မောတောင်မြို့ကနေ PDF မိသားစုဝင်တွေ ထွက်ပြေးနေလို့ ထိုင်းရဲနဲ့စစ်တပ်က လာစစ်နေတယ်ဆိုတဲ့ သတင်းအမှား

Fact Check၊ Dawei Watch/ The Red Flag
ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့မှာ နိုဝင်ဘာလ ဒုတိယအပတ်အတွင်း တိုက်ပွဲပြင်းထန်ပြီး နိုဝင်ဘာလ ၁၄ ရက်မှာတော့ တော်လှန်ရေးတပ်တွေက မြို့ကိုသိမ်းယူလိုက်ပါတယ်။
တိုက်ပွဲတွေပြင်းထန်နေချိန်မှာ မြို့ခံတွေ နယ်စပ်မျဥ်းအနားမှာ သွားရောက်စစ်ဘေးရှောင်နေရတာကို PDF မိသားစုတွေ ရောက်နေလို့ ထိုင်းရဲနဲ့စစ်တပ်က လာစစ်ဆေးနေတယ်ဆိုပြီး စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုက ရေးသားဖြန့်ချိခဲ့ပါတယ်။
Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အထက်ပါအကြောင်းအရာကိုအချက်အလက် စိစစ်ကြည့်ရာ သတင်းအမှားဖြစ်တာကို တွေ့ရှိရပါတယ်။
Subscriber ပြုလုပ်သူ နှစ်သောင်းခုနစ်ထောင်ကျော်ရှိတဲ့ အမဲလိုက်မုဆိုးကြီး သတင်းမှန် အမည်နဲ့ တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာလ ၁၃မှာ စတင်ဖြန့်ချိခဲ့ပါတယ်။ အဲဒီဖော်ပြချက်ဟာ မြင်တွေ့ပြီးသူ လေးထောင်ကျော်နဲ့ ဆက်လက်ပျံ့နှံ့ နေတာကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
လင့်ခ် – https://archive.ph/DTiOk
မောတောင်မြို့သိမ်းတိုက်ပွဲမှာ ပြည်သူထောင်နဲ့ချီထွက်ပြေးရ
မောတောင်မြို့ကို နိုဝင်ဘာလ ၁၁ ရက်ကစလို့ တော်လှန်ရေးပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်ခဲ့ပြီး လေးရက်အကြာ နိုဝင်ဘာလ ၁၄ ရက် မနက်မှာ သိမ်းယူနိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဓာတ်ပုံ၊ ရုပ်သံမှတ်တမ်းတွေနဲ့တကွ ထုတ်ပြန် ပြောဆိုထားကြပါတယ်။
စစ်အာဏာရှင်တပ်က လေယာဉ်နဲ့ တရစပ် ဗုံးကြဲတိုက်ခိုက်နေတဲ့ကြားက မြို့ကိုသိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။ မောတောမြို့ကို တော်လှန်ရေးအင်အားစုတွေ သိမ်းယူထားတာနဲ့ပတ်သက်လို့ ဒေသတွင်းသတင်းဌာနတွေဖြစ်တဲ့ Dawei Watch နဲ့ The Tanintharyi Times အပါအဝင် သတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်ကို အောက်ဖော်ပြပါလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။
Dawei Watch သတင်းလင့်ခ်- https://shorturl.at/G5uPF
The Tanintharyi Time သတင်းလင့်ခ် – https://shorturl.at/7fweX
Myanmar Now သတင်းလင့်ခ် – https://shorturl.at/gptfH
Mizzima သတင်းလင့်ခ် – https://shorturl.at/qxD38
BBC သတင်းလင်ခ် – https://shorturl.at/UFhiW
တိုက်ပွဲတွေ မဖြစ်ခင် နိုဝင်ဘာလ ၁ရက်နေ့ မောတောင်မြို့ခံတွေ စတင်ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။ မြို့အဝင် စစ်ဆေးရေးဂိတ်ကို စစ်အာဏာရှင်တပ် ပိတ်လိုက်တာကြောင့် တိုက်ပွဲဖြစ်ရင် မြို့မှာ ပိတ်မိမှာစိုးရိမ်တာကြောင့် ကြိုတင် တိမ်းရှောင်ခဲ့ကြတာပါ။
