“၇၂နာရီစာ ရိက္ခာပြင်ထားပါ” လို့ ကမ္ဘာ့နိုင်ငံတွေ ဘာကြောင့် တိုက်တွန်းနေကြတာလဲ

မကြာသေးခင်က ဆိုရှယ်မီဒီယာပေါ်မှာ ထပ်ခါတလဲလဲ တွေ့လာရတဲ့ Message တစ်ခုရှိပါတယ်။ “အရေးပေါ်ဖြစ်လာရင် အနည်းဆုံး ၇၂နာရီ(၃ရက်စာ) ရိက္ခာနဲ့ မရှိမဖြစ်ပစ္စည်းတွေ ကြိုတင်ပြင်ထားပါ။” ဒီလိုတိုက်တွန်းချက်တွေကို အမေရိကန်၊ ဗြိတိန်၊ ဥရောပနိုင်ငံတချို့၊ ဂျပန်တို့အပြင် အခုဆိုရင် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာပါ တွေ့လာရပါပြီ။ 

ဒီလိုအချိန်မှာ လူအများစုရဲ့ခေါင်းထဲ ဝင်လာတဲ့ မေးခွန်းတွေကတော့ “တတိယကမ္ဘာစစ် ဖြစ်တော့မှာလား”၊ “နိုင်ငံကြီးတွေ စစ်ပြင်နေကြပြီလား”၊ “အရှေ့အလယ်ပိုင်းစစ်ပွဲ ပိုပြင်းထန်တော့မှာလား” စတာတွေဖြစ်ပါတယ်။  အောက်တိုဘာလကုန်ပိုင်းမှာ ဒီလိုမေးခွန်းတွေ၊ ကောလဟလတွေ၊ ခန့်မှန်းချက်တွေနဲ့ သတင်းမှားတွေက ဆိုရှယ်မီဒီယာပေါ်မှာ ဆွေးနွေးကြရင်း၊ ငြင်းခုံကြရင်းနဲ့ အလွန်ကျယ်ပြန့်ခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံတကာအစိုးရတွေ တကယ်ပြောချင်တဲ့ Message က အဲဒီလို မဟုတ်ပါဘူး။ 

အစိုးရတွေ ဘာအတွက် ပြင်ဆင်ခိုင်းနေတာလဲ

နိုင်ငံတကာအစိုးရအများစုက ပြည်သူတွေကိုပြင်ဆင်ခိုင်းတာက စစ်ဖြစ်လာမယ်လို့ ယတိပြတ် ဆိုလိုချင်တာ မဟုတ်ဘဲ ကြုံလာသမျှအရေးပေါ်အခြေအနေအမျိုးမျိုးကို ကိုယ်တိုင်ရင်ဆိုင်နိုင်အောင် ကြိုတင်ပြင်ဆင်ထားဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။

ဥပမာ-

  • ငလျင်၊ မုန်တိုင်း၊ ရေကြီးရေလျှံ၊ တောမီး၊ အယ်နီညို
  • စစ်မက်ပဋိပက္ခ
  • ဆိုက်ဘာတိုက်ခိုက်မှု
  • လျှပ်စစ်၊ ရေ၊ မီး၊ ဘဏ်၊ ဆက်သွယ်ရေးစနစ် ပြတ်တောက်မှု
  • လုံခြုံရေးဆိုင်ရာ 

စတဲ့အရေးပေါ်အခြေအနေတွေ ဖြစ်လာခဲ့ရင် အစိုးရအကူအညီက အိမ်တိုင်းဆီ ချက်ချင်း မရောက်နိုင်ပါဘူး။ ဒါကြောင့် အနည်းဆုံးတော့ ၃ရက်ခန့်(၇၂နာရီစာ) မိသားစုအလိုက်၊ ကိုယ့်ဘာသာ ရပ်တည်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားဖို့ အဓိကတိုက်တွန်းနေတာ ဖြစ်ပါတယ်။

