ဦးဝင်းထိန်အမည်သုံးပြီး ဖြန့်​နေသည့် သတင်းတု

By- The Red Flag

ရွေးကောက်ပွဲမဲစာရင်း၊ အာဏာသိမ်းခြင်းနှင့် နောက်ဆက်တွဲအဖြစ်အပျက်များသည် ဒေါ်အောင်ဆန်းစုကြည်တွင် တာဝန်ရှိကြောင်း NLD ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်က တရားခွင်တွင် ပြောကြားခဲ့သည်ဟုဆိုသည့် သတင်းစာဖြတ်ပိုင်းတစ်ခုကို Facebook နှင့် Telegram တို့တွင် ဖြန့်ချိနေသည်။

သတင်းစာဖြတ်ပိုင်းပုံစံ ဖန်တီးထားသည့် အဆိုပါအရေးအသားသည် လုပ်ကြံဖန်တီးထားသည့် သတင်းတုဖြစ်ပြီး နှစ်နှင့်ချီကြာ ထပ်တလဲလဲ ဖြန့်ချိနေသည့် သတင်းမှားဖြစ်သည်။

“အကြမ်းဖက်မှုများအတွက် ဒေါ်အောင်ဆန်းစုကြည်တွင် တာဝန်ရှိကြောင်း NLD သဘာပတိအဖွဲ့ ဦးဝင်းထိန်ပြောကြား” ဟူသည့် ခေါင်းစဉ်နှင့်အတူ လုပ်ကြံဖန်တီးထားသည့် သတင်းတွင် −

“ … ​​​​မဲမခိုးခဲ့ရင် တပ်မတော်ကလည်း အာဏာသိမ်းမှာ မဟုတ်ဘူးလေ၊ အခုက တိုင်းပြည်အခြေအနေမကောင်းဘူး၊ စီအိုင်အေ ခြေရှုပ်ခဲ့တာလည်း ပါတယ်…”

ဟု ၂၀၂၁၊စက်တင်ဘာ ၂၄ ရက်က နေပြည်တော် ဉတ္တရခရိုင်တရားရုံး တွင် ဦးဝင်းထိန်က ပြောခဲ့ပါသည်ဟု လုပ်ကြံဖန်တီး ရေးသားထားသည်။

“၂၀၂၁ က ဦးဝင်းထိန်ပြောခဲ့တာ” ဆိုသည့် စာသားနှင့် အတူ အဆိုပါ ဓာတ်ပုံကို ဖြန့်ဝေနေခြင်းဖြစ်ပြီး Telegram တွင် Ba Nyunt နှင့် Facebook တွင် နေမျိုး အောင်  တို့က ဖြန့်ချိနေခြင်းဖြစ်သည်။

ထပ်တလဲလဲ ဖြန့်နေသည့်သတင်းမှားနှင့် အချက်အလက်စိစစ်ခြင်း

လုပ်ကြံရေးသားထားသည့် သတင်းက ဦးဝင်းထိန်သည် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ဖို့သည့် စကားများကို “ ​​နေပြည်တော် ဥတ္တရခရိုင်တရားရုံး ရုံးထုတ်အပြီး” တွင် ပြောကြားခဲ့သည်ဟု ရေးသားထားသည်။

သို့သော် ဦးဝင်းထိန်အား စစ်ကောင်စီက စစ်ဆေးသည့်နေရာမှာ “ ဉတ္တရခရိုင်တရားရုံး” မဟုတ်ဘဲ “ ဇဗ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်အချုပ်ထောင်အတွင်း သီးသန့်ဖွင့်ထားသည့် တရားခွင်” တွင်ဖြစ်ကြောင်း Myanmar NowRFA စသည့် သတင်းဌာနများက ရေးသားကြသည်။

အဆိုပါလုပ်ကြံဖန်တီးထားသည့် အရေးအသားသည် လွန်ခဲ့သည့် ၂၀၂၁ စက်တင်ဘာလ အတွင်းကလည်း ပျံ့နှံ့ခဲ့သည်။ ထိုစဉ်က Facebook အပြင် DGF21News အမည်ရှိ အင်တာနက်စာမျက်နှာ တစ်ခုကလည်း တချိန်တည်းတရက်တည်း ဖြန့်ချိခဲ့သေးသည်။

ပြီးခဲ့သည့်နှစ်အတွင်းက အဆိုပါသတင်းမှား ဖြန့်ဝေချိန်တွင် အချက်အလက် စစ်ဆေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Boom Myanmar  ကလည်း သတင်းမှားဖြစ်ကြောင်း စိစစ်ပြနိုင်ခဲ့သည်။ Boom Myanmar ၏ အချက်အလက် စစ်ဆေးမှုတွင် − 

” …(၂၀၂၁) စက်တင်ဘာ ၂၄ ရက်နေ့မှာ ဦးဝင်းထိန်ကို ရုံးထုတ်စစ်ဆေးထားခြင်း လုံးဝမရှိပါဘူး။ သတင်းအမှားဖန်တီးသူဟာ ရုံးထုတ်စစ်ဆေးချိန်မှာ ပြောထားသယောင် ရေးသားထားတာကို တွေ့ရပါတယ်။…” ဟု ထောက်ပြထားသည်။

Red Flag သုံးသပ်ချက်

False – ၂၀၂၁ ခုနှစ်က ဦးဝင်းထိန်၏ ဓာတ်ပုံနှင့်အတူ သတင်းပုံစံ Photoshop ပြုလုပ်၍ ဖြန့်ဝေခဲ့သည့် သတင်းအမှားကို တစ်နှစ်အကြာတွင် ထပ်မံ၍ ဖြန့်ဝေနေခြင်းဖြစ်သည်။