ဓာတ်ပုံက လက်ချောင်းတွေကို သတိထားပါ၊ သင့်လက်ဗွေရာ AIခေတ်ရဲ့ပစ်မှတ်အန္တရာယ်ဖြစ်လာပြီ

နေ့စဉ် အမှတ်တရဓာတ်ပုံတွေ၊ Selfie တွေရိုက်တဲ့အခါ လက်နှစ်ချောင်းထောင်ပြီး Peace Sign (✌️) ပြတတ်သူတွေ၊ Heart Sign (🫶)လို လက်ဟန်ပို့စ်လေးတွေ လုပ်တတ်သူတွေရှိကြသလား။ ရှိတယ်ဆိုရင်တော့ ဒီပို့စ်က သင့်အတွက်ပါနော်။ Peace Sign၊ Heart Signစတဲ့ လက်ချောင်း သင်္ကေတလေးတွေပြပြီး ဓာတ်ပုံရိုက်တော့မယ်ဆိုရင် နည်းနည်းသတိထားပြီး နှစ်ခါလောက် ပြန်စဉ်းစားကြဖို့ Real Or Notက အရင်ဆုံးတိုက်တွန်းချင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အခုအချိန်မှာ AIနည်းပညာကို အသုံးပြုပြီး ဟက်ကာတွေနဲ့ မကောင်းတဲ့ ရည်ရွယ်ချက်ရှိသူတွေက သင်တင်လိုက်တဲ့ ဓာတ်ပုံတွေထဲကနေ လက်ဗွေရာအချက်အလက်တွေကို ထုတ်ယူနိုင်လာတာကြောင့် ဖြစ်ပါတယ်။

ယခင်က မျက်စိနဲ့ကြည့်ရင် မှုန်ဝါးနေတဲ့ လက်ဗွေရာပုံစံတွေကို AI နည်းပညာနဲ့ ပိုပြီးရှင်းလင်းအောင် ပြုပြင်နိုင်လာပါပြီ။ အဲဒီလို နည်းပညာတိုးတက်လာမှုက Biometric Security (လက်ဗွေ၊ မျက်နှာ၊ မျက်လုံး စတဲ့ လူတစ်ဦးချင်းရဲ့ ထူးခြားတဲ့ ဇီဝအချက်အလက်တွေကို အသုံးပြုပြီး လုံခြုံရေးစစ်ဆေးတဲ့စနစ်)အတွက် စိုးရိမ်စရာအန္တရာယ်အသစ်တွေကို ဖြစ်ပေါ်လာစေတယ်လို့ ကျွမ်းကျင်ပညာရှင်တွေနဲ့ နိုင်ငံတကာသတင်းဌာနတွေက သတိပေးထားကြပါတယ်။

တရုတ်နိုင်ငံမှာ ဧပြီလအတွင်းထုတ်လွှင့်ခဲ့တဲ့ အလုပ်ခွင်အခြေပြု Reality Show တစ်ခုမှာ ငွေကြေးဆိုင်ရာကျွမ်းကျင်သူ Li Chang က နာမည်ကျော်တစ်ဦးရဲ့ Selfie ဓာတ်ပုံကို အသုံးပြုပြီး ဓာတ်ပုံထဲမှာ လက်ချောင်းတွေကို ရှင်းရှင်းလင်းလင်း မြင်ရတဲ့အခါ ကိုယ်ရေးဆိုင်ရာ Biometric Data တွေ ပေါက်ကြားနိုင်ကြောင်း သရုပ်ပြခဲ့ပါတယ်။

ဒီဖြစ်ရပ်အပြီးမှာတော့ တရုတ်နိုင်ငံမှာ လူကြိုက်များတဲ့ Peace Sign (✌️) လက်ဟန်နဲ့ ရိုက်ထားတဲ့ Selfie ဓာတ်ပုံတွေက လက်ဗွေရာအချက်အလက်တွေ ပေါက်ကြားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပြီး ဒစ်ဂျစ်တယ်ကိုယ်ရေးလုံခြုံမှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာခဲ့ပါတယ်။

Sohu News ရဲ့ ဖော်ပြချက်အရ တရုတ်နိုင်ငံအရှေ့ပိုင်း၊ Hangzhouမြို့က အမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ လက်ချောင်းတွေကို ရှင်းလင်းစွာမြင်ရတဲ့ ဓာတ်ပုံတစ်ပုံကို အွန်လိုင်းပေါ် တင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရာဇဝတ်သားတွေက ဓာတ်ပုံကိုDownloadလုပ်ယူပြီး သူ့ရဲ့ လက်ဗွေရာကို အသုံးပြုကာ အိမ်ကSmartLockကို ဖွင့်ဖို့ကြိုးစားခဲ့ပေမယ့် အချိန်မီတားဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ် ဖြစ်ရပ်တစ်ခုမှာတော့ ကုမ္ပဏီဝန်ထမ်းတစ်ဦးက Attendance System မှာ သိမ်းဆည်းထားတဲ့ လုပ်ဖော်ကိုင်ဖက်ရဲ့ လက်ဗွေရာကိုစုဆောင်းပြီး Silicone Fingerprint Cover တွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလက်ဗွေရာအတုတွေကို အသုံးပြုပြီးယွမ်၅၈၀,၀၀၀(အမေရိကန်ဒေါ်လာ ၈၅,၀၀၀ ခန့်) တန်ဖိုးရှိတဲ့ ခိုးမှုတစ်ခု ကျူးလွန်ခဲ့တယ်လို့လည်း သိရပါတယ်။

