တိုင်းရင်းသားမျိုးနွယ်စုအများအပြားနှင့် ကိုးကွယ်ယုံကြည်မှုမတူကွဲပြားသည့် မြန်မာနိုင်ငံသည် ရှိရင်းစွဲ ပဋိပက္ခများကြောင့် အတူတကွငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး၊ ယုံကြည်မှုတည်ဆောက်ရေးတို့နှင့်ပတ်သက်လျှင် အကဲဆတ်သည့်နိုင်ငံတစ်ခုအဖြစ် ရှိနေခဲ့သည်။ မြန်မာစစ်တပ်သည် ဗမာလူမျိုးကြီးဝါဒနှင့် ဗုဒ္ဓဘာသာ ကြီးစိုးရေးကို အာဏာတည်မြဲရန်ကိရိယာတစ်ခုအဖြစ် အမြဲအသုံးချခဲ့သည်။ စစ်တပ်ကလုပ်ပိုင်ခွင့်ပေး သလောက်သာ လုပ်ဆောင်ခွင့်ရသည့် အုပ်ချုပ်သူအဆက်အဆက်သည်လည်း တိုင်းရင်းသား စည်းလုံးညီညွတ်မှုတည်ဆောက်ရေးနှင့် မတူညီသည့်ကိုးကွယ်ယုံကြည်သူများကြား သဟဇာတဖြစ်မှုကို တိုးတက်အောင်ဆောင်ရွက်ရန် အကန့်အသတ်များစွာရှိခဲ့သည်။။ မြန်မာစစ်တပ်၏ ဝါဒဖြန့်ချိရေးတွင် တိုင်းရင်းသားလူနည်းစုသည် အစိုးရကို ပုန်ကန်သည့်အကြမ်းဖက်သူပုန်များဖြစ်ပြီး နယ်မြေမတည်ငြိမ်စေရန် လုပ်ဆောင်သူများအဖြစ် အစဉ်အမြဲတံဆိပ်ကပ်ခံခဲ့ရပေသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်အပြီးတွင် မြန်မာစစ်တပ်ခေါင်းဆောင်များသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (သို့မဟုတ်) စစ်ကောင်စီအမည်ဖြင့် နိုင်ငံကိုအတင်းအဓမ္မအုပ်ချုပ်ခဲ့ပြီး ၎င်းတို့ကို ဆန့်ကျင်သူမှန်သမျှအား ကြမ်းတမ်းရက်စက်စွာနှိမ်နင်းခဲ့သည်။ အာဏာသိမ်းမှုကိုလက်မခံသည့် လူငယ်များ၊ ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် CDM တပ်သားများကို တိုင်းရင်းသားဒေသများနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ(EROs)က လက်ခံ၍ စစ်ပညာနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးခဲ့သည်။ အာဏာတည်မြဲရေးအတွက် တိုင်းရင်းသားလူနည်းစုဖိနှိပ်ရေးနှင့် အမုန်းတရား ဖြန့်ဖြူးရေးလုပ်ဆောင်သော စစ်ကောင်စီသည် အမျိုးသားရေးအစွန်းရောက်လှုပ်ရှားသည့်အုပ်စုများနှင့် ပူးပေါင်း၍ လူမျိုးရေး၊ ဘာသာရေးအမုန်းတရားလှုံ့ဆော်ခြင်းကို မြေပြင်တွင်သာမက အွန်လိုင်းစာမျက်နှာများ မှတစ်ဆင့် အဆက်မပြတ်လုပ်ဆောင်ခဲ့ကြသည်။
ထိုသို့လုပ်ဆောင်ရာတွင် စစ်ရေးရှုံးနိမ့်မှုရှိနေသည့်ဒေသများ၊ လက်လွှတ်ဆုံးရှုံးထားရသည့်နယ်မြေများ၊ လူမျိုးရေးဘာသာရေးအကဲဆတ်မှုရှိပြီးသား ဒေသများနှင့်လူမျိုးစုများကို အဓိကပစ်မှတ်ထားသည်။ ယင်းလုပ်ဆောင်မှုများမှတစ်ဆင့် စစ်ရေးနှင့်နိုင်ငံရေးအရအမြတ်ထုတ်ရန် စစ်ကောင်စီက လုပ်ဆောင်နေခြင်း ဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် စစ်ကောင်စီအား နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး တရားမဝင်အတုအယောင်ရွေးကောက်ပွဲပြုလုပ်ရန် ခြေလှမ်းပြင်ခဲ့သည်။ စစ်ကော်မရှင်သည် ရွေးကောက်ပွဲတိုင်းတွင် ဘာသာရေးလူမျိုးရေးလှုံ့ဆော်မှုဇာတ်ကြောင်းများ ဖြန့်ဝေလေ့ရှိပြီး ၎င်းတို့မုန်းတီးသည့် တိုင်းရင်းသားလူနည်းစုများထံမှ ဆန္ဒမဲကိုမသမာသည့်နည်းလမ်း၊ အငြင်းပွားဖွယ်ရာ နည်းလမ်းများဖြင့် ရယူရန် ကြိုးပမ်းကြသည့် ဖြစ်စဉ်များလည်းရှိသည်။
