ကြောက်ရွံ့ ဗျာပါဒ သွတ်သွင်းခြင်း – သတင်းတု၊ သတင်းမှား အစီရင်ခံစာ အမှတ် (၄)

“အကောင်းဆုံး နိုင်ငံရေးလက်နက်ဆိုတာ အကြမ်းဖက်ခြင်းပါပဲ။ ရက်စက်ကြမ်းကြုတ်မှု ပြုခြင်းအားဖြင့် (လူထုကို) လေးစားလိုက်နာလာစေတယ်။ လူတွေက ငါတို့ကို မုန်းကောင်း မုန်းလာနိုင်တယ်။ ဒါပေမဲ့ ငါတို့ အချစ်ခံအောင် ပြုနေတာ မဟုတ်ဘူး။ သူတို့ကို ကြောက်အောင်သာ လုပ်နေတာ”

-ဟင်းနရစ် ဟင်းမလား-

နာဇီပါတီ ထိပ်တန်းခေါင်းဆောင်

 

 စစ်ကောင်စီသည် ထုံးစံအတိုင်း အကြောက်တရားသွင်းရန် ပိုမိုအားထုတ်လာသည်။ အကြောက်တရား နှင့် စိုးရိမ်ဗျာပါဒတို့ဖြင့် လူထု၏ တက်ကြွမှု၊ အပြုအမူများ ပြောင်းလဲသွားအောင် လုပ်ခြင်း၊ တစ်စုံတစ်ရာကို ယုံကြည်နေမှုမှ သွေဖွယ်သွားအောင် လုပ်ခြင်းသည် နိုင်ငံရေး ဝါဒဖြန့်မှုပုံစံ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။[1] ယင်းမှာ ဥရောပတွင် နာဇီတို့ ကြီးစိုးခဲ့စဉ်ကာလအတွင်း နာဇီပါတီ ခေါင်းဆောင် တစ်ဦး ဖြစ်သည့် ဟင်းနရစ် ဟင်းမလား ဆိုခဲ့သော နည်းနာအတိုင်းဖြစ်သည်။ စစ်ကောင်စီနှင့် လက်ဝေခံ အကြမ်းဖက် သမားတို့သည် လူထု ထောက်ခံလာအောင် မစွမ်းနိုင်တော့ရာ ကြောက်ရွံ့သွားအောင်သာ တောက်လျှောက် လုပ်ဆောင်နေတော့သည်။ ယင်းသည်သာ ၎င်းတို့အတွက် ရွေးစရာ နည်းလမ်းဖြစ်လာသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး ကာလ အချိန်အတိုင်းအတာ တစ်ခုအထိ ရောက်လာသည်နှင့် အမျှ သတင်းအမှား ဖြန့်ဝေသူများသည် PDF နှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများကို ပြည်သူအထင်အမြင်မှားအောင်၊ မထောက်ပံ့ မကူညီအောင်၊ အားမပေးအောင်၊ ကြောက်လန့်အောင် မဟုတ်မမှန် သတင်းစကားတွေကို ရည်ရွယ် ချက်ရှိရှိ ဝါဒဖြန့် ထုတ်လွှင့် ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။

ထို့ပြင် ယခုလအတွက် စစ်ကောင်စီ ထုတ်ပြန်သည့် တက္ကသိုလ်ဝင်တန်းအောင်စာရင်း ထုတ်ပြန်မှုကို ဝေဖန်၊ ထင်မြင်ချက် ပေးခဲ့သူများ၊ စစ်ကောင်စီကို ဝေဖန်ထောက်ပြလေ့ရှိသည့် မီဒီယာများအောက်တွင် မှတ်ချက်ပြု သူများကို ဖမ်းဆီးခံရန် လှုံ့ဆော်မှု အဓိက ပြုလုပ်ခဲ့ကြသည်။ ဝေဖန်ရေးသားသူ သာမန်ပြည်သူအချို့ အမှန်တကယ်ပင် အဖမ်းအဆီးခံခဲ့ရပါသည်။

