8 Jan 2026
MFCN/ The Akyab Post/ The Red Flag
Fact-check
အခုရက်ပိုင်း ဝါဒဖြန့်ချန်နယ်တွေမှာ အာရက္ခတပ်တော် အေအေဆီကို ပို့မဲ့ မူးယစ်ဆေးတွေကို စစ်ကောင်စီဖက်မှနေ ဖမ်းဆီးရမိတယ်ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာတွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “မှိုင်းဝေ” ချန််နယ် ကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ “ရခိုင်ပြည်နယ်ရှိ အကြမ်းဖက် AA အဖွဲ့ထံပို့မည့် ကျပ် ၃၇ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်းကျော်ကို ဖမ်းဆီးရမိ… ရခိုင်ပြည်နယ်ကတော့ AA ရောက်လာမှပဲ မူးယစ်ဆေးဝါးတွေ ဖြန့်ဖြူးတဲ့ နယ်မြေကြီးကိုဖြစ်နေပြီ… AA တွေ ထမင်းငတ်ချင်ငတ်မယ် မူးယစ်ဆေးတော့ မပြတ်ကြဘူး… နောက်ဆိုရင် ရခိုင်ပြည်နယ်မှာ ရခိုင်ဘိန်စားဆိုပြီး နာမည်တွင်လာတော့မယ်..” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။
ဒီအကြောင်းအရာကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၄၂၀၀၀ ကျော်ထိရှိပြီးတော့ reaction ပြုလုပ်သူ ၇၆၄ ဦးထိရှိပြီးတော့ အခြားချန်နယ်တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
ဖြန့်ချိထားတဲ့ အကြောင်းအရာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုဟာ မှန်ကန်ပေမယ့် အေအေနဲ့ ဆက်စပ်မှုမရှိပဲ လုပ်ကြံရေးသားထားတဲ့ သတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာကို အချက်အလက်စိစစ်ရာမှာ google advanced search tools နဲ့ reversed image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံကို reversed image search tools နဲ့ စစ်ဆေးကြည့်လိုက်တဲ့ အခါမှာ သတင်းမီဒီယာတစ်ခုဖြစ်တဲ့ DVB ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ “မင်းဘူးမြို့နယ်၌ ကျပ်သန်း ၃၇,၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းဆီးရမိ” ဆိုပြီး ရေးသားထားတဲ့ သတင်းကို တွေ့ရပါတယ်။
DVB ရဲ့ သတင်းရေးသားဖော်ပြချက်တွေအရ ရခိုင်ပြည်နယ်ကိုပို့မဲ့ ကျပ်သန်းပေါင်း ၃၇,၀၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေကို မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ စစ်ကောင်စီဩဇာခံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗဟိုအဖွဲ့က ဖမ်းဆီးရမိတယ်လို့ ရေးသားဖော်ပြထားပါတယ်။
ဒီအကြောင်းအရာကိုပဲ ရခိုင်ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Border News Agency (BNA) ကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ “မင်းဘူးမှာ ငွေကျပ်သုံးဆယ့်ခုနှစ်ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးပြားတွေဖမ်းမိ” လို့ ရေးသားဖော်ပြထားပါသေးတယ်။
BNA သတင်းဌာနရဲ့ ရေးသားဖော်ပြချက်မှာလည်း မင်းဘူးမြို့နယ် ကန်ရေကျေးရွာအနီးမှာ ငွေကျပ် ၃၇ ဒသမ ၄၆၅၅ ဘီလီယံတန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေကို ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ စစ်ကောင်စီဖက်ကနေ ဖမ်းဆီးရမိတယ်လို့ တွေ့ရပါတယ်။
စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေဟာ ရခိုင်ကိုပို့မဲ့ မူးယစ်ဆေးတွေသာ ဖြစ်ပြီးတော့ အာရက္ခတပ်တော် အေအေနဲ့ ဆက်စပ်နေတယ်ဆိုပြီးတော့ ရေးသားဖော်ပြထားတာကို မတွေ့ရပါဘူး။
ဒါ့အပြင် စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာလည်း မူးယစ်ဆေးတွေဟာ အေအေနဲ့ ဆက်စပ်နေပါတယ်ဆိုပြီး ထုတ်ပြန်ထားတာကိုပါ မတွေ့ရှိရပါဘူး။
စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေဟာ မူးယစ်ကုန်သည်တွေဆီကနေ မူးယစ်ဆေးဖမ်းဆီးရမိတဲ့ အပေါ် အေအေနဲ့ ဆက်စပ်နေပါတယ်ဆိုပြီး သတင်းမှန်ပေါ်အခြေခံပြီးတော့ လိုအပ်သလို ပုံဖော်ရေးသားထားတဲ့ သတင်းမှားကို ဖြန့်ခဲ့တာကို တွေ့ရပါတယ်။
ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ မူးယစ်ဆေးဝါးသယ်ဆောင်သူတွေကို အေအေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆက်စပ်နေပါတယ်ဆိုပြီးတော့ ပုံဖော်ရေးသားပြီးတော့ သတင်းတုသတင်းမှားတွေကို ဖြန့်လေ့ရှိပါတယ်။
ဒီလို မူးယစ်ဆေးနဲ့ ပတ်သက်ပြီး Akyab Post ကနေ စစ်ဆေးကြည့်တဲ့အခါမှာလည်း စစ်ကောင်စီချန်နယ်တွေကနေ မူးယစ်ဆေးဝါးနဲ့ ၏ စွပ်စွဲဝါဒဖြန့်ထားတဲ့ အကြောင်းအရာတွေကို ဆက်တိုက်လုပ်ဆောင်နေခဲ့တာကို တွေ့လာရပါတယ်။
လက်ရှိ မြန်မာနိုင်ငံတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