တိုက်ပွဲမဖြစ်ခင်နဲ့ ဖြစ်နေတဲ့ကာလမှာ ဒေသခံထောင်နဲ့ချီ ထိုင်းနယ်စပ်မျဉ်းနားကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။ စစ်ဘေးရှောင်သူတွေ တာလပတ်နဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လို အပ်နေတဲ့အကြောင်း Dawei Watch ရဲ့ သတင်းဖော်ပြချက်ကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
Dawei Watch သတင်းလင့်ခ် – https://surl.li/tqrzko
Mizzima သတင်းဌာနကလည်း မောတောင်မြို့မှာ တိုက်ပွဲပြင်းထန်ပြီး လေကြောင်းပစ်ကူပါလာတာကြောင့် ဒေသခံတွေ နယ်စပ်မျဉ်းအနီးမှာ ရှောင်နေရတဲ့အကြောင်း ဖော်ပြချက်ကိုလည်း အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
Mizzima သတင်းလင့်ခ် – https://shorturl.at/b8Pot
စစ်ဘေးရှောင် ကူညီနေသူတွေနဲ့ပြောပြချက်၊ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ နယ်စပ်မျဥ်းမှာ စစ်ဘေးရှောင် နေရသူတွေဟာ မောတောင်မြို့ခံတွေဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။
ထိုင်းအာဏာပိုင်တွေ စစ်ဆေးတာ မဟုတ်
စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်ရဲ့ ဖော်ပြချက်မှာ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ စစ်ဘေးရှောင်တွေနဲ့ တွေ့ဆုံနေတဲ့ ဓာတ်ပုံမှတ်တမ်းတွေကို အသုံးပြုထားတာတွေ့ရပါတယ်။
အဲဒီလို ယှဥ်တွဲဖော်ပြထားတဲ့ ဓာတ်ပုံကို စိစစ်ကြည့်ရာမှာတော့ ထိုင်းနိုင်ငံ နယ်ခြားစောင့်တပ် ၁၄ ရဲ့ လူမှုကွန်ရက်က ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ ထိုင်းဘာသာနဲ့ ဖော်ပြထားတာကို ဘာသာပြန်ကြည့်ရာမှာတော့ ထိုင်းရဲတပ်ဖွဲ့နဲ့ စစ်တပ် တာဝန်ရှိသူတွေက နယ်စပ်မျဥ်းမှာ လာတိမ်းရှောင်နေသူတွေကို သောက်သုံးရေနဲ့ ဆေးဝါးတွေ သွားရောက်ကူညီပြီး စိတ်ခွန်အား သွားပေးခဲ့တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။
ထုတ်ပြန်ချက် မူရင်းလင့်ခ် – https://shorturl.at/Otcrr
စစ်ကော်မရှင် ဝါဒဖြန့် ချန်နယ်က ဖြန့်ချိသလိုမျိုး PDF မိသားစုဝင်တွေ ရောက်နေလို့ ထိုင်းရဲနဲ့ စစ်တပ်က လာရောက် စစ်ဆေးတာမျိုး မဟုတ်ဘဲ စစ်ဘေးရှောင်တွေကိုကူညီဖို့ လာရောက်တာဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။
စိစစ်တွေ့ရှိချက်
မောတောင်မြို့သိမ်းတိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရတဲ့ဒေသခံတွေကို ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့က တာဝန်ရှိတွေ လာရောက်ကူညီတာကို PDF မိသားစုဝင်တွေကို လာရောက်စစ်ဆေးတာဆိုပြီး စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ် အချိန်ကိုက် သတင်းအမှားဖြန့်ခဲ့တာအဖြစ် စိစစ်တွေ့ရှိရပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။