၇၂ နာရီစာ အရေးပေါ်ပြင်ဆင်မှုဆိုတာ ဘာတွေလဲ

အစိုးရတွေ အကြံပြုထားတာက အလွန်ရိုးရှင်းပါတယ်။ စားနပ်ရိက္ခာ၊ သောက်ရေ၊ လိုအပ်တဲ့ ဆေးဝါး၊ လက်နှိပ်ဓာတ်မီး၊ ဓာတ်ခဲသုံးရေဒီယို၊ ဖုန်းအားသွင်းနိုင်မယ့် ပါဝါဘဏ်၊ အရေးကြီး စာရွက်စာတမ်း ပစ္စည်းများ၊ လက်ငင်းငွေသားနဲ့ အခြေခံ တစ်ကိုယ်ရေသန့်ရှင်းရေး အသုံးအဆောင်များဘဲ ဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်က အရေးပေါ်အခြေအနေဖြစ်ပြီး အစိုးရအကူအညီမရောက်ခင် ပထမဆုံး ရက်တွေကို ကိုယ့်ဘာသာရပ်တည် ကျော်ဖြတ်နိုင်ဖို့ အဓိကပစ္စည်းတွေပါဝင်ဖို့လိုတာပါ။ 

“ဒီလိုပြင်ဆိုတော့ စစ်ဖြစ်တော့မှာလား”

အဖြေက- စစ်ဖြစ်မယ်လို့ ယတိပြတ်ဆိုလိုတာတော့ မဟုတ်ပါဘူး။ တတိယကမ္ဘာစစ်ဖြစ်မယ်ဆိုတဲ့အကြောင်းအရာတွေက လွဲမှားစွာချိတ်ဆက်ထား သတင်းမှားတွေဆိုတာ အချက်အလက်စိစစ်ပေးထားတဲ့ သတင်းဌာနတွေ ရှိပါတယ်။

နိုင်ငံအသီးသီးက ဒီလိုပြင်ဆင်ရေး Campaign၊ တိုက်တွန်းချက်တွေကို တချိန်တည်းမှာ အတူတူစတင်ထားတာ မဟုတ်သလို၊ တူညီတဲ့အန္တရာယ်တွေကို ရည်ရွယ်ထားတာလည်း မဟုတ်ပါဘူး။ တချို့နိုင်ငံမှာ သဘာဝဘေးကို အဓိကစိုးရိမ်ရတယ်။ တချို့မှာ ဆိုက်ဘာတိုက်ခိုက်မှုကို ပိုအလေးထားတယ်။ တချို့မှာ စစ်မက်၊ လုံခြုံရေးအခြေအနေကို ထည့်သွင်းစဉ်းစားထားတယ်။ ဒါပေမဲ့ အားလုံးမှာ တူညီတဲ့အချက်တစ်ခုတော့ ရှိပါတယ်။

အဲဒါကတော့ “တခုခုများအရေးပေါ်ဖြစ်လာခဲ့ရင် အနည်းဆုံးတော့ အိမ်ထောင်စုတိုင်း ကိုယ့်ဘာသာ ရက်အနည်းငယ် ရပ်တည်နိုင်ဖို့”ပါ။ အဲဒါကသာ နိုင်ငံတကာအစိုးရတွေရဲ့ အဓိကရည်ရွယ်ချက် ဖြစ်ပါတယ်။

အရေးပေါ်ပြင်ဆင်ရေးဟာ ထိတ်လန့်ဖို့ မဟုတ်ပါဘူး

နိုင်ငံတကာအစိုးရအများစုက ပြည်သူတွေကို “၇၂နာရီစာအရေးပေါ်”ပြင်ဆင်ရေး နှိုးဆော်၊ တိုက်တွန်းချက်တွေက “စစ်ဖြစ်တော့မယ်” လို့ သတိပေးနေတာ မဟုတ်ပါဘူး။