စစ်ကော်မရှင်သည် စစ်ရေးရှုံးနိမ့်မှုနှင့် လူထုထောက်ခံမှုကျဆင်းခြင်းကို ဖုံးကွယ်ပြီး လူမျိုးရေး ဘာသာရေး မငြိမ်မသက်ဖြစ်နေသောဒေသများတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလုပ်ဆောင် နေရသည်ဟု ပုံဖော်နေသော်လည်း စစ်ကော်မရှင်ထောက်ခံသည့် အွန်လိုင်းစာမျက်နှာများ၏ လူမျိုးရေး အမုန်းတရားလှုံ့ဆော်မှုများနှင့် မြေပြင်လုပ်ဆောင်ချက်များက ကျိုးကြောင်းဆီလျော်မှုမရှိသည်ကို မီးမောင်းထိုးပြလျက်ရှိနေပါသည်။ အဆိုပါထင်ရှားသည့် သက်သေအထောက်အထားများနှင့် အွန်လိုင်း စာမျက်နှာများမှတစ်ဆင့် သွေးထိုးလှုံ့ဆော်မှုများကို ဤဖြစ်ရပ်လေ့လာမှုတွင် ရေးသားတင်ပြသွားပါမည်။
ဘယ်ဒေသ နဲ့ ဘယ်အုပ်စုတွေ အဓိကပစ်မှတ်ထားခံနေရလဲ
စစ်ကော်မရှင်နှင့် ၎င်းထောက်ခံသည့် အွန်လိုင်းစာမျက်နှာများသည် တိုင်းရင်းသားမျိုးနွယ်စုများနှင့် စစ်ရေးရှုံးနိမ့်နေသည့်နယ်မြေများကို ပစ်မှတ်ထားကာ ထိုဒေသရှိတိုင်းရင်းသားများသည် ဗုဒ္ဓဘာသာဝင်များအား ဖိနှိပ်နေပြီး အထွတ်အမြတ်ထားရာ အဆောက်အဦများကို ဖျက်ဆီးနေကြသည်ဟု ခပ်စိပ်စိပ်ဖြန့်ဝေနေကြသည်။ အချို့အကြောင်းအရာများတွင် တိုင်းရင်းသားဘာသာစကားများကို စာဖြင့်သော်လည်းကောင်း၊ ရုပ်သံဖြေကြားချက်အဖြစ်သော်လည်းကောင်း ပြုလုပ်ဖန်တီးဖြန့်ချိနေသည်။ တိုင်းရင်းသားလက်နက် ကိုင်အင်အားစုများသည် အချင်းချင်းကြားပြိုကွဲပြီး ဖိနှိပ်မှုရှိနေရုံသာမက အဓမ္မပြုကျင့်ခြင်းနှင့်သေဒဏ်ပေး စီရင်ခြင်းကိုပြုလုပ်နေသည်ဟု စစ်ကော်မရှင်ဘက်ထောက်ခံသည့် စာမျက်နှာများက အမုန်းတရားလှုံ့ဆော် ကြသည်။
စစ်ကော်မရှင် အဓိကပစ်မှတ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များတွင် အာရက္ခတပ်တော်(AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)၊ ချင်းလက်နက်ကိုင်အဖွဲ့များအဓိက ပါဝင်ပြီး ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) ၊ အခြား ERO များနှင့် PDF များကိုလည်း ဘာသာတရားဖျက်ဆီးသူများအဖြစ် အလျဉ်းသင့်သလို ပုံဖော်လေ့ရှိသည်။ ဒေသအားဖြင့် ရခိုင်ဒေသ၊ ရှမ်းဒေသ၊ စစ်ကိုင်းဒေသ၊ ကချင်ဒေသ၊ ချင်းဒေသ၊ ကရင်နီဒေသ၊ ကရင်ဒေသတို့သည် လူမျိုးဘာသာရေးအမုန်းတရားအတွက် အဓိကပစ်မှတ်ထား အကြောင်းအရာဖန်တီးသည့် ဒေသများဖြစ်သည်။
တအာင်းဒေသ
