ဥန္နဲပင်နှင့်နဘဲပင်တို့က မြွေပွေးမြွေဟောက်အဆိပ်ကို နိုင်သည်ဆိုသည့် သတင်းမှား

By-The Red Flag

မြွေပွေးနှင့်မြွေဟောက် ကိုက်ခံရပါက ဥန္နဲပင်နှင့်နဘဲပင် တို့ဖြင့် ကုသပါက အသက်အန္တရာယ်မှ လွတ်ကင်းနိုင်သည်ဆိုသည့် သတင်းအချက်အလက်အမှားကို သတင်းဂျာနယ်၊ Facebook နှင့် Website အချို့တွင် ဖြန့်ဝေနေကြသည်။

သိပ္ပံနည်းကျ လက်တွေ့စမ်းသပ်ချက်များ၊ သက်သေအထောက်အထားများကို ကိုးကားထားခြင်း မရှိဘဲ  ဥန္နဲပင်နှင့်နဘဲပင်တို့က မြွေပွေးနှင့်မြွေဟောက်တို့၏ အဆိပ်များကို နိုင်နင်းကြောင်း လတ်တလောတွင် ရေးသားထားမှုများကို ဒီနေရာ နှင့် ဒီနေရာ တို့တွင် ဖတ်နိုင်ပါသည်။

“‌မြွေပွေး မြွေဟောက် ကိုက်ခံရပါက ကြောက်စရာမလို” ဟူသည့် ခေါင်းစဉ်နှင့် မြွေပွေးကိုက်ခံရလျှင် ဥန္နဲပင်ကို အုံပေးရုံ၊ မြွေဟောက်ကိုက်ခံရလျှင် နဘဲပင်ကို အုံပေးရုံနှင့် မြွေဆိပ်များ အနာဝမှာ တစ်ဆင့် အပြင်သို့ ပြန်ထွက်လာသည်မို့ လူနာသည် အသက်အန္တရာယ်မှ လွတ်ကင်းသည်ဟူ၍ ဖြန့်ဝေနေသည်။

၂၀၁၈ ခုနှစ်အတွင်းကလည်း အဆိုပါအရေးအသားသည်  ဒီနေရာနှင့် ဒီနေရာများတွင် ပျံ့နှံ့ခဲ့ဖူးပြီး လေးနှစ်ခန့်အကြာတွင် နောက်တစ်ကြိမ် ထပ်မံပျံ့နှံ့လာခြင်းဖြစ်သည်။

၂၀၂၀ အတွင်းကလည်း “မြွေပွေးကိုက်ခံရရင် ကျောက်ချဉ်ကြွေးရတယ်” ဆိုသည့် သတင်းမှား ပျံ့နှံ့ခဲ့ဖူးပြီး အဆိုပါအကြောင်းကို အချက်အလက်စစ်ဆေးပေးသည့် Fact Crescendo Myanmar ၏ သတင်းဆောင်းပါးကို ဒီနေရာတွင် ကြည့်ပါ။

မြွေပွေး၊မြွေဟောက် ကိုက်လျှင်သေနိုင်သည်

မြွေပွေးနှင့်မြွေဟောက် တို့သည် လူကိုသေစေနိုင်သည့် အဆိပ်ရှိသော မြွေများဖြစ်သည်။ မြန်မာနှင့်အိမ်နီးချင်း အိန္ဒိယတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း မြွေပွေး၊ မြွေဟောက် အပါအဝင် အဆိပ်ရှိမြွေကိုက်ခံရမှုကြောင့် ခန့်မှန်းခြေ လူပေါင်း ၁.၂ သန်း သေဆုံးခဲ့ရကြောင်း လေ့လာတွေ့ရှိချက်တစ်ခုကို ကိုးကားပြီး ၂၀၂၀ ဇူလိုင်လအတွင်းက BBC (Burmese) သတင်းဌာနမှာ ရေးသားပါတယ်။

မြန်မာနိုင်ငံတွင်တော့ လူ့အသက်အန္တရာယ်ကိုအများဆုံး ခြိမ်းခြောက်နိုင်သည်က မြွေပွေးကိုက်ခံရမှုကြောင့် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ရှိသည့် အဆိပ်ပြင်းမြွေ အရေအတွက်၏ ၉၀ ရာခိုင်နှုန်းမှာ မြွေပွေးများ ဖြစ်ကြောင်းပညာရှင်များကဆိုသည်။ 


၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း စာရင်းများအရ မြန်မာနိုင်ငံတွင် နှစ်စဉ်လူ၉၀ဝ၀ ခန့် မြွေကိုက်ခံရပြီး ၆၀၀ ခန့် သေဆုံးကြောင်းလည်း အစိုးရသတင်းဌာနများတွင် ၂၀၁၉ အတွင်းက ဒေါက်တာဝင်းအောင် (သုတေသီ) ရေးသားသည့် “ မြွေဆိပ်သင့်ခြင်းနှင့် ဆေးဖက်ဝင်အပင်များ၏ အခန်းကဏ္ဍ” ဆောင်းပါးတွင် ဖတ်ရှုနိုင်သည်။

ဆေးမြီးတိုတွေမသုံးပါနှင့်။ ဒါတွေလုပ်ပါ။

ဆေးပညာရှင်များနှင့် မြွေအကြောင်းကျွမ်းကျင်သူမျာကတော့ မြွေကိုက်ခံရသည်ဆိုပါက ဆေးမြီးတိုများနှင့်မကုဘဲ ရှေးဦးသူနာပြုစုနည်းများ၊ ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသခြင်းများသာ ပြုလုပ်ရန် အကြံပြုထားသည်။ ကျွမ်းကျင်သူများ၏ အကြံပြုချက်များကို အောက်တွင်ဖတ်ရှုနိုင်ပါသည်။

ရင်းမြစ် – ကျန်းမာရေးဝန်ကြီးဌာန (၂၀၁၆)
ဓာတ်ပုံ – myitsonmedia

ရင်းမြစ် – မြန်မာနိုင်ငံကြက်ခြေနီအသင်း

ဆေးမြီးတိုတွေက မြွေဆိပ်ကိုမနိုင်ပါ

ရှေးရိုးစွဲနည်းလမ်းများ၊ ဆေးမြီးတိုများက မြွေဆိပ်ကို သက်သာပျောက်ကင်းနိုင်သည် ဆိုသည်က အချက်အလက်အမှားဖြစ်ကြောင်း ဆေးပညာရှင်များကဆိုသည်။

မြွေပွေး၊မြွေဟောက် အပါအဝင် အဆိပ်ရှိမြွေများကိုက်ခံရတိုင်း အသက်သေဆုံးသည်မဟုတ်ဘဲ လူကိုသေစေနိုင်လောက်သည့် အဆိပ်ပမာဏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်မှသာ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရခြင်းဖြစ်ကြောင်းလည်း ဆေးပညာရှင်များကဆိုသည်။

Dry Bite  ဟုခေါ်သည့် ခန္ဓာကိုယ်တွင်းသို့ မြွေဆိပ်မဝင်သော မြွေကိုက်ခံရမှုများသည်  မြွေဆိပ်ဖြေဆေးထိုးနှံမှု ခံယူရန်မလိုအပ်သဖြင့် ဘာမျှမလုပ်ဘဲ စောင့်ကြည့်မှုပဲပြုပြု၊ ရေမန်းတိုက်၍ ပဲကုကု၊ ဆေးဖက်ဝင်အပင်များနှင့်ပဲကုကု၊ မြွေဆိပ်ဖြေ ဆေးမပေးဘဲကုသမှုပြုပြု၊ မြွေဆိပ်မတက်ဘဲ၊ ဘာမျှ ဆက်လက်မဖြစ်လာနိုင်ဘဲ အလိုအလျောက် ပြန်ကောင်း သွားပါမည်ဟု အစိုးရသတင်းဌာနများတွင် ၂၀၁၉ အတွင်းက ဒေါက်တာဝင်းအောင် (သုတေသီ) ရေးသားသည့် “ မြွေဆိပ်သင့်ခြင်းနှင့် ဆေးဖက်ဝင်အပင်များ၏ အခန်းကဏ္ဍ” ဆောင်းပါးတွင် ဖတ်ရှုနိုင်သည်။

“ သို့သော် မြွေဆိုးကိုက်၍ မြွေဆိပ်တက်သော လူနာများ တွင်မူ မှန်ကန်ထိရောက်သော မြွေဆိပ်ဖြေဆေး ကို အချိန်မီ သတ်မှတ်ပမာဏမရရှိပါက ရာနှုန်းပြည့်အသက်အန္တရာယ် ကြုံတွေ့ရနိုင်ပါသည်”  

ဒေါက်တာဝင်းအောင် (သုတေသီ) 
မှ – “ မြွေဆိပ်သင့်ခြင်းနှင့် ဆေးဖက်ဝင်အပင်များ၏ အခန်းကဏ္ဍ” ဆောင်းပါး – ၂၀၁၆

RedFlag သုံးသပ်ချက်

Flase – ဥန္နဲပင်နှင့် နဘဲပင် တို့က မြွေပွေးမြွေဟောက် အဆိပ်ကို ကုသပျောက်ကင်းနိုင်ကြောင်း သိပ္ပံနည်းကျ လက်တွေ့စမ်းသပ်ချက်များ၊ သက်သေအထောက်အထားများ မရှိသေးပါ။