အဲဒီအစား သဘာဝဘေး၊ ရာသီဥတုဆိုးရွားမှု၊ ကမ္ဘာ့ပထဝီ နိုင်ငံရေး မတည်ငြိမ်မှု၊ စစ်မက်၊ ဆိုက်ဘာ တိုက်ခိုက်မှုတွေကြောင့် အခြေခံအဆောက်အအုံပျက်စီးမှု၊ လျှပ်စစ်၊ ရေ၊ ဆက်သွယ်ရေးစနစ်၊ ဘဏ်စနစ်၊ ကျန်းမားရေးစနစ်တွေ ပြတ်တောက်သွားခဲ့ရင် မိသားစုတိုင်း ကိုယ့်ဘာသာ ယာယီရပ်တည်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းနေတာသာဖြစ်ပါတယ်။ ဒါဟာ ဘေးအန္တရာယ်ကာကွယ်ရေးမူဝါဒတစ်ခုဖြစ်ပြီး နိုင်ငံအများစုမှာ ပုံမှန်လုပ်ဆောင်နေတဲ့ အစီအစဉ် တစ်ခုလည်း ဖြစ်ပါတယ်။

ဘယ်နိုင်ငံတွေက ဘယ်အချိန်မှာ ဘာအတွက်၊ ဘယ်လို ပြင်ဆင်နေကြတာလဲ

နိုင်ငံလှုပ်ရှားမှုစတင်ချိန်အကြံပြုသည့်ရက်၊ ပစ္စည်းများအဓိက ရည်ရွယ်သည့် အန္တရာယ်
🇺🇸 အမေရိကန်2003 – Ready Campaign (DHS/FEMA)

Ready.gov (လက်ရှိ FEMA guidance)

အနည်းဆုံး ၃ ရက်စာ။ 

ရေနှင့် အစားအစာ၊ ဆေးဝါး၊ ဓာတ်မီး၊ ရေဒီယို၊ ဘက်ထရီ၊ စာရွက်စာတမ်းများ။

သဘာဝဘေး၊ 

အကြမ်းဖက်မှု၊ 

ဓာတု၊ နျူကလီးယား၊ လျှပ်စစ်ပြတ်တောက်မှု။ 

🇬🇧 ဗြိတိန်2004 Civil Contingencies Act နောက်ပိုင်း resilience system တည်ဆောက်မှု။ 

2024 household resilience advice → 2026 Be Ready campaign-Oct 22

၇၂နာရီ( ၃ရက်စာ) 

ရေနှင့်အစားအစာ၊ Power Bank၊ Torch၊ Radio၊ ဆေးဝါး။

ရေကြီး၊ မုန်တိုင်း၊ Cyber attack၊ လျှပ်စစ်နှင့် ဆက်သွယ်ရေးပြတ်တောက်မှု။
🇩🇪 ဂျာမနီ1960s – Cold War ကာလတွင် Civil Defence အဖြစ် အိမ်ထောင်စု အရန်ရိက္ခာ ထားရှိရေး စတင်အကြံပြု။

2016 – BBK က Household Emergency Guide ကို ပြန်လည်ထုတ်ပြန်။

2025 – လမ်းညွှန်ကို ခေတ်နှင့်အညီ မွမ်းမံ။

၁၀ ရက်စာ 

(၃ ရက်စာရှိလည်း အထောက်အကူဖြစ်)

စားနပ်ရိက္ခာ၊ ရေနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ကြိုတင်ပြင်ထားဖို့ အကြံပြုထားပါတယ်။

လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၊ 

ရေလွှမ်းမိုးမှု၊ ပြင်းထန်ဆိုးရွားသော ရာသီဥတုဖြစ်ရပ်များနှင့် စစ်ရေးဆိုင်ရာ အရေးပေါ်အကျပ်အတည်းများ။ 

🇪🇺 ဥရောပသမဂ္ဂ (EU)Member states များ၏ national preparedness မူဝါဒများပေါ် အခြေခံ

Preparedness Union Strategy – 26 March 2025

အနည်းဆုံး 72 နာရီ (၃ရက်စာ)

ကိုယ်တိုင်ရပ်တည်နိုင်ရေး စားနပ်ရိက္ခာ၊ ရေနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ကြိုတင်ပြင်ဖို့ကိုတွန်းအားပေးနေပါတယ်။

ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များ၊ ဆိုက်ဘာတိုက်ခိုက်မှုများ၊ ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါများနှင့် ပထဝီနိုင်ငံရေး အကျပ်အတည်းများ
🇯🇵 ဂျပန်1995 – Hanshin-Awaji (Kobe) ငလျင်ကြီးနောက်ပိုင်း အိမ်ထောင်စုအဆင့် ကြိုတင်ပြင်ဆင်ရေးစတင်

2011 – Tōhoku ငလျင်နှင့် ဆူနာမီနောက်ပိုင်း “အနည်းဆုံး ၃ ရက်၊ ဖြစ်နိုင်လျှင် ၁ ပတ်စာ” အရန်ရိက္ခာထားရှိရေးကို ပိုမိုတိုးမြှင့် လှုံ့ဆော်ခဲ့

2026 – အသစ်ဖွဲ့စည်းသော National Disaster Management Agency က ရှိပြီးသားအကြံပြုချက်ကို ထပ်မံအလေးပေး ပြောကြားခဲ့ခြင်းသာဖြစ်ပြီး မူဝါဒအသစ် မဟုတ်ပါ။

၃ ရက်စာ၊ ဖြစ်နိုင်လျှင် ၁ ပတ်(၇)ရက်စာ

စားနပ်ရိက္ခာ၊ ရေနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ကြိုတင်ပြင်ထားဖို့ အကြံပြု။ 

ငလျင်၊ ဆူနာမီ၊ တိုင်ဖွန်းမုန်တိုင်းနှင့် မီးတောင်ပေါက်ကွဲမှုများ
🇹🇼 ထိုင်ဝမ်Disaster preparedness system နှစ်ရှည်ရှိပြီးသား

2024–2025 civil preparedness emphasis

အများအားဖြင့် ၇ ရက်စာ 

အရေးပေါ်အိတ် သီးခြားပြင်ဆင်ရန်။ 

စားနပ်ရိက္ခာ၊ ရေနဲ့ လိုအပ်တဲ့ပစ္စည်းတွေ ကြိုတင်ပြင်ထားဖို့ အကြံပြု။ 

ငလျင်၊ တိုင်ဖွန်းမုန်တိုင်း၊ အကြီးစားအရေးပေါ်အခြေအနေများနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ
🇹🇭 ထိုင်းDDPM disaster preparedness system နှစ်ရှည်ရှိ။

2026-Nov – Public awareness ပြုလုပ်။ 

အနည်းဆုံး ၇၂ နာရီ (၃ရက်စာ)

စားနပ်ရိက္ခာ၊ ရေနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ကြိုတင်ပြင်ထားဖို့ အကြံပြု။ 

ရေလွှမ်းမိုးမှု၊ မြေပြိုမှု၊ မုန်တိုင်းများ၊ ငလျင်နှင့် ကူးစက်ရောဂါပျံ့နှံ့မှုများ

 

မြန်မာပြည်သူများ “ဘေးမဖြစ်ခင် ကြိုတင်ပြင်ဆင်သင့်”

မြန်မာနိုင်ငံလို ပြည်တွင်းစစ်ပဋိပက္ခ၊ သဘာဝဘေး၊ လျှပ်စစ်ပြတ်တောက်မှုနှင့် စီးပွားရေး အခက်အခဲများကို ရင်ဆိုင်နေကြရတဲ့ ပြည်သူများအနေနဲ့လည်း  မိသားစုတစ်စုအနေဖြင့် အနည်းဆုံး ၃ ရက်မှ ၇ ရက် (အခြေအနေအလိုက် ၁၄ ရက်အထိ) ကိုယ်တိုင်ရပ်တည်နိုင်ရန် ကြိုတင်ပြင်ဆင် ထားသင့်ပါတယ်။ အိမ်မှာ အရေးပေါ်သုံးပစ္စည်းအနည်းငယ် ကြိုတင်ပြင်ထားတာဟာ ထိတ်လန့်နေရ၊ ကြောက်ရွံ့နေရမယ် ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ 

ဒါပေမယ့် အရေးမကြီးဘူးဆိုပြီး ကြိုတင်မပြင်ဆင်ဘဲ အလွန်ပေါ့ဆတာမျိုးလည်း မဖြစ်သင့်ပါဘူး။