စစ်ကော်မရှင်သည် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးအားသာချက်ဖြင့် TNLAထံမှ မြို့အချို့ကို ပြန်လည်သိမ်းယူပြီးသည့်အပြင် TNLA ကို လူမျိုးရေးဘာသာရေးခွဲခြားသည့် အကြမ်းဖက်အဖွဲ့အဖြစ် ပြည်သူလူထုရှုမြင်စေရန် နိုင်ငံပိုင်မီဒီယာများနှင့် ဝါဒဖြန့်စာမျက်နှာများမှတစ်ဆင့် ပုံဖော်ထားသည်။ လက်ရှိအချိန်အထိလည်း TNLA ထိန်းချုပ်ရာ ဒေသများကို စစ်ကော်မရှင်ကလေကြောင်းမှ အဆက်မပြတ် တိုက်ခိုက်မှုများပြုလုပ်နေသဖြင့် အရပ်သားသေဆုံးမှု မြင့်တက်လျက်ရှိသည်။ TNLAသည် ၎င်းကြိးစိုးခဲ့သည့် မြို့နယ်များတွင် လူမျိုးစုမတူညီသူများအား ဖိနှိပ်သတ်ဖြတ်ခြင်း၊ ဗုဒ္ဓဘာသာအဆောက်အဦများအား ဖျက်ဆီးခြင်းတို့ပြုလုပ်ခဲ့သည်ဟု စစ်ကော်မရှင်ထောက်ခံသည့်အွန်လိုင်းစာမျက်နှာများ ကဖြန့်ဝေကြသည်။
စစ်ကော်မရှင်နှင့် ၎င်းထောက်ခံသူများ၏ ပုံဖော်မှုတွင် တအာင်း နှင့် ရှမ်းလက်နက်ကိုင်များအကြား မြေပြင်ထိတွေ့တင်းမာမှုများကိုအခြေခံပြီး လူမျိုးရေးအမုန်းတရားလှုံ့ဆော်သည့် အသုံးအနှုန်းများဖြင့် အကြမ်းဖက်ခြင်းလုပ်ရပ်များ ထည့်သွင်းကာဖန်တီးခြင်းဖြစ်သည်။ ထို့ပြင် TNLA သည် ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားရာ စေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦးများအား ဖျက်ဆီးလေ့ရှိပြီး ဘာသာရေးပရဝုဏ်အတွင်း ကျဆုံးစစ်သည်များကို မြုပ်နှံနေသည်ဟု ဝါဒဖြန့်စာမျက်နှာများက ပုံဖော်ဖြန့်ဝေကြသည်။
ထိုသို့ ပုံဖော်မှသာ စစ်ကော်မရှင်အနေဖြင့် TNLA ကိုနှိမ်နင်းရေးအတွက်ထောက်ခံမှုရရှိမည် ဖြစ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခြင်းပြစ်ဒဏ်ကိုလည်း ရှောင်လွှဲနိုင်မည်ဖြစ်သည်။ မျိုးနွယ်စုမတူညီသည့် တိုင်းရင်းသား များအတွက်လည်း TNLA သည် လူမျိုးရေးဘာသာရေးခွဲခြားသည့် အကြမ်းဖက်သည့်အဖွဲ့အစည်းဖြစ်သည်ဟု မှတ်ယူပြီး ထောက်ခံမှုကျဆင်းစေရန် စစ်ကော်မရှင်ဝါဒဖြန့်အစုအဖွဲ့များက ပုံကြီးချဲ့လုပ်ဆောင်နေခြင်း ဖြစ်သည်။ စစ်ရေးပဋိပက္ခအတွင်း သမိုင်းဝင်ဂုတ်ထိပ်တံတားပျက်စီးမှုအတွက် TNLA အဖွဲ့ကိုသာ လက်ညှိုးထိုး၍ အပြစ်ဖို့ခဲ့သောစစ်ကော်မရှင်သည် စစ်ရေးအချက်အချာကျသော ထိုတံတားကို ဖြတ်သန်းအသုံးပြု၍ TNLA ထိန်းချုပ်ရာဒေသများကို အပြင်းအထန်ထိုးစစ်ဆင်ကာ မြို့အချို့ကို ပြန်လည်သိမ်းယူပြီး စစ်ရာဇဝတ်မှုကို ဆက်လက်ကျူးလွန်လျက်ရှိနေသည်။
ကိုးကန့်ဒေသ
MNDAAသည် ၁၀၂၇ စစ်ဆင်ရေးလှိုင်းအတွင်း စစ်ကော်မရှင်၏ စစ်ရေးနှင့်စီးပွားရေးအချက်အခြာ ကျသော ရှမ်းမြောက်ဒေသမြို့များကို သိမ်းပိုက်ထိန်းချုပ်နိုင်သည့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ MNDAA ထိန်းချုပ်ရာနယ်မြေများတွင် တပ်သားသစ်စုဆောင်းခြင်းဆိုင်ရာကိစ္စများနှင့် ဗမာများကိုကန့်သတ်သည့်ကိစ္စများ ဖြစ်ပွားခဲ့သည်ဟု လွတ်လပ်သောသတင်းဌာနများ၏ ဖော်ပြချက်အချို့ရှိခဲ့သည်။ အဆိုပါဖော်ပြချက်များနှင့် အပြိုင် စစ်ကော်မရှင်၏ ဝါဒဖြန့်ချိရေးအုပ်စုက MNDAAသည် လူမျိုးရေးခွဲခြားပြီး အကြမ်းဖက်မှုများကို ပြင်းပြင်းထန်ထန်လုပ်ဆောင်နေသည်ဟု ကိုးကန့်မုန်းတီးရေးအကြောင်းအရာများကို ချဲ့ကားပြီးဖြန့်ဝေ ခဲ့ကြသည်။ MNDAA သည် တရုတ်လူမျိုးများဖြစ်ပြီး မြန်မာနိုင်ငံတွင် ယခင်ကတည်းက ကျူးကျော်ဝင်ရောက် နေထိုင်ခြင်းဖြစ်ကြောင်းလည်း မကြာခဏဖြန့်ဝေကြသည်။
စစ်ကော်မရှင်တပ်၏ စစ်ရေးနှင့်စိတ်ဓာတ်ရေးရာဖရိုဖရဲ ဖြစ်စေရန်ပြုလုပ်နိုင်ခဲ့သည့် MNDAA နှင့် ကိုး ကန့်မျိုးနွယ်စုများအား ဗမာများကို ဖိနှိပ်အနိုင်ကျင့်သူများအဖြစ်ပုံဖော်ပြီး MNDAA ထိန်းချုပ်ရာဒေသများအား စစ်ဆင်ရေးပြုလုပ်ရာတွင် တရားဝင်မှု နှင့်လူထုထောက်ခံမှုရရှိစေရန် စစ်ကော်မရှင်တပ်က လုပ်ဆောင်နေခြင်း ဖြစ်သည်။
ရခိုင်ပြည်
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုခုခံစစ်ကာလအတွင်း ရခိုင်ဒေသတွင် အာရက္ခတပ်တော်(AA)သည် မြို့နယ်ပေါင်း ၁၇ ခုအနက် ၁၄ မြို့အထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့များထဲတွင် နယ်မြေအများဆုံးထိန်းချုပ်ထားနိုင်သည့် တစ်ခုတည်းသောအဖွဲ့ဖြစ်သည်။ ရခိုင်ဒေသသည် ရှေးဟောင်းဗိသုကာနှင့် ယဉ်ကျေးမှုအမွေအနှစ်များထွန်ကားပြီး ရေကြောင်းကုန်သွယ်မှုနှင့် စီမံကိန်းများရင်းနှီး မြုပ်နှံမှုအတွက် အချက်အခြာကျသောဒေသတစ်ခုဖြစ်သည်။ နယ်မြေတည်ငြိမ်အေးချမ်းမှု သမိုင်းကြောင်းများ အရ ထိလွယ်ရှလွယ်သောလူမျိုးရေးဘာသာရေးပဋိပက္ခများနှင့် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုဖြစ်ပွားရာဒေသ အဖြစ်လည်းလူသိများသည်။ ရခိုင်ဒေသတွင်ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုများ၏ နောက်ကွယ်တွင်စစ်ကော်မရှင် (ခေါ်) မြန်မာစစ်တပ်သည် အဓိကလက်သည်တရားခံနေရာမှပါဝင်လျက် ရခိုင်မျိုးနွယ်စုများနှင့် အခြားမျိုးနွယ်စု များကြားလည်းကောင်း၊ ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းနှင့် အစ္စလာမ်ဘာသာလူ့အဖွဲ့အစည်းများကြားတွင် လည်းကောင်း၊ ရခိုင်မျိုးနွယ်စုကို ပစ်မှတ်ထား၍သော်လည်းကောင်း အမုန်းတရားပိုမိုကြီးထွားစေရန် လုပ်ဆောင်လျက်ရှိသည်။ ထိုအမုန်းတရားကို ရခိုင်ဒေသတွင်သာမက နိုင်ငံတစ်ဝှမ်းရှိအခြားဒေသများအထိ ကူးစက်စေရန် အွန်လိုင်းပေါ်ရှိ ဝါဒဖြန့်စာမျက်နှာများမှ တစ်ဆင့်ဖြန့်ဝေနေကြသည်။