မြန်မာပြည်သူတို့သည် မြေပြင်လက်တွေ့တွင် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက် ဖမ်းဆီး၊ သတ်ဖြတ်မှုများကို တစ်နှစ်ကျော် ခါးစည်းခံခဲ့ရပြီး ဖြစ်သည်။ ထိုအချိန်တွင် စစ်တပ်အပေါ်မကျေနပ်မှု၊ မကြိုက်သည့် စနစ်များ၊ အကြောင်းအရာများကို မိမိ၏လူမှုကွန်ရက်စာမျက်နှာ မှတစ်ဆင့် ဖော်ထုတ်၊ ဖောက်ထုတ်ခဲ့ကြသည်။

ထိုသို့ ရေးသားဝေဖန်မှုများ၊ မိမိ၏ကိုယ်ပိုင်စာမျက်နှာများပေါ်မှ လွတ်လပ်စွာထုတ်ဖော်သူများကိုပင် ဖမ်းဆီးထောင်ချမှုကြောင့် အကြောက်တရားကြီးစိုးမှု ပိုမိုများပြားလာသည်။ မိမိ၏ထုတ်ဖော်ခွင့်ကို မိမိဘာသာ ကန့်သတ်လိုက်ရသည်။ ထိုသို့ဖြင့် မြန်မာတွင် စစ်အာဏာရှင်၏ ဖိနှိပ်မှု လက်တံ ပိုရှည်လာကြောင်း သရုပ်သကန် ပိုမိုမြင်လာလာစေသည်။ ပြည်သူများ၏ လူမှုကွန်ရက်စာမျက်နှာများပါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဒီမိုကရေစီဆုံးရှုံးကာ ပိုမှောင်မိုက် လာပါတော့သည်။ တနည်းအားဖြင့် လူမှုကွန်ရက်စာမျက်နှာများကိုပါ အာဏာသိမ်းထိန်းချုပ်ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။

ယင်းအပြင် ဇွန်လအတွင်း တော်လှန်ရေးအင်အားစုများ ပြည်သူများ ယုံကြည်စိတ်ချသည့် သတင်းမီဒီယာများ ကိုယ်တိုင် မှားယွင်းမှု ကြုံခဲ့ရသည်။ တော်လှန်ရေး အင်အားစုများ၊ စာဖတ်သူ ပရိသတ်များဘက်မှလည်း တော်လှန်ရေးကို အောင်နိုင်လိုသည့် စိတ်ဆန္ဒများကြောင့် စိုးရိမ်ပူပန်စွာ၊ ဆန္ဒစောလျင်စွာ မျှဝေခြင်းများကို ပြုလုပ်ခဲ့ခြင်းကြောင့် သတင်းမှား ပျံ့နှံ့မှုသည် ပိုမိုများပြားသည့် လလည်း ဖြစ်ခဲ့သည်။ စာဖတ်ပရိသတ်ပြည်သူအချို့သည် သတင်းမှားအကြောင်းအရာ မှားမှန်း မသိလိုက်သည့်အတွက် စိစစ်ပေးသည့် ဌာနများအပေါ် ပြစ်တင်မှု အချို့ရှိခဲ့သည်။ ထို့ကြောင့် ဇွန်လအတွင်း သတင်းမှားဖြန့်ချိရာတွင် ပါဝင်ပတ်သက်သူများမှာ အာဏာသိမ်းစစ်တပ်၏ လော်ဘီများ သာမက တော်လှန်ရေးအင်အားစုများမှ သူများလည်း ဖြစ်ခဲ့မှုသည် ထူးခြားချက် ဖြစ်ပါသည်။

 အဓိက သတင်းအမှားဖြန့်ဝေသူအများစုသည် အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံသူနှင့် အမျိုးသားရေး အင်အားစုဆိုသူများ ဖြစ်သည်။ ထိုအင်အားစုများသည် သတင်းတု/ သတင်းမှားတွေကို လိုသလို ဖန်တီးရေးသားပြီး  လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေလာသည်။