အောက်ဖော်ပြပါဇယားအတိုင်း အုပ်စု(၆)ခုခွဲပြီးတော့ ပြင်ဆင်နိုင်ကြောင်း The Red Flag က အကြံပြုလိုပါတယ်။ 

🎒 ၁။ အရေးပေါ်အိတ် (Emergency Bag) တွင် ထည့်သွင်းရန်💧ရေလူတစ်ဦးလျှင် အနည်းဆုံး ၃ ရက်စာ သောက်သုံးရေ (ဖြစ်နိုင်လျှင် ရေသန့်ဘူးများ)

🍚အစားအစာမပုပ်သိုးလွယ်သော အစားအစာ၊ ခေါက်ဆွဲခြောက်၊ အခြောက်အစားအစာ၊ ပဲ၊ အခွံမာသီး၊ အဆင်သင့်စားနိုင်သောအစားအစာ

💊ဆေးဝါးပုံမှန်သောက်နေသောဆေး၊ အခြေခံဆေးများ၊ ဓာတ်ဆားထုပ်၊ First Aid Kit

🔦အလင်းရောင်လက်နှိပ်ဓာတ်မီး၊ အပိုဘက်ထရီ၊ ဖယောင်းတိုင်၊ မီးခြစ်

🔋လျှပ်စစ်/ဆက်သွယ်ရေးPower Bank၊ ဖုန်းအားသွင်းကြိုး၊ ဓာတ်ခဲ(သို့) ဘက်ထရီသုံး ရေဒီယို

👕အဝတ်အစားအပိုအဝတ်အစား၊ အတွင်းခံ၊ မိုးကာအင်္ကျီ၊ ခြေအိတ်

🧼သန့်ရှင်းရေးဆပ်ပြာ၊ Tissue၊ Wet Wipes၊ Mask၊ အမျိုးသမီးသုံးပစ္စည်းများ

🧴အခြားလိုအပ်ပစ္စည်းရေဘူး၊ ဓားငယ်/ကတ်ကြေး၊ ကြိုး၊ အိတ်ငယ်များ

၂။ အရေးကြီးစာရွက်စာတမ်းများ

ရေမဝင်နိုင်တဲ့ ဖိုင်အိတ်အတွင်း ထည့်ထားရန်

☑ မှတ်ပုံတင် မူရင်း/မိတ္တူ

☑ အိမ်ထောင်စုစာရင်းမူရင်း/မိတ္တူ

☑ Passport/မွေးစားရင်း

☑မြေ၊ အိမ်နှင့် ပိုင်ဆိုင်မှုဆိုင်ရာ စာရွက်စာတမ်း မူရင်း/မိတ္တူ

☑ ဆေးမှတ်တမ်းများ

☑ အရေးကြီးဖုန်းနံပတ်များစာရင်း

☑ Passport/မွေးစားရင်း

🍚 ၃။ အိမ်တွင် အရန်ထားသင့်သော ရိက္ခာ

(အနည်းဆုံး ၃ ရက်စာ (ဖြစ်နိုင်လျှင် ၇ ရက်စာ)

☑ ဆန်

☑ ဆီ

☑ ဆား

☑ ပဲ၊ အခြောက်အစားအစာ

☑ ငါးခြောက်၊ အသားခြောက်

☑ စည်သွပ်ဘူးအစားအစာ

☑ ခေါက်ဆွဲခြောက်

☑ ကလေးအစားအစာ (လိုအပ်ပါက)

☑ အိမ်မွေးတိရစ္ဆာန်အစားအစာ (ရှိပါက)

🌎 ၄။ သဘာဝဘေးနှင့် စစ်ကြောင့် နေအိမ်၊ အဆောက်အအုံပျက်စီးမှု
ငလျင်ဖြစ်လာပါက-
  • ပြတင်းပေါက်၊ မှန်၊ လေးလံသောပစ္စည်းများမှ ဝေးဝေးနေပါ။
  • ခေါင်းကို ကာကွယ်ပါ။
  • တုန်ခါမှုရပ်မှသာ ထွက်ခွာပါ။