စက်တင်ဘာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသ ဂွီမာရာမြို့တွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းအသွင်ဆောင်ခဲ့သော ဆန္ဒပြလှုပ်ရှားမှုနှင့် ပတ်သက်သည့် အချက်အလက်များကို စစ်ကော်မရှင် ဆက်စပ်သည့် စာမျက်နှာများက ရခိုင်ဒေသနှင့် ဘဂ်လားဒေ့ရှ်နို်င်ငံကြားတင်းမာမှုမြင့်တက် လာစေရန်နှှင့် ရခိုင်မျိုးနွယ်စုများနှင့် ရိုဟင်ဂျာများကြား အမုန်းတရားပိုမိုကြီးထွားစေရန် အမြတ်ထုတ်လှုံ့ဆော်ခဲ့သည်။ လွတ် လပ်သည့် သတင်းမီဒီယာများတွင် ဆန္ဒပြလှုပ်ရှားမှုဖြစ်ရသည့် အကြောင်းအရင်းနှင့် ဘင်္ဂလားဒေ့ရှ် စစ်တပ်က စတင်ဖြိုခွင်းသည့်အတွက် လူသေဆုံးမှုရှိခဲ့ပြီး အဓိကရုဏ်း အသွင်ဆောင်ခဲ့ပုံကို ဖော်ပြထားသော်လည်း စစ်ကော်မရှင်ထောက်ခံသည့် စာမျက်နှာများက ရခိုင်လူမျိုးများဆူပူသောင်းကျန်းသည့်အတွက် နှိမ်နင်းခံရ သည်ဟု ဖော်ပြကြသည်။
ထို့ပြင် ၂၀၁၂၊ ၂၀၁၆ နှင့် ၂၀၁၇ ကာလများကတည်းက ရခိုင်ဒေသတွင် ဖြစ်ပွားခဲ့သည့် လူ့မျိုးရေးပဋိ ပက္ခ နှင့် လူမျိုးတုံးသတ်ဖြတ်မှုများနောက်ကွယ်တွင် မြန်မာစစ်တပ်သည်အမြဲမပြတ်ကြိုးကိုင်ခြယ်လှယ်နေခဲ့သည်။ AAအဖွဲ့ ထိန်းချုပ်မှုအောက်အလုံးစုံနီးပါးရောက်ရှိနေသည့် ရခိုင်ဒေသကိုတည်ငြိမ်အေးချမ်းမှုမရှိစေရေး စစ်ကော်မရှင်ကကြိုးစားနေသည်။ စစ်ကော်မရှင်ကျူးလွန်ခဲ့သည့် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကို AA အဖွဲ့အား လွှဲချရန် မြေပြင်တွင် ရိုဟင်ဂျာအစုအဖွဲ့များအားတပ်သားသစ်စုဆောင်းခြင်း၊ လက်နက်တပ်ဆင်ပေးပြီး AA အားတိုက်ခိုက်စေခြင်း၊ ရိုဟင်ဂျာမျိုးနွယ်စုများနှင့်မွတ်စလင်များကို AA က ဖိနှိပ်သတ်ဖြတ်နေသည်ဟု အဆက်မပြတ် စွပ်စွဲပုံဖော်ခြင်းများကို စစ်ကော်မရှင်နှင့် ၎င်းထောက်ခံသည့်စာမျက်နှာများက စနစ်တကျပြုလုပ် နေကြသည်။
လူ့အခွင့်အရေးနှင့် ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသည့်အဖွဲ့အစည်းများက မြေပြင်ရင်းမြစ်များ နှင့်ချိတ်ဆက်ကာ ရိုဟင်ဂျာများကို AA အဖွဲ့က သတ်ဖြတ်သည့် သက်သေအထောက်အထားများရှိသည်ဟု အစီရင်ခံစာများ၊ သတင်းဖော်ပြချက်များတင်ဆက်ထားကြသော်လည်း AA ဘက်ကမူ ငြင်းဆိုထားပြီး ကုလသမဂ္ဂကိုပင် ရခိုင်ဒေသရှိ အခြေအနေများအားလေ့လာရန် ဖိတ်ခေါ်ကြောင်း ပြောဆိုထားသည်။
ကရင်ပြည်
ကရင်မျိုးနွယ်စုများနှင့် အချို့သောကရင်လက်နက်ကိုင်အဖွဲ့များသည် မြန်မာစစ်တပ်ကိုနှစ်ကာလများစွာ တွန်းလှန်ခုခံသည့် အဖွဲ့အစည်းအဖြစ်ထင်ရှားသည်။ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် အာဏာသိမ်းမှုကို လက်မခံဘဲ လက်နက်ကိုင်ခုခံလိုသည့်လူငယ်များကို အားပေးကူညီခဲ့ပြီး တော်လှန်ရေးအဖွဲ့အစည်းများနှင့် လက်တွဲခဲ့သော ကရင်အမျိုးသားအစည်းအရုံး(KNU)ကို စစ်ကောင်စီက ပစ်မှတ်ထားခဲ့သည်။ ထို့ကြောင့် ကရင်မျိုးနွယ်စုများအပါအဝင် KNU နှင့် ပတ်သက်၍ ထောက်ခံမှုကျဆင်းစေရန်နှင့်အမုန်းတရားကြီးထွားစေရန် ဝါဒဖြန့်အကြောင်းအရာများဖြင့် သွေးခွဲခြင်း၊ တိုက်ခိုက်ခြင်းများကို အဆက်မပြတ် ပြုလုပ်ခဲ့သည်။
