဌာန တွင် နိုဝင်ဘာ ၂၅ ရက်နေ့က တင်ထားသည်။

အဆိုပါ ဓာတ်ပုံကို “ ​​ ဓာတ်ပုံ – ယနေ့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ မီးရှို့ခြင်းခံခဲ့ရသော နွားမသင်းကျေးရွာမှ နေအိမ်များကို ဒေသခံပြည်သူ့ကာကွယ်ရေးရဲဘော်များမှ ပူးပေါင်း မီးငြိမ်းသတ်ပေးအပြီး မြင်ကွင်း နိုဝင်ဘာ ၂၅ ၊ ၂၀၂၂ ၊ အရာတော် ” ဟု ပုံစာရေးထိုးထားသည်။

ပြန်လည်တင်ကူး အသုံးပြုထားသည့် ပုံတွင်  Ayadaw Post အရာတော်ပို့စ် ဆိုသည့် Logo မပါဝင်အောင် ဖြတ်ထုတ်ထားသည်။

ဓာတ်ပုံများနှင့်အတူ PDF များ မီးရှို့နေသည်ဟူ၍ ဗီဒီယိုဖိုင် တစ်ခုကိုလည်း ပူးတွဲ ဖြန့်ချိနေသူများ ရှိပြီး အဆိုပါ ဗီဒီယိုဖိုင်မှာလည်း PDF များ မီးရှို့နေခြင်းမဟုတ်ဘဲ စစ်ကောင်စီမှ မီးရှို့သွားခြင်းကို မီးငြှိမ်းသတ်နေခြင်းသာ ဖြစ်ကြောင်း အချက်အလက် စစ်ဆေးသည့် အဖွဲ့တစ်ခုဖြစ်သည့် Fect Crecendo အဖွဲ့မှ နိုဝင်ဘာ ၂၉ ရက်နေ့တွင် စစ်ဆေးထားခဲ့ပြီးဖြစ်သည်။

Red Flag သုံးသပ်ချက်

Misleading – ဒေသဆိုင်ရာ သတင်းဌာနများ၏ ပုံများကို ဖြတ်ညှပ်ကပ်လုပ်ကာ အခြားအကြောင်းအရာဖြင့် ရောစပ်ပြီး ရေးသားခြင်းဖြစ်သည်။