Taylor Swift ပုံကို ပြုပြင်ပြီး ရုရှားဝန်ကြီး၏သမီး ရွှေတိဂုံဘုရားတက်နေသည့်ပုံဟု ဖြန့်ဝေနေ

By – The Red Flag

အမေရိကန် အဆိုတော် Taylor Swift မျက်နှာနှင့် မြန်မာဝတ်စုံဝတ်ထားသည့် အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်ကို Photoshop ဖြင့်ပေါင်းစပ်ကာ ရုရှားနိုင်ငံမှ ဝန်ကြီးတစ်ဦး၏ သမီး ဗုဒ္ဓဘာသာသို့ ကူးပြောင်းပြီး ရွှေတိဂုံစေတီကို လာရောက်ဖူးမျှော်ကြောင်း လုပ်ကြံရေးသားသည့် သတင်းမှားများကို ၂၀၂၂ အောက်တိုဘာ ၉ ရက် သီတင်းကျွတ်လပြည့်နေ့က စတင်ပြီး Telegram နှင့် Facebook တွင်ဖြန့်ဝေနေသည်။

သတင်းမှားဖြန့်ချိသူတို့က ပြုပြင်ထားသည့် Taylor Swift ၏ ဓာတ်ပုံကို ” ရုရှားနိုင်ငံမှ ဝန်ကြီးတဦး၏ သမီး Sasha allá Nikita ခေါ် ထိပ်တင်စု” ဟု ရည်ညွှန်းသုံးစွဲသည်။

Snow Queen #SQ” အမည်ဖြင့် Telegram တွင် အဆိုပါသတင်းမှား ဖြန့်ချိသူက သတင်းမှားအပြင် “ ​​​​မြန်မာမတွေ အတုပြန်ယူရမယ်” ဟု မြန်မာအမျိုးသမီးအချို့အားလည်း ပြစ်တင်ဝေဖန်ထားသည့် စာနှင့်အတူ ဖြန့်ဝေပြန်သည်။

ယင်းဓာတ်ပုံများသည် Taylor Swift ပုံကို ပြုပြင်ထားသည့်ပုံဖြစ်ကြောင်း သတင်းမှားဖြန့်ချိသူများအောက်တွင် မှတ်ချက်ပေးကြသူ အချို့ရှိကြသလို အမှန်တကယ် ရုရှားဝန်ကြီး၏ သမီး ဘုရားတက်နေသည့်ပုံဟု ယုံကြည်နေကြသူများလည်းရှိသည်။

Ko Htet Shein” အမည်ဖြင့် သတင်းမှားဖြန့်ချိသူအောက်တွင် “ မြန်မာမိန်းကလေးတွေလည်း ဒါမျိုးဖြစ်သင့်တာ ဂုဏ်ယူစရာပါ” ဟုမှတ်ချက်ပေးထားသူလည်းရှိသည်။

အဆိုပါ ဓာတ်ပုံနှစ်ပုံနှင့် လိုရာဖြန့်ချိမှုကို အောက်ပါ Facebook အကောင့်များနှင့် Telegram အကောင့်များတွင် အများအပြား ဖြန့်ချိနေကြသည်။

  1. မရဏဖွား 
  2. Aung Gyi 
  3. Ko Htet Shein 
  4. ဘဝ ခါးခါး 
  5. မောင့် မမ 
  6. Pyay News 
  7. Snow Queen #SQ 

ဓာတ်ပုံဇာစ်မြစ်

မြန်မာဝတ်စုံဝတ်  Taylor Swift ပုံများသည် ၂၀၁၈ ကတည်းက ပျံ့နှံ့နေခြင်းဖြစ်သည်။ အဆိုပါပုံများကို Taylor Swift ၏ မြန်မာပရိတ်သတ်များက နောက်ပြောင်သည့်သဘောဖြင့်  “ မြန်မာမလေး တေလာဆွစ်ဖ်” ဟု အမည်တပ်ကာ ​​Myanmar 1989 Swifties  Facebook စာမျက်နှာတွင် တင်ထားခြင်းဖြစ်သည်။ အပြောင်အပျက်လွှင့်တင်ခဲ့သည့် အဆိုပါပုံများထဲမှ အချို့ကိုယူသုံးကာ သတင်းမှားဖြန့်သူတို့က စနစ်တကျ တပြိုင်နက် ဖြန့်ချိနေခြင်းဖြစ်သည်။

Taylor Swift ၏ ဓာတ်ပုံမူရင်းမှာ ၂၀၁၃ ခုနှစ်တွင် လော့အိဂျလိစ်ရှိ The Staples Center တွင် ၅၅ ကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်သည့် ဂရမ်မီ ဆု ချီးမြင့်ပွဲတွင် တက်ရောက်ခဲ့စဉ်က ပုံဖြစ်သည်။

ပြုပြင်ထားသည့် ဓာတ်ပုံတွင် ဘေးတစ်စောင်းကြည့်နေဟန် ခေါင်းစောင်းထားသည့် ပုံမှာလည်း အဆိုပါ ဂရမ်မီ ဆုပေးပွဲမှ ဓာတ်ပုံပင်ဖြစ်ပြီး မူရင်းပုံကို အနည်းငယ် မော့ထားပြီး ဘေးဘက်တွင် မျက်နှာကို ဖြတ်ထုတ်ပြုပြင်မှု မသေသပ်သည်ကို တွေ့မြင်နိုင်သည်။

The Red Flag သုံးသပ်ချက်

False – လုပ်ကြံဖန်တီး ဖြန့်ဝေမှုဖြစ်သည်။