ကြိုတင်စီစဉ်ရန်-

  • မိသားစု ပြန်ဆုံမည့်နေရာ သတ်မှတ်ပါ။
  • အိမ်မှ အရေးပေါ်ထွက်လမ်း သိထားပါ။
  • ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် တာဝန်ယူမည့်သူ သတ်မှတ်ပါ။
  • First Aid Kit ထားရှိရန် 
  • အန္တရာယ်ရှိနိုင်သော ပစ္စည်းများလုံခြုံစွာထားရန်
  • အရေးပေါ်ဖုန်းနံပါတ်စာရင်း
  • ယုံကြည်စိတ်ချရသည့် သတင်းဌာနများက ထုတ်ပြန်မှုများကို မျက်ခြေမပြတ်ရန် 
🔌 ၅။ မီးပျက်ကြာရှည်ပြတ်တောက်ပါက ပြင်ဆင်ရန်☑ Power Bank (အပြည့်အားသွင်းထားရန်)

☑ အပိုဘက်ထရီ

☑ ဓာတ်မီး

☑ ဖယောင်းတိုင်

☑ မီးခြစ်

☑ လက်လှည့်/ဘက်ထရီသုံး ရေဒီယို

👨‍👩‍👧 ၆။ မိသားစု Emergency Plan☑မိသားစုကွဲသွားလျှင် ဘယ်မှာပြန်ဆုံမလဲ

☑အရေးပေါ်ဆက်သွယ်ရန် အဓိကလူ ၂ ယောက် ဖုန်း

☑ အိမ်မှထွက်ရန် လမ်းကြောင်း

☑ အရေးကြီးပစ္စည်းများထားရာနေရာ

စသဖြင့် ကြိုတင်ပြင်ဆင်၊ တိုင်ပင်ထားကြရန်။

 

ကိုဗစ်ကပ်ရောဂါ၊ သဘာဝဘေး၊ လူလုပ်ဘေးနဲ့ စစ်မက်အန္တရာယ်တွေကို ထပ်တလဲလဲ ကြုံတွေ့နေရတဲ့ ဒီမြေကမ္ဘာမှာ “ဘေးမဖြစ်ခင် ကြိုတင်ပြင်ဆင်ထားခြင်း”ကသာ အကောင်းဆုံးကာကွယ်မှုပါ။ ဒါကြောင့် နိုင်ငံတကာက အရေးပေါ်အသင့်ပြင်ဆင်ရေး တိုက်တွန်းချက်တွေကို ထိတ်လန့်စရာ သတိပေးချက်အဖြစ် မမှတ်ယူဘဲ ကြိုတင်ပြင်ဆင်မှုအတွက် မရှိမဖြစ်လိုအပ်ပြီး လိိုက်နာသင့်တဲ့ သတိပေးနှိုးဆော်ချက်အဖြစ် နားလည်သင့်ပါတယ်။ 

နိုင်ငံတကာအစိုးရတွေရဲ့ တိုက်တွန်းချက်တွေအပေါ် စိုးရိမ်မှုလွန်ကဲတာမျိုးမဖြစ်ဘဲ စိတ်အေးအေးထားပြီး သတင်းအမှန်များကို နားထောင်ပါ။ မမျှော်လင့်ထားတဲ့ အရေးပေါ်အခြေအနေတွေ ကြုံလာပါကလည်း လူထုအခြေပြုတဲ့ ကိုယ့်အားကိုယ်ကိုးပြီး ကြိုတင်ပြင်ဆင်ထားခြင်းကသာ ပိုမိုကြံ့ကြံ့ခိုင်နိုင်စွမ်း၊ ယုံကြည်မှုရှိရှိနဲ့ ဘေးအန္တရာယ်များကို ကျော်ဖြတ်နိုင်ကြမယ့်နည်းလမ်းဖြစ်ကြောင်း The Red Flag က တိုက်တွန်းခေါင်းလောင်းသံ ပြုလိုက်ပါတယ်နော်။