Fact-check _TawNaw FM / The Red Flag/ MFCN
6 Nov 2025
အနှစ်ချုပ်
ကော့ကရိတ်မြောက်ပိုင်း နောင်နိုင်းကျေးရွာမှာ ကေအဲန်ယူ ၁၀၀ ခန့်ကို ဖမ်းဆီးရမိခဲ့သည့် အကြောင်းအရာသည် မှားယွင်းတင်ဆက်ထားသည့် သတင်းမှားဖြစ်ပါသည်။
အောက်တိုဘာလ ၁၀ရက် မနက် ၉း၀၀ နာရီအချိန် ကရင်ပြည်နယ်၊ကော့ကရိတ်မြောက်ပိုင်း နောင်နိုင်းကျေးရွာမှာ ကေအဲန်ယူတပ်ဖွဲ့ဝင် ၁၀၀ ခန့်ကို ဖမ်ဆီးရမိခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ဝါဒဖြန့်တွေက တင်ထားတာကို တွေ့ရပါတယ်။
ထိုသတင်းနဲ့ပတ်သက်ပြီး Ye Hukaung အကောင့်ကနေဖြန့်ဝေထားတာဖြစ်ကာ မှတ်ချက်ပေးသူ ၅၉ဦး၊ ပြန်လည်မျှဝေသူ ၁၀ဦးနဲ့ reaction ပေးသူ တစ်ဦးနဲ့ တွေ့ရပါတယ်။
သတင်း Archive link
ထိုအကြောင်းအရာကို Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်တဲ့ TawNaw Fact Check အဖွဲ့က အချက်အလက် စစ်ဆေးကြည့်တဲ့အခါမှာ သတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
သတင်းစိစစ်ချက်
ဒီသတင်းနဲ့ပတ်သက်ပြီး ဒေသတွင်းသတင်းမီဒီယာတစ်ခုဖြစ်တဲ့ “KIC” ကတော့ အောက်တိုဘာလ ၁၀ရက် နံနက်မှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ နောင်နိုင်းကျေးရွာကို ဝင်ရောက်လာကာ ရွာသား ၁၀၀ခန့်ကို နောင်နိုင်းဘုန်းကြီးကျောင်းမှာ ဖမ်းဆီးခေါ် ဆောင်ခဲ့တာဖြစ်ပြီး “ ပြည်သူတွေ သွားလာနေတုန်း ဆိုင်ကယ် ကားတွေ ခေါ်ရပ်ပြီးဖမ်းတာ၊ အဲနေ့ကတော့ အယောက် ၅၀ကျော်လောက် ပါသွားတယ်” ဆိုတဲ့ ဒေသခံပြောဆိုချက်တွေပါဝင်တဲ့ သတင်းတစ်ပုဒ်ဖော်ပြထားတာကို တွေ့ရပါတယ်။
သတင်းအပြည်အစုံဖတ်ရန်လင့်ခ်
ကော့ကရိတ်မြောက်ပိုင်း နဘူး-တံတားကျိုးလမ်းပိုင်းတစ်လျှောက်မှာရှိတဲ့ နန်းကော်တေး၊ နောင်ထပ္ပံ၊ လန်ခိုဘိုင်း၊ မြပတိုင်အစရှိတဲ့ ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က အောက်တိုဘာ ၆ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပြီး ဒေသခံတွေရဲ့ နေအိမ်တွေအများအပြားကို ဖျက်ဆီးပစ်ကာ တန်ဖိုးရှိပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်တဲ့အပြင် မြပတိုင်ကျေးရွာမှာ ဒေသခံပြည်သူတွေကို ဖမ်းဆီးစစ်ဆေးခဲ့တယ်ဆိုတဲ့ သတင်းကို Than Lwin Times က အောက်တိုဘာလ ၈ရက်မှာ ဖော်ပြထားပါတယ်။
သတင်းအပြည်အစုံဖတ်ရန်လင့်ခ်
Burma News International ကတော့ ကော့ကရိတ် နန်းကော်တေးရွာသားတွေကို အာဏာသိမ်းစစ်တပ်အုပ်စုနဲ့ DKBA ဗိုလ်ဘိ ပူးပေါင်းစစ်ကြောင်း ဖမ်းဆီးပြီး ရိုက်နှက်နှိပ်စက်တယ်ဆိုတဲ့သတင်းကို အောက်တိုဘာလ ၁၄ ရက်မှာပဲ ဖော်ပြထားပါတယ်။
သတင်းအပြည်အစုံဖတ်ရန်လင့်ခ်
DKBA နဲ့ BGF တွေရဲ့အကူအညီနဲ့PC ထိန်းချုပ်နယ်မြေဖြစ်တဲ့ အဲဒီကျေးရွာတွေကို အခုလဆန်းပိုင်းကစလို့ အာဏာသိမ်းစစ်တပ်ဟာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးခဲ့လို့ တော်လှန်ရေးပူးပေါင်းတပ်တွေက နေရာတချို့ နောက်ဆုတ်ပေးထားရပြီး ဒေသခံတွေတိမ်းရှောင်နေချိန်မှာ အာဏာသိမ်းစစ်တပ် စစ်သားတွေက အဲဒီနယ်မြေက အိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်ဆိုတဲ့ သတင်းကိုလည်း တောနော်က ဖော်ပြထားပါတယ်။
သတင်းအပြည်အစုံဖတ်ရန်လင့်ခ်
သုံးသပ်ချက်
ဒေသတွင်းသတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်တွေအရ အာဏာသိမ်းစစ်တပ်ဟာ ကော့ကရိတ်မြောက်ပိုင်း နဘူး-တံတားကျိုးလမ်းပိုင်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေထဲက ရွာသားတွေကို ဖမ်းဆီးနှိပ်စက်တာတွေ ပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။
DKBA နဲ့ BGF တွေရဲ့အကူအညီနဲ့ အာဏာသိမ်းစစ်တပ်ဟာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးခဲ့လို့ တော်လှန်ရေးပူးပေါင်းတပ်တွေက နေရာတချို့ နောက်ဆုတ်ပေးထားရတာကြောင့် ကျေးရွာတွေမှာ ဒေသခံရွာသားတွေပဲ ရှိတာဖြစ်ပါတယ်။
ကော့ကရိတ်မြောက်ပိုင်း နောင်နိုင်းကျေးရွာမှာ ကေအဲန်ယူ ၁၀၀ ခန့်ကို ဖမ်းဆီးရမိခဲ့သည့် အကြောင်းအရာသည် မှားယွင်းတင်ဆက်ထားသည့် သတင်းမှားဖြစ်ပါသည်။
အခုလို ဆိုရှယ်မီဒီယာပေါ်မှာ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ရည်ရွယ်ပြီး သတင်းတု သတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေမှုတွေ ရှိတာကြောင့် အလွယ်တကူမယုံကြည်ဖို့လိုအပ်ပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Tawnaw FM ကို အောက်ဖော်ပြပါ စာမျက်နှာတွေမှာလည်း ကြည့်ရှုနိုင်ပါတယ်။
Website – www.tawnawfm.com
Telegram – https://t.me/tawnawfm
Youtube – https://shorturl.at/ksHUV
