By – The Red Flag
ရခိုင်ပြည်နယ် ကျောက်တော်မြို့ ပီစိကျေးရွာတွင် အောက်တိုဘာ ၃၁ ညပိုင်းက လက်နက်ကြီးကျည်ကျ ပေါက်ကွဲမှုကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့ကြောင်း ရခိုင်အခြေစိုက် Western News သတင်းဌာနက နိုဝင်ဘာ ၁ ရက်တွင် သတင်းရေးသားထုတ်လွှင့်ခဲ့သည်။
အဆိုပါသတင်းထဲတွင် “ ကျောက်တော်စကခ(၉)” မှ လက်နက်ကြီးပစ်ကြောင်း အမည်မဖော်ပြထားသည့် ဒေသခံတစ်ဦး၏ ပြောစကားကို ကိုးကားဖော်ပြထားခဲ့သည်။
သို့သော် မိနစ်ပိုင်းမျှအကြာတွင် “ ကျောက်တော်စကခ(၉)” အစား “ AA” ဟုပြောင်းလဲဖော်ပြပြီး လက်နက်ကြီးပစ်ခတ်သူမှာ AA ဖြစ်ကြောင်း Facebook နှင့် Telegram တို့တွင် ဖြန့်ချိနေသည်။
လူတစ်ယောက်၊ ပြောစကားနှစ်မျိုး
Western News သတင်းဌာနက ရေးသားထားသည့် သတင်းတွင်-
“ကျောက်တော်စကခ(၉) ကနေ ညဉ့် ၁၂ နာရီလောက်ရှိမယ်၊ လက်နက်ကြီးတွေနဲ့ပစ်တယ်၊ ၅ လုံးပစ်တာပါ၊ ဒုတိယအလုံးမှာ လက်နက်ကြီးကျည်က ကျနော်ရဲ့ ယောက်ဖအိမ်ကို ထိတယ်၊ ကျနော်တို့ ယောက်ဖ မိသားစုက အိမ်မှာ အိပ်နေကြာတာပါ။ ကျနော်ယောက်ဖရယ်၊ သူမိန်းမရယ်၊ သမီးတစ်ယောက်ရယ် လက်နက်ကြီး ကျလို့ နေရာမှာ သေဆုံးသွားတယ်” ဟု တိုက်ရိုက်ပြောစကားတစ်ခုကို အသုံးပြုထားသည်။
နာရီဝက်မျှကြာပြီးနောက် Facebook နှင့် Telegram တို့တွင် အဆိုပါပြောစကားကို –
“AA ကနေ ညဉ့် ၁၂ နာရီလောက်ရှိမယ်၊ လက်နက်ကြီးတွေနဲ့ပစ်တယ်၊ ၅ လုံးပစ်တာပါ၊ ဒုတိယအလုံးမှာ လက်နက်ကြီးကျည်က ကျနော်ရဲ့ ယောက်ဖအိမ်ကို ထိတယ်၊ ကျနော်တို့ ယောက်ဖ မိသားစုက အိမ်မှာ အိပ်နေကြာတာပါ။ ကျနော်ယောက်ဖရယ်၊ သူမိန်းမရယ်၊ သမီးတစ်ယောက်ရယ် လက်နက်ကြီး ကျလို့ နေရာမှာ သေဆုံးသွားတယ်” ဟု “ ကျောက်တော်စကခ(၉)” အစား “ AA” ဟုပြောင်းလဲဖော်ပြထားသည်။
ပြောစကားကို ပြင်ဆင်ပြီး အောက်ဖော်ပြပါ Facebook နှင့် Telegram တို့က ပြန်လည်ဖြန့်ချိခဲ့သည်။
Facebook နှင့် Telegram တို့တွင် မြင်တွေ့ရသည့် မှတ်တမ်းများအရ Western News သည် အဆိုပါပြောစကားကို ၎င်းတို့၏ သတင်းတွင် ၂၀၂၂ နိုဝင်ဘာ ၁ နံနက်ပိုင်းတွင် စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ပြုပြင်ထားပြီး ပြန်လည်အသုံးပြုသူများထက် ၂၈ မိနစ်မှ ၅နာရီ၃၉ မိနစ်အထိ စောသည်ကို တွေ့ရှိရသည်။

Red Flag သုံးသပ်ချက်
Misleading – ရခိုင် ကျောက်တော်တွင် လက်နက်ကြီးကျ၍ မိသားစုဝင်သုံးဦး သေဆုံးမှု ဖြစ်စဉ်မှာ မှန်ကန်ပြီး မည်သည့်ဘက်မှာ ပစ်ခတ်သည်ကို Red Flagက သီးခြားအတည်မပြုနိုင်သော်လည်း Western News သတင်းပါ ပြောစကားများကို ကူးယူ၍ လိုရာစွဲရေးသားထားခြင်းဖြစ်သည်။