စစ်ကော်မရှင်နှင့် ဝါဒဖြန့်ချိရေးအစုအဖွဲ့များသည် ကရင်တိုင်းရင်းသားလက်နက်ကိုင် KNU နှင့် ခေါင်းဆောင်များအား ဘာသာခြားအဖြစ် အမြဲတံဆိပ်ကပ်လေ့ရှိပြီး ဗုဒ္ဓဘာသာကိုဖျက်ဆီးနေသူများအဖြစ်ပုံ ဖော်ကြသည်။ အခြားတိုင်းရင်းသားများနှင့် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများအား ပုံဖော်သည့်နည်းတူ KNUသည်လည်း ဘာသာရေးဆိုင်ရာအဆောက်အဦးများနှင့် စေတီပုထိုးများ၏ဌာပနာများကို ခိုးယူဖျက်ဆီး နေကြသည်ဟု ဖြန့်ဝေကြသည်။ ကရင်-ဗမာ မုန်းတီးရေးနှင့် ခရစ်ယာန်-ဗုဒ္ဓဘာသာ မုန်းတီးရေးကို စစ်ကော်မရှင် ဘက်က ပုံဖော်ပြီး ကရင်အချင်းချင်းကြားသွေးကွဲစေရန်နှင့် ကရင်လက်နက်ကိုင်များအား အခြားလူမျိုးစုများ လက်မခံစေရေးအတွက် လုပ်ဆောင်လျက်ရှိသည်။ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် KNU အပြင် အခြားအဖွဲ့များလည်း ရှိနေပြီး စစ်ကော်မရှင်က ၎င်းနှင့်ပူးပေါင်းဆောင်ရွက်နေသည့် အခြားသောကရင်လက်နက် ကိုင်အဖွဲ့များကို အခမ်းအနားများသို့ ဖိတ်ကြားတက်ရောက်စေကာ ကရင်မျိုးနွယ်စုများ၏ ထောက်ခံမှုရရှိထား သည့်ပုံစံ ဖန်တီးနေသည်။
အစ္စလာမ်ဘာသာဝင်များ
စက်တင်ဘာလအတွင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ပျဥ်းမနားမြို့နယ်၊ သစ်ဆိမ့်ပင်ရွာထိပ်တွင် အစ္စလာမ်ဘာသာဝင်များဝတ်ပြုနိုင်ရန်အတွက် ဗလီဆောက်လုပ်ခွင့်ကို အမျိုးသားရေးအစွန်းရောက်အင်အားစု များက ဘာသာရေးလူမျိုးရေးအမုန်းတရားအခြေခံပြီး အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။ ၎င်းတို့၏ ကန့်ကွက် ချက်များတွင် အစ္စလာမ်ဘာသာဝင်များသည် အစွန်းရောက်အကြမ်းဖက်သူများဖြစ်ပြီး ဘာသာရေးလူမျိုးရေး ပဋိပက္ခဖြစ်စေရန် လုပ်ဆောင်ခဲ့သူများဖြစ်သောကြောင့် ဗလီဆောက်လုပ်ခြင်းကိုခွင့်မပြုသင့်ဟုဆိုထားသည်။ ထို့ပြင် အစ္စလာမ်ဘာသာဝင်များကျူးလွန်ခဲ့သည့် လူသတ်မှုဖြစ်စဉ်များဟုဆိုကာ ထိလွယ်ရှလွယ်အသုံးအနှုန်း များဖြင့် အစ္စလာမ်ဘာသာမုန်းတီးရေးဇာတ်ကြောင်းများကို ကန့်ကွက်စာများတွင် ထည့်သွင်းရေးသားထားသည်။ အဆိုပါဖြစ်စဉ် နှင့်ပတ်သက်၍ အမျိုးသားရေးအစွန်းရောက်လှုပ်ရှားသူတစ်ဦးဖြစ်သည့် နောင်တော်လေး ထိန်းချုပ်ထားသည့် မီဒီယာအမည်ခံ Myanmar National Post စာမျက်နှာနှင့် အမျိုးသားရေးအစွန်းရောက် သံဃာတော်များ ချိတ်ဆက်ကာ ဗလီမတည်ဆောက်နိုင်ရေးနှင့် အစ္စလာမ်ဘာသာဝင်များအား မုန်းတီးရေးအတွေး အခေါ်များကို စာဖြင့်ဖော်ပြရုံသာမက အမေးအဖြေရုပ်သံဖိုင်ပုံစံများဖြင့် ဖြန့်ဝေနေကြသည်။