AI ဓာတ်ပုံပြုပြင်ရေးနည်းပညာတွေ ပိုမိုတိုးတက်လာတာနဲ့အမျှ Selfie တွေထဲမှာ ဝှက်ထားတဲ့ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ အန္တရာယ်တွေက လက်ဗွေရာတင်မကတော့ဘဲ ပိုမိုကျယ်ပြန့်လာနေပါတယ်။ ဆိုရှယ်မီဒီယာအသုံးပြုသူအချို့က “AI Face Reading” ဒါမှမဟုတ် “Free Palm Reading” စမ်းသပ်မှုတွေ ပြုလုပ်ပေးတဲ့ App တွေနဲ့ Game တွေဟာ အသုံးပြုသူတွေရဲ့ Biometric Data တွေကို စုဆောင်းတာ၊ သိမ်းဆည်းတာ ဒါမှမဟုတ် အလွဲသုံးစားပြုတာတွေ ရှိလာနိုင်တယ်လို့ စိုးရိမ်ကြောင်း ပြောဆိုထားကြပါတယ်။

ဒါ့အပြင် Google ရဲ့ Threat Intelligence Group က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတစ်ခုအရ AI ကို အသုံးပြုတဲ့ Cyber Attack တွေဟာ သုံးလအတွင်း စမ်းသပ်အဆင့်ကနေ စက်မှုလုပ်ငန်းအဆင့်အထိ လျင်လျင်မြန်မြန် တိုးတက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အစီရင်ခံစာအရ ရာဇဝတ်အဖွဲ့အစည်းတွေသာမက တရုတ်၊ မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံတွေက ဆက်နွယ်နေတဲ့ အဖွဲ့အစည်းအချို့ဟာ Gemini, Claude နဲ့ OpenAIလို စီးပွားဖြစ် AI Modelတွေကို အသုံးပြုပြီး Cyber Attack တွေကို ပိုမိုထိရောက်အောင် ဆောင်ရွက်နေကြတယ်လို့လည်း သိရပါတယ်။

အကြံပြုချက်များ

  • Selfie တင်မယ်ဆိုရင် လက်ချောင်းထိပ်တွေကို ကင်မရာဘက်သို့ တိုက်ရိုက်မပြပါနဲ့။
  • Resolution မြင့်တဲ့ ဓာတ်ပုံတွေကို အများမြင်နိုင်တဲ့ Platform တွေပေါ် တင်တဲ့အခါ သတိထားပါ။
  • လိုအပ်ရင် လက်ချောင်းနေရာတွေကို Blur သို့မဟုတ် Pixelate လုပ်ပြီးမှ တင်ပါ။
  • မသိကျွမ်းတဲ့ App တွေ၊ “AI Face Reading” နဲ့ “Palm Reading” ဝန်ဆောင်မှုတွေမှာ Biometric Data မျှဝေခြင်းကို ရှောင်ကြဉ်ပါ။
  • ဖုန်းနဲ့ အခြားစက်ပစ္စည်းတွေမှာ Fingerprint Lock တစ်မျိုးတည်းကိုသာ အားမကိုးဘဲ Multi-Factor Authentication (MFA) ကိုပါ တွဲဖက်အသုံးပြုပါ။

Peace Sign နဲ့ ရိုက်ထားတဲ့ Selfie တွေထဲက လက်ဗွေရာတွေကို AI နည်းပညာနဲ့ ထုတ်ယူနိုင်ခြေရှိတယ်ဆိုပေမယ့် လက်တွေ့ဘဝမှာတော့ လုပ်ဆောင်ရခက်ခဲနေဆဲဖြစ်တယ်လို့ Cybersecurity ကျွမ်းကျင်သူတွေက ပြောထားကြပါတယ်။

ဒါပေမယ့် AI စွမ်းရည်တွေ တိုးတက်လာတာနဲ့အမျှ ကိုယ်ရေးအချက်အလက်လုံခြုံရေးကို ပိုပြီး ဂရုစိုက်ဖို့ လိုအပ်လာနေပါပြီ။ ဒါကြောင့် နောက်တစ်ခါ Peace Sign၊ Heart Sign စတဲ့ လက်ဟန်လေးတွေနဲ့ ဓာတ်ပုံရိုက်မယ်ဆိုရင် “ဒီပုံကနေ ငါ့လက်ဗွေရာအချက်အလက်တွေ ထွက်သွားနိုင်မလား” ဆိုတဲ့ သတိလေးတစ်ခုတော့ ရှိထားစေချင်ပါတယ်။ နည်းပညာတိုးတက်လာတဲ့ ခေတ်မှာ ကိုယ်ရေးအချက်အလက်လုံခြုံရေးကိုမပေါ့ဆကြဖို့ Real Or Not က တိုက်တွန်းလိုက်ရပါတယ်။