By- The Red Flag
Meal Breeze အမည်ဖြင့် ဖွင့်လှစ်ထားသည့် Facebook စာမျက်နှာသည် လူအများစိတ်လှုပ်ရှားစေမည့် သတင်းခေါင်းစဉ်များဖြင့် သတင်းမှားရုပ်သံများကို ဆက်တိုက်ထုတ်လွှင့်နေသည်။
Facebook တွင် ပရိတ်သတ် ၅၅၀၀ ကျော်ရှိသည့် Meal Breeze သည် အောက်တိုဘာ ၉ ရက်က ရန်ကုန်မြို့ ရွှေတိဂုံစေတီတွင် ဗုံးပေါက်ကွဲခဲ့သည်ဟု လုပ်ကြံဖန်တီးထားသည့် ရုပ်သံသတင်းများကို လွှင့်တင်ခဲ့သည်။ ၂၀၂၂ အောက်တိုဘာ ၉ ရက်နေ့သည် သီတင်းကျွတ်လပြည့်နေ့ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်အများအပြား ရွှေတိဂုံအပါအဝင် စေတီပုထိုးများကို သွားရောက်ဖူးမျှော်ကြသည့် နေ့လည်းဖြစ်သည်။
အောက်တိုဘာ ၉ ရက်နေ့ နံနက်ပိုင်းတွင် Meal Breeze သည် “ လပြည်နေ့သေကုန်ပြီ။ မနက်ပဲရှိသေးရွှေတိဂုံစေတီဗုံးပေါက်လို့မသာပေါ်ကုန်ပြီ“ ဟု လုပ်ကြံရေးသားထားသည့် ခေါင်းစဉ်ဖြင့် လေးမိနစ်ခွဲနီးပါး ကြာမြင့်သည့် ရုပ်သံဖိုင်တစ်ခုကို Facebook ပေါ်တွင် လွှင့်တင်ခဲ့သည်။
သို့သော် နောက်ခံစကားပြောဖြင့် ဖြတ်ညှပ်ကပ်လုပ်ထားသည့် ရုပ်သံဖိုင်ထဲတွင် ဗုံးပေါက်သည့်အကြောင်း မပါဘဲ အခြားအကြောင်းအရာများသာ ထည့်သွင်းပြောကြားထားသည်။ နောက်ခံစကားပြောများမှာလည်း ဦးမင်းကိုနိုင်၏ Facebook စာမျက်နှာတွင် အောက်တိုဘာ ၈ ရက်နေ့က တင်ထားသည့် စာကို ဖတ်ပြနေခြင်းသာဖြစ်သည်။
အောက်တိုဘာ ၉ ရက်နေ့ နေ့လည်ပိုင်းတွင် Meal Breeze သည် “ရွှေတိဂုံ ဘုရား စစ်ခွေးတွေ ဗုံးကျဲနေပြီ” ဟူသည့် စာတန်း ရေးသားထားသည့် ဗီဒီယိုင်ဖိုင်ကို ထပ်မံလွှင့်တင်ပြန်သည်။

ယင်းရုပ်သံဖိုင်သည်လည်း ဗီဒီယိုတွင် နောက်ခံစကားပြောများမှာ Khit Thit Media နှင့် People’s Spring တို့တွင် အောက်တိုဘာလ ၉ ရက်နေ့က တင်ထားသည့် သတင်းများနှင့် ဆောင်းပါးများကို အသံဖြင့် ပြန်လည်ဖတ်ပြထားခြင်းသာဖြစ်ပြီး ဗုံးပေါက်ကွဲမှုအကြောင်း တစ်စုံတစ်ရာ မပါဝင်ပါ။ မူရင်းများကို ဒီနေရာ ၊ ဒီနေရာနှင့် ဒီနေရာ တို့တွင် ကြည့်နိုင်ပါသည်။
ရွှေတိဂုံစေတီတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း Meal Breeze ၏ ရေးသားချက်များသည် လုပ်ကြံရေးသားမှုများသာ ဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့ ဗုဒ္ဓဘာသာအများစု ဘုရားတက်ချိန်တွင် လူအများ စိတ်ဝင်စားမှုရရှိစေရန် လိမ်လည် တင်ထားခြင်းဖြစ်သည်။ ယင်းနေ့တွင် ရွှေတိဂုံစေတီတွင် မည်သည့်ပေါက်ကွဲမှုမှ မရှိခဲ့ပါ။
ပြူးတူးပြဲတဲခေါင်းစဉ်များနှင့် Meal Breeze
ရွှေတိဂုံဗုံးပေါက်သည်ဆိုသည့် သတင်းမှားကဲ့သို့ပင် လုပ်ကြံဖန်တီးထားသည့် သတင်းခေါင်းစဉ်များနှင့် ရုပ်သံများကို Meal Breeze က အစဉ်အမြဲလွှင့်တင်လေ့ရှိသည်။
- ” သီတဂူဆရာတော်သေပါပြီ။သူ့ကျောင်းမှာအိပ်နေတုန်းPDFတွေဇတ်ကားရိုက်သွားပြီ”
- “ နကစ အကြီးကဲ နှစ်ဦး သပိတ်မှောက်ကြပြီ”
- ” ထိပ်ပိုင်းလူကြီး ၆ ဉီးကိုမင်းအောင်လှိုင်ဖမ်းဆီး “
- “ သန်းဌေးနဲ့အဖွဲ့ဝင် ၃ဦး ဖမ်းဆီးခံရ ပါတီကနှတ်ထွက်လိူ့တဲ့”
အစရှိသည့် ပြူးတူးပြဲတဲခေါင်းစဉ်များတပ်ကာ မဆိုင်သည့်အကြောင်းအရာများကို Meal Breeze ကဆက်တိုက်ထုတ်လွှင့်နေသည်။

Red Flag သုံးသပ်ချက်
False – မဟုတ်မမှန် စာတန်းများ ထိုး၍ ဗီဒီယိုကို လူကြည့်များစေရန် ဖန်တီးထားခြင်းဖြစ်ပြီး ဗီဒီယိုတွင် သုံးထားသည့် သတင်းများမှာလည်း ၎င်းတို့၏ မူပိုင်မဟုတ်ဘဲ သတင်းဌာနများ၊ လူပုဂ္ဂိုလ်များ၏ ရေးသားချက်များကို သုံးစွဲထားခြင်းဖြစ်သည်။
စာဖတ်သူများကို လိမ်လည်နေခြင်းဖြစ်၍ Facebook သို့ Report ပြုလုပ်ရန် လိုအပ်သည်။