အမျိုးသားရေးအစွန်းရောက်လှုပ်ရှားသူများဘက်က ကန့်ကွက်နေသည့် ဗလီတည်ဆောက်မည့် မြေနေရာသည် ၂၀၂၄ ခုနှစ် ဧပြီ ၁၂ ရက်တွင် စစ်ခေါင်းဆောင်ကိုယ်တိုင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဂိုဏ်းကွဲများဖြစ်သည့် အင်္ဂလီကန်သာသနာ၊ ကက်သလစ်သာသနာ၊ နှစ်ခြင်းသာသနာ၊ ဆွန်နီအစ္စလာမ်၊ ရှီယာအစ္စလာမ်၊ ဟိန္ဒူဘာသာ အသီးသီးမှ ကိုယ်စားလှယ်များအား နေပြည်တော်သို့ဖိတ်ခေါ်ပြီး ဘာသာရေးအဆောက်အဦများတည်ဆောက်ရန် အတွက် မြေပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း DVB သတင်းဌာနတွင် ဖော်ပြထားသည်။ ထို့ပြင် ကန့်ကွက်တားဆီးခဲ့သည့် အမျိုးသားရေးလှုပ်ရှားသူများနှင့် သံဃာတချို့ကို စစ်ကော်မရှင်က စက်တင်ဘာ ၃၀ ရက်တွင် ခေါ်ယူစစ်ဆေးခဲ့သည် ဟုသိရသည်။ ထိုသို့ ခေါ်ယူစစ်ဆေးမှုများရှိခဲ့သော်လည်း အမျိုးသားရေးအစွန်းရောက်အင်အားစုများ သည် ဗလီတည်ဆောက်ခြင်းကိစ္စမဖြစ်မြောက်ရေးနှင့် အစ္စလာမ်ဘာသာဝင်မုန်းတီးရေးအတွေးအခေါ်များကို သင်္ကန်းဝတ်များအားကိုးဖြင့် ဆက်လက်လုပ်ဆောင်နေပြီး ဒေသခံများနှင့်သံဃာတော်များအနေဖြင့် ကန့်ကွက်လက်မှတ်ရေးထိုးပေးကြရန် လှုံ့ဆော်လျက်ရှိသည်။
နေပြည်တော်တွင် ဗလီတည်ဆောက်မည့်အစီအစဉ်ကို ကန့်ကွက်မှုအရှိန်မြှင့်နေသည့်ကာလတွင် စစ်ကော်မရှင်ထောက်ခံသည့် ဝါဒဖြန့်အကောင့်တစ်ခုမှလည်း ဗလီဖြိုချနေသည့်ရုပ်သံဖိုင်တစ်ခုကို အသုံးပြုကာ တစ်နိုင်ငံလုံးအတိုင်းအတာ ဗလီများကိုဖြိုချစေချင်သည်ဆိုသည့် အမုန်းတရားလှုံ့ဆော်မှုကို ချိန်သားကိုက်ဖြန့်ဝေ ခဲ့ပြီး အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များကြား သဟဇာတဖြစ်မှုကို ခြိမ်းခြောက်ခဲ့သည်။
သုံးသပ်ချက်
စစ်ကော်မရှင်နှင့်၎င်းထောက်ခံသူများသည် တိုင်းရင်းသားလူမျိုးစုများနှင့် လူနည်းစုကိုးကွယ်သည့် ဘာသာတရားများအပေါ် အမုန်းတရားပြန့်ပွားစေရန်လုပ်ဆောင်ပြီး ဖိနှိပ်မှုများလည်း မြေပြင်တွင်အဆက်မပြတ် ပြုလုပ်ခဲ့သည်။ ရှမ်းမြောက်ဒေသတွင် သီပေါ၊ နောင်ချို၊ ကျောက်မဲ မြို့များကို စစ်ကော်မရှင်လက်ထဲသို့ပြန်လည် ပေးအပ်လိုက်ရခြင်းသည် ဒေသခံရှမ်းလူမျိုးများနှင့် ရှမ်းလက်နက်ကိုင်များက တအာင်းလက်နက်ကိုင်များကို လက်မခံကြခြင်းကြောင့်ဖြစ်သည်ဟု ဝါဒဖြန့်စာမျက်နှာများက ဖော်ပြရုံသာမက ထိုအကြောင်းအရာကို ထင်ဟပ်နေသည့်သုံးသပ်ချက်အချို့လည်း ရှိနေသည်။ ဘာသာရေးနှင့်ပတ်သက်လျှင်လည်း မိတ္ထီလာအဓိကရုဏ်းနောက်ပိုင်း ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းနှင့် အစ္စလာမ်ဘာသာလူ့အဖွဲ့အစည်းကြား သဟဇာတဖြစ်မှုပြန်လည်ရရှိစေရန် လက်ရှိအချိန်အထိကြိုးစားနေရဆဲဖြစ်သည်။ ဖြစ်စဉ်အဟောင်းများနှင့် ရှိရင်းစွဲအစိုင်အခဲများကိုအသုံးချပြီး အမျိုးသားရေးအစွန်းရောက်လှုပ်ရှားသည့် အင်အားစုများက ဘာသာရေးလူမျိုးရေးမငြိမ်သက်မှုဖြစ်စဉ်ရန် လုပ်ဆောင်နေသည်မှာ သစ်ဆိမ့်ပင်ကျေးရွာဗလီဆောက်လုပ်ခွင့် ကို ကန့်ကွက်သည့်စာအား