ထိုင်းရှိ Drone အရောင်းဆိုင်မှ ပုံများကိုသုံးကာ ထိုင်းမူဆလင်များက PDF များကို သင်တန်းပေးဟု သတင်းမှားဖြန့်

By – Red Flag

ထိုင်းနိုင်ငံတွင် ရောင်းချနေသည့် စိုက်ပျိုးရေးလုပ်ငန်းသုံး Drone ဓာတ်ပုံများကို အသုံးပြုပြီး ထိုင်းနိုင်ငံတောင်ပိုင်းမှ မူဆလင်များက PDF များကို Drone သင်တန်းပေးနေသည့်ပုံစံဖြင့် Facebook နှင့် Telegram တို့တွင် သတင်းမှားများ ဖြန့်ဝေနေသည်။

Facebook နှင့် Telegram နှစ်ခုစလုံးတွင် Zenobia Queen အမည်ဖြင့် ၂၀၂၂ စက်တင်ဘာ ၇ ရက်က ဖြန့်ချိသည့် အဆိုပါသတင်းမှားတွင် − 

“ အကြမ်းဖက် PDF တွေကို

ဒရုန်း ပညာသင်ပေးနေတာ….

ဝက်မစား လက်မဲတွေက

ထိုင်းနိုင်ငံတောင်ပိုင်းက​နေ

လာသင်ပေးနေတာလို့ သိရပါတယ်

kလား ယီးးစုပ်တွေလို့ ပြောတော့လည်း

နာနေကြသေးတယ်

အမှန်တော့  ဝက်မစားတွေကို ပထွေးတော်နေကြတာ

ပေယိုးမ ပဒတ်တွေ”  

ဟု ဘာသာရေး ၊ လူမျိုးရေးသွေးထိုးလှုံ့ဆော်မှုပါသည့် စာသားများ သုံးကာ သတင်းမှားတွင် ထည့်သွင်းဖြန့်ချိခဲ့သည်။ “ ဝက်မစား” “ kလား”   စသည့်အသုံးအနှုန်းများသည် မူဆလင်များကို ရည်ညွှန်းခြင်းဖြစ်သည်။

ဓာတ်ပုံများ၏ဇာစ်မြစ်နှင့် အကြောင်းအရာအမှန်

အဆိုပါ Drone ဓာတ်ပုံများသည် ထိုင်းနိုင်ငံ Phitsanulok မြို့ရှိ “ ​​​​Dji Phitsanulok” အမည်ရှိ စိုက်ပျိုးရေးလုပ်ငန်းသုံး Drone များရောင်းချသည့်ဆိုင်၏ Facebook Page မှာ ဓာတ်ပုံများဖြစ်သည်။

ယင်းဆိုင်သည်လည်း သတင်းမှားတွင် ရေးသားထားသလို ထိုင်းနိုင်ငံတောင်ပိုင်းတွင် မဟုတ်ဘဲ မြောက်ပိုင်းတွင် ဖွင့်လှစ်ထားသည့် ဆိုင်ဖြစ်သည်။

အဆိုပါ ဓာတ်ပုံများကို “ ​​​​Dji Phitsanulok” ဆိုင်က ၂၀၂၂ စက်တင်ဘာ ၃ ရက်တွင် ၎င်းတို့၏ Facebook Page တွင်တင်ထားခဲ့ပြီး နောက်ထပ်လေးရက်အကြာ စက်တင်လာ ၇ ရက်တွင် သတင်းမှားဖြန့်သူက ပုံများကို ယူသုံးပြီး ပုံမှားရိုက် ဖြန့်ချိခြင်းဖြစ်သည်။

Red Flag သုံးသပ်ချက်

False – Drone အရောင်းဆိုင်မှ ဓာတ်ပုံများကို ယူကာ နိုင်ငံရေး ၊ ဘာသာရေး ၊ လူမျိုးရေး အကဲဆတ်စေသည့် စာသားများနှင့်လိုသလို ပုံဖော်ကာ အစအဆုံးလုပ်ကြံဖန်တီးရေးသားဖြန့်ဝေမှုဖြစ်သည်။