FB Page နာမည်ကို “နွေဦးတော်လှန်ရေး” ဟု ပြောင်းကာ သတင်းမှားများ ဖြန့်နေ

By- The Red Flag

နွေဦးတော်လှန်ရေး အမည်ဖြင့် ဖွင့်လှစ်ထားသည် Facebook စာမျက်နှာသည် လူအများ အာရုံကို ဖမ်းစားနိုင်သည့် သတင်းခေါင်းစဉ်များတပ်ကာ သတင်းတုသတင်းမှား ရုပ်သံများကို ဆက်တိုက်ထုတ်လွှင့်‌နေသည်။

Facebook တွင် Follower ၄၇,၀၀၀ ကျော် အထိရှိတဲ့ အဆိုပါ Facebook စာမျက်နှာသည် အောက်တိုဘာ ၃၁ ရက်တွင် “ သတင်းဆိုးကြီး၊ ဗိုလ်နဂါးကျပြီတဲ့ဗျ” ဟု လုပ်ကြံဖန်တီးထားတဲ့ သတင်းခေါင်းစဉ်နှင့် ဗီဒီယို တစ်ခု လွှင့်တင်ခဲ့သည်။

အဆိုပါ ဗီဒီယိုကို ကြည့်ရှုသူ 139K views အထိ ရှိခဲ့ပြီး ဗီဒီယိုထဲတွင် သတင်းခေါင်းစဉ်နှင့် ဆက်စပ်သည့် အကြောင်းအရာ တစ်ခုမှ တစ်ခုမှ ပါဝင်ခြင်း မရှိပေ။ 

အောက်တိုဘာ ၃၁ ရက်နေ့ ညပိုင်းတွင်လည်း “R2P ဝင်ဖို့ အမိန့်ထုတ်လိုက်ပြီ”ဟု လုပ်ကြံ ရေးသားထားသည့် ခေါင်းစဉ်ဖြင့် ၂ မိနစ်ကျော်‌ကြာမြင့်သည့် ရုပ်သံဖိုင် တစ်ခုကို Facebook တွင် လွှင့်တင်ခဲ့သည်။

သို့သော် နောက်ခံစကားပြောတွင် R2P နှင့် ဆက်စပ်သည့် မည်သည့် အကြောင်းအရာမှ မပါသလို ဗီဒီယိုတွင်လည်း “မင်းအောင်လှိုင်ပြစ်မှုကြီးပြီ အမေစုနဲ့ သမ္မတကို လုပ်ကြံမယ့်သတင်းပေါက်ကြားလို့ R2P ဝင်ဖို့ အမိန့်ထုတ်” ဟူ၍ ပြူးပြူးပြဲပြဲပုံ တင်ထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဗီဒီယိုတွင် နောက်ခံဖတ်ပြနေသည့် အကြောင်းအရာမှာ ခေတ်သစ်မီဒီယာတွင် တင်ထားသည့် “ စစ်မှုထမ်းဟောင်းများနှင့် မိသားစုများကို အရန်စစ်အင်အားအဖြစ် စုဆောင်းရာတွင်  NUG၊ PDF ၊ CDM လှုပ်ရှားမှုများနှင့် မပတ်သက် မထောက်ခံရန် စစ်တပ်၏ ကျေးဇူးသစ္စာစောင့်သိရန် လျှို့ဝှက်ဝန်ခံကတိလက်မှတ်ထိုးခိုင်း” ဆိုသည့် သတင်းကိုသာ ခိုးယူဖတ်ပြသွားခဲ့သည်။ 

နိုဝင်ဘာ ၃ ရက်နေ့တွင်လည်း “မအလပြည်သူကိုတောင်းပန်ပြီ။ ၁ လပိုင်း ၅ ရက်တိတိမှာ ပင်စင်ယူမယ်ဟု ကြေငြာလို့ အံ့ဩကုန်ပြီ” ဟူ၍ Top News Like ဟူသည့် Facebook ပေ့မှ တင်ထားသည့် မှားယွင်းသည့် သတင်းစာသားနှင့် တင်ထားသည့် ဗီဒီယိုဖိုင်ကို Share ထားခဲ့သည်။

Top News Like ဟူသည့် Facebook ပေ့သည်လည်း “နွေဦးတော်လှန်ရေး”ဟူသည့် Page ကဲ့သို့ပင် သတင်းတုသတင်းမှားကို လွှင့်တင်နေသည့် ပေ့ဖြစ်ပြီး အဆိုပါ ဗီဒီယိုဖိုင်တွင် နောက်ခံစကားပြောဖတ်ပြနေသည်မှာ DVB သတင်းဌာနတွင် ဖော်ပြထားသည့် “ကိုဗစ်ချေးငွေများ အချိန်မီ ပြန်ဆပ်ကြရန် အကြမ်းဖက် စစ်ခေါင်းဆောင် အကြွေးတောင်း” ဟူသည့် သတင်းကို ခိုးယူဖတ်ပြနေခြင်းဖြစ်သည်။

“ Yellow” မှသည် “နွေဦးတော်လှန်ရေး” ဆီသို့

“နွေဦးတော်လှန်ရေး” ဟူသည့် အမည်ပြောင်းထားသည့် Page ၏ မူလ နာမည်မှာ “Yellow” ဟူ၍ ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင်မှ နာမည် ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၀ ရက်နေ့မှ စ၍ သတင်းခေါင်းစဉ်အမှားများနှင့် သတင်းတု သတင်းမှားများ ဖြန့်ဝေနေခြင်းဖြစ်သည်။

“ဒီညတိုက်မဲ့တိုက်ဖွန်းမုန်တိုင်းကြီး မသေချင်ရင် ဒီသတင်းကြည့်”

“ရန်ကုန်မြို့ကနေ ၃ ရက်အတွင်း ခေတ္တရှောင်ကြဖို့ NUG သမ္မတသတိပေးပြီ အင်အား ၂သိန်း ၁ပတ်တိတိသိမ်းမယ်တဲ့”

“ဗိုလ်နဂါးအနီးကပ်ပစ်သတ်ခံရ DVB အတည်ပြုသွားပြီ”

အစရှိသည့် ခေါင်းစဉ်အမှားများတပ်ကာ မဆိုင်သည့် အကြောင်းအရာများကို “နွေဦးတော်လှန်ရေး” က ဆက်တိုက် ထုတ်လွှင့်နေခြင်းဖြစ်သည်။

Red Flag သုံးသပ်ချက်

False – မဟုတ်မမှန်စာတန်းများ ထိုး၍ ဗီဒီယိုကို လူကြည့်များစေရန် ဖန်တီးမှုဖြစ်ပြီး ကိုယ်ပိုင် ရေးသားထားသည့် သတင်းများ မဟုတ်ဘဲ သတင်းဌာနများမှ ခိုးယူထားသည့် သတင်းများကို အသုံးပြုထားခြင်းဖြစ်သည်။ စာဖတ်သူများကို လိမ်လည်နေခြင်းဖြစ်၍ ဖတ်ရှုခြင်း မပြုဘဲ Facebook သို့ Report ပြုလုပ်ရန် လိုအပ်သည်။