‎ဗိုလ်တာဘောနဲ့ ကိုဇွဲထိုင်းကိုထွက်ပြေးပြီး KNU က PDF တွေကိုပဲ စစ်တိုက်ခိုင်းတယ်ဆိုသည့် သတင်းမှား

Fact-check _ TawNaw FM / The Red Flag/ MFCN
‎10 Nov 2025
‎NP news Youtube ချန်နယ်မှာ ငဇွဲနဲ့တာဘော ထိုင်းထွက်ပြေးလို့ PDF တွေကြောင်ပျောက်ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ဆက်ခဲ့တဲ့သတင်းဟာ မှားယွင်းချိတ်ဆက်ထားတဲ့ သတင်းမှားဖြစ်ကြောင်းကို တောနော်က စိစစ်ထားပါတယ်။
‎အောက်တိုဘာ ၁၉ ရက်မှာ စစ်တပ်ဝါဒဖြန့်သတင်းသမားဖြစ်တဲ့ ကျော်မျိုးမင်းရဲ့ ချန်နယ်ဖြစ်တဲ့ NP news Youtube ချန်နယ်မှာ “ငဇွဲနဲ့တာဘော ထိုင်းထွက်ပြေးလို့ PDF တွေကြောင်ပျောက်” ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းကို တင်ဆက်ခဲ့ပြီး ကြည့်ရှုသူ ၈၆,၀၀၀ ကျော် Like ၂,၅၀၀ ကျော်နဲ့ မှတ်ချက်ပေးသူ ၄၀၀ ကျော်အထိရှိနေပါတယ်။
‎သတင်း Archive Link
‎သတင်းစိစစ်ချက်
‎Ko Zwal အကောင့်မှာ အခုလ ၁၈ ရက်မှာ ဆိုတဲ့ ”ချစ်တယ်နော် အလိုမလိုက်ဘူး တောထဲကကောင်တွေနဲ့အတူမနေချင်လို့ ဘန်ကောက်လစ်ပြီ” ဆိုတဲ့ Caption နဲ့တင်ထားတဲ့ Post ကြောင့် NPnews က အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။အဲဒီနေ့မှာ တင်ထားတဲ့ ဓာတ်ပုံ ပြီးခဲ့တဲ့နှစ်က ပုံအဟောင်းဖြစ်တာကိုလည်း တွေ့ရပါတယ်။
‎Post Link – https://shorturl.at/diDMR
‎အရင်တုန်းကလည်း စစ်ကောင်စီလော်ဘီချန်နယ်တွေဟာ တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဒါရိုက်တာကိုပေါက်တင်ထားတဲ့ပုံးဟောင်းတစ်ပုံကို ခုလိုမျိုးပဲ ဂျပန်ကိုထွက်ပြေးသွားပြီဆိုပြီးလည်း ပြောခဲ့ပါသေးတယ်။
‎အဲဒီစွပ်စွဲချက်တွေအပြင် ကော်ဘရာစစ်ကြောင်းမှူးဗိုလ်တာဘော၊ ဗိုလ်အယ်စေးဝါးနဲ့ KNLA ဒုစစ်ဦးစီးချုပ် ဗိုလ်ကြီးဘောကျော်ဟဲတို့ကိုလည်း ပုတ်ခတ်ပြောဆိုထားပါတယ်။
‎နောက်တစ်ချက်ကတော့ ကျော်မျိုးမင်းဟာ ကေအဲန်ယူဟာ စစ်မတိုက်ဘဲ PDF ရဲဘော်တွေကို ရှေ့တန်း သွားခိုင်းပြီး အနောက်ကခေါင်းဆောင်တွေထွက်ပြေးသွားတာ၊ ကျည်ထောက်ပံ့မှု မပေးတာတွေကိုလည်း ထည့်ပြောထားတာကို တွေ့ရပါတယ်။