ကြည့်ရှုခြင်းဖြင့် သိမြင်နိုင်သည်။ ရခိုင်ဒေသတွင်စစ်ရှုံးနေမှုကို အငြှိုးထား၍ ရခိုင်မှတ်ပုံတင်ကိုင်ဆောင်သူများအား ခရီးသွားခွင့်ကန့်သတ်ခြင်း၊ ရခိုင်လူမျိုးများဖွင့်လှစ်ထားသည့် စီးပွားရေးလုပ်ငန်းတည်ရှိရာနေရာများအား စာဖြင့်ကပ်၍ အမုန်းစကားဖြန့်ဝေခြင်း၊ ရခိုင်ပြည်နယ်တွင် AA ကို အလိုမရှိကြောင်း စာကပ်ခြင်း၊ ရခိုင်မုန်းတီးရေးလှုံ့ဆော် ချက်များဖြန့်ဝေခြင်းတို့ကို ပြုလုပ်ခဲ့သည်။ လက်ရှိအချိန်တွင်လည်း AA သည် စစ်ကော်မရှင်အမြတ်ထုတ်နေသည့် ရိုဟင်ဂျာလူမျိုးရေးကိစ္စနှင့် ရင်ဆိုင်နေရပြီး အာဏာရှင်ဆန့်ကျင်သည့်အင်အားစုများ၏ ထောက်ခံမှု AA အပေါ်တွင် မကျဆင်းစေရန်နှင့် နယ်မြေများပြန်လည်ဆုံးရှုံးမှုမရှိစေရန် အထူးသတိထားစီမံရမည့် အခြေအနေမျိုး ရှိနေသည်။
နိဂုံး
အထက်ဖော်ပြပါ ကိစ္စရပ်များနှင့်ပတ်သက်၍ စစ်ကော်မရှင်ထောက်ခံသည့် အွန်လိုင်းစာမျက်နှာများနှင့် အမျိုးသားရေးအစွန်းရောက်လှုပ်ရှားသူများ၏ ဖြန့်ဝေမှု ကောက်နှုတ်ချက်သက်သေအထောက်အထားများကို နောက်ဆက်တွဲဇယားတွင် ဖတ်ရှုလေ့လာနိုင်ပါသည်။ လူမျိုးရေးနှင့်ဘာသာရေးအမုန်းတရား လှုံ့ဆော်သည့် လုပ်ငန်းစဉ်အတွက် မည်သည့်အခါမျှ လက်မတွန့်၊ နောက်မကျခဲ့သည့် စစ်ကော်မရှင်နှင့် ၎င်းထောက်ခံသူများသည် မြန်မာနိုင်ငံခေတ်အဆက်ဆက်ပြောင်းလဲ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခင်းအကျင်းများနှင့် အာဏာသိမ်းသည့်လုပ်ငန်းစဉ်များတွင် လူနည်းစုတိုင်းရင်းသားလူမျိုးများနှင့် ကိုးကွယ်ရာဘာသာများကို ခွဲခြားဆက်ဆံပြီး ဖိနှိပ်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ တိုင်းရင်းသား များနှင့် မတူကွဲပြားသည့်လူ့အဖွဲ့အစည်းများ စည်းလုံးညီညွတ်မှုသည် စစ်ကော်မရှင်၏ အာဏာတည်မြဲရေး အတွက်အဟန့်အတားဖြစ်စေနိုင်သည့်အတွက် လူမျိုးရေး၊ ဘာသာရေးသဟဇာတစိန်ခေါ်ချက်များအပေါ် အခြေခံ၍ သွေးစည်းညီညွတ်မှုပြိုကွဲစေရန် အမြတ်ထုတ်နေသည်။ စစ်ကော်မရှင်သည် အတုအယောင် ရွေးကောက်ပွဲနီးကပ်လာသည့်အချိန်တွင် ထိုပြဿနာဖြစ်စေနိုင်သည့်ကိစ္စရပ်များကို ရွေးချယ်ပြီး အမုန်းတရား ပိုမိုကြီးထွားစေရန်နှင့် ဗုဒ္ဓဘာသာဝင်များနှင့် အမျိုးသားရေးအစွန်းရောက်အင်အားစုများ၏ ထောက်ခံမှုရရှိစေရန် လုပ်ဆောင်နေသည်မှာ အထူးသတိထားဖွယ်ရာဖြစ်ပါသည်။ မြေပြင်တွင် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းပဋိပက္ခဆီသို့ဦးတည်စေမည့် ကိစ္စရပ်များကိုလည်း စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာရန်နှင့် အရပ်သားပြည်သူထိခို်က်မှုများအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ အသိပညာပေးလုပ်ငန်းစဉ်များ ကို အရှိန်အဟုန်မြှင့်လုပ်ဆောင်သင့်ပါသည်။
နောက်ဆက်တွဲဇယားဖော်ပြချက်