‎စစ်ကြောင်းတပ်ဖွဲ့ဝင်တစ်ဦးကတော့ “ဗိုလ်တာဘောတို့ ဗိုလ်အယ်စေးဝါးတို့ တကယ်ပြေးမပြေး၊ မြေပြင်က စစ်ဆင်ရေးမှတ်တမ်းတွေ လိုင်းပေါ်မှာ ပလူပျံအောင်ရှိပါတယ်။ ရှေ့ဆုံးကဦးဆောင်နေတဲ့ ခေါင်းဆောင်တွေဆိုတာ ထင်ရှားပါတယ်။ သူတို့အသက်ထက် သိက္ခာကို ပိုအလေးအနက်ထားတဲ့ ခေါင်းဆောင်ကောင်းတွေမို့လို့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ရဲဘော်တွေကို ထားခဲ့ပြီး ထွက်ပြေးမဲ့ ခေါင်းဆောင်တွေမဟုတ်ပါဘူး” လို့ တောနော်ကိုပြောပါတယ်။
‎ကေအဲန်ယူအုပ်ချုပ်နယ်မြေမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ NUG MOD ဖွဲ့စည်းပုံအရ ERO နဲ့ MODပူးပေါင်းဖွဲ့စည်းထားတာဖြစ်လို့ KNLA/PDF ပူးပေါင်းစစ်ကြောင်းတွေဖြစ်ပါတယ်။
‎တော်လှန်ရေးတပ်သားတွေမှာ MOD ရဲ့ကိုယ်ပိုင်နံပါတ်ကျထားပြီဖြစ်တာကြောင့် KNU ကိုယ်ပိုင်နံပါတ်ရော PDF ကိုယ်ပိုင်နံပါတ်ပါ ရထားပါတယ်။
‎“ PDF တွေကိုပဲ ရှေ့ကစစ်တိုက်ခိုင်းတယ် ဆိုတာ PDF နဲ့ Eaos တွေကြား သွေးခွဲဖို့ သူတို့လုပ်နေကျ ဝါဒမှိုင်းတစ်ခုပါပဲ” လို့ အထက်ပါရဲဘော်က ပြောပါတယ်။
‎ဗိုလ်တာဘောဦးဆောင်တဲ့ ကော်ဘရာစစ်ကြောင်းနဲ့ရှေ့တန်းစစ်မြေပြင်မှာ ပါဝင်ခဲ့တဲ့ တပ်သားတစ်ဦးကတော့ ကေအဲန်ယူနယ်မြေမှာရှိနေတဲ့ PDFတပ်သားတွေဟာ ကေအဲန်ယူရဲ့ စည်းမျဉ်းစည်းကမ်းအရလိုက်နာရပြီး အဖွဲ့တွေထဲမှာကရင်၊ မွန်တွေလည်းရှိပြီး PDF အဖွဲ့သားတွေက ပိုများတယ်လို့ပြောပါတယ်။
‎“ ကေအဲန်ယူအဖွဲ့က စစ်ဗျူဟာမှာအတွေ့အကြုံရှိတယ်၊ ဒါပေမဲ့ PDF တွေကျတော့ တအားကို လုပ်ရဲကိုင်ရဲတယ်၊ စိတ်တအားပြင်းပြတယ်၊ ကျွန်တော်တို့ ကျိုက်ဒုံစခန်း၊ တောင်စွန်းစခန်း၊ စုကလိတို့တိုက်တုန်းကလည်း ကော့ကရိတ်တို့ဘာတို့မှာ ဗိုလ်တာဘောတို့နဲ့သွားတဲ့အချိန်တုန်းကလည်း ရဲတာပဲ၊ ဒါပေမဲ့ သူတို့ကပြောတယ်သိပ်မရဲနဲ့ ၊ သိပ်မတိုးနဲ့ပေါ့နော် သိပ်မတိုးနဲ့ မလုပ်နဲ့လို့၊ သူတို့ပြောတာက ကိုယ့်အသက်ဘေးလည်းရှိသေးတယ်လေ၊ တိုက်ပွဲမှာကရင်တွေကျတော့ မရှိတာမဟုတ်ဘူး၊ နည်းတယ်၊ နည်းတယ်ဆိုတာက တခြားနေရာတွေလိုက်ပို့ရတာရှိတယ်၊ တခြားနေရာတွေနဲ့ ခွဲပြီးတိုက်ခိုက်ရတာတွေလည်းရှိတယ်” လို့ သူကပြောပါတယ်။
‎ပြီးခဲ့တဲ့နှစ်က ကော့ကရိတ်တောင်ပိုင်းရှေ့တန်းစစ်မြေပြင်တစ်နေရာကို တောနော်ကိုယ်တိုင် သွားရောက်လေ့လာရာမှာလည်း PDF တပ်သားတွေနဲ့ KNLA တပ်သားတွေ အတူရှေ့တန်းမှာ နေရာယူထားတာကိုတွေ့ခဲ့ရပါတယ်။
‎ကေအဲန်ယူတပ်မဟာ ၅ ရဲ့ဗျူဟာမှူးဖြစ်တဲ့ ဗိုလ်မှူးကြီး စောထူးကရှော(ဗိုလ်တိုး) ဟာ ( ၂၈-၄-၂၀၂၂) မှာ ရှေ့တန်းတစ်နေရာမှာ တိုက်ပွဲဝင်ရင်းကျဆုံးသွားခဲ့ပါတယ်။ သူဟာ နယ်မြေထဲကိုရောက်လာတဲ့ တော်လှန်ရေးရဲဘော်တွေအတွက်သာမက မြို့ပြပျောက်ကြား (UG) တွေကိုလည်း အကူအညီတွေ များစွားပေးခဲ့သူတစ်ဦးဖြစ်ပါတယ်။
‎75th Karen Martyrs’ Day ဆိုတဲ့ Facebook စာမျက်နှာမှာ အာဏာသိမ်းကာလနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်ရင်း ကျဆုံးသွားခဲ့တဲ့ KNLA ရဲဘော်တချို့ရဲ့ ပုံတွေကိုလည်း ဒီနှစ် ကရင်အာဇာနည်နေ့မှာ ဂုဏ်ပြုမှတ်တမ်းတင်ဖော်ပြခဲ့ပါတယ်။
‎လင့်ခ်များ
‎သုံးသပ်ချက်
‎NP news Youtube ချန်နယ်မှာ ငဇွဲနဲ့တာဘော ထိုင်းထွက်ပြေးလို့ PDF တွေကြောင်ပျောက်ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ဆက်ခဲ့တဲ့တင်းဟာ သတင်းမှား ဖြစ်ပါတယ်။
‎ကေအဲန်ယူက PDF တွေကိုပဲစစ်တိုက်ခိုင်းပြီး နောက်ကခေါင်းဆောင်တွေထွက်ပြေးသွားတယ်ဆိုတဲ့ ပြောဆိုချက်ကလည်း သက်သေအထောက်အထားမပါဘဲ တော်လှန်ရေးတပ်ဖွဲ့တွေကြား သွေးထိုးလှုံ့ဆော်ထားတာပဲဖြစ်ပါတယ်။
‎အာဏာသိမ်းစစ်တပ်ဟာ သူတို့ကိုတော်လှန်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်းကြား သွေးထိုးလှုံ့ဆော်မှုတွေဆက်တိုက်ပြုလုပ်ခဲ့သလို့ ပြည်သူလူထုတွေကိုလည်း ဝါဒဖြန့်သတင်းမှားတွေ ဆက်တိုက် ပျံ့နှံစေခဲ့ပါတယ်။
‎အခုလို ဆိုရှယ်မီဒီယာပေါ်မှာ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ရည်ရွယ်ပြီး သတင်းတု သတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေမှုတွေ ရှိတာကြောင့် အလွယ်တကူမယုံကြည်ဖို့လိုအပ်ပါတယ်။
‎စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
‎Myanmar Fact-checking Network အဖွဲဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
‎Tawnaw FM ကို အောက်ဖော်ပြပါ စာမျက်နှာတွေမှာလည်း ကြည့်ရှုနိုင်ပါတယ်။
‎Website – www.tawnawfm.com
‎Telegram – https://t.me/tawnawfm