သတင်းမှားတင်သည့် လူမှုကွန်ရက် ပလက်ဖောင်းအများစုမှာ Facebook၊ Telegram နှင့် Youtube တို့ဖြစ်သည်။ ဇွန်လအတွင်း Facebook နှင့် Telegram တွင် ဖြန့်ချိခဲ့သည့် သတင်းမှား အကြောင်းအရာ များကို စောင့်ကြည့်နိုင်ခဲ့သည်။  ၂၀၂၂ ခုနှစ် ဇွန်လအတွင်း သတင်းမှားဖြစ်တန်ချေအကြောင်းအရာ ၁၂၆ ခု၊ အန္တရာယ်ရှိသည့် ဝါဒဖြန့်ချိမှု ၁၀ ပုဒ် နှင့် အချက်အလက်စစ်ဆေးသည့် ဌာနများက စိစစ်ခဲ့သည့် သတင်းမှား အပုဒ်ရေ ၁၁၀ ပုဒ်၊ စုစုပေါင်း အပုဒ်ရေ ၂၄၆ ပုဒ်ကို စောင့်ကြည့်လေ့လာနိုင်ခဲ့သည်။

သတင်းအမှား ဖြစ်တန်ချေများ အနက် ၎င်းတို့ကို စိစစ်နိုင်ရန် The Red Flag Website တွင် Daily Alert အပုဒ်ရေ ၉၀ ကို တင်ခဲ့သည်။

စစ်ကောင်စီနှင့် ၎င်းကို ထောက်ခံသူများသည် ယခင်ကာလများနည်းတူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) များနှင့် တော်လှန်ရေးအင်အားစုများကို အထင်မှားစေရန် အမျိုးမျိုးသော ဝါဒဖြန့်ချိမှုများ ပြုလုပ်ခဲ့သည်။ PDF များကို အကြမ်းဖက်သမားများ အဖြစ် ဆက်တိုက်ပုံဖော်ခြင်း၊ ဘာသာရေး လူမျိုးရေးဆိုင်ရာများ ရောပြွန်းဝါဒဖြန့်ကာ ပြည်သူများ အမြင်မှားအောင် ပြုလုပ်ခြင်းများ ရှိခဲ့သည်။ ယင်းအပြင် စစ်ကောင်စီက မတရား သေဒဏ်ချမှတ်ထားသော ကိုဂျင်မီနှင့် ကိုဖြိုးဇော်ယျာသော်တို့ကို ကြိုးပေးမည်ဟု သတင်းများ ဖြန့်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှ နေပြည်တော် အချုပ်ထောင်အား ပြောင်းရွှေ့လိုက်ခြင်းနှင့် ပတ်သက်သည့် သတင်းမှား၊ PDF များ ဆက်တိုက်အလင်းဝင်နေကြောင်း အငြင်းပွားဖွယ်ရာ အခမ်းအနားများ ပြုလုပ်ပြီး လူထု အမြင်မှားအောင် ပြုလုပ်ခြင်းများ ဆက်တိုက် လုပ်ဆောင်လာသည်။ ယင်းအပြင် ရိုဟင်ဂျာ၊ ရဲဘော်ဆင်မကြီးနှင့် Kyaung for You တည်ထောင်သူ အဖမ်းခံရခြင်းနှင့် ဆက်စပ်သည့် သတင်းမှားများလည်း ရှိခဲ့သည်။ အသေးစိတ်ကို အခန်း (၂) တွင် ဖော်ပြထားပါသည်။

ဇွန်လအတွင်း ထူးခြားသော ဖြစ်စဉ်များနှင့် အန္တရာယ်ရှိသော ဝါဒဖြန့်ချိခြင်း အကြောင်းအရာများကို နောက်လာမည့် အခန်းများတွင် ဖော်ပြထားပါသည်။ ဇွန်လအတွင်း ထူးခြားသော အဖြစ်အပျက်တစ်ခုဖြစ်သော ဥကရစ်ထ စခန်းကို တော်လှန်ရေး အင်အားစုများ သိမ်းပိုက်ရန် ကြိုးပမ်းမှုနှင့် ပတ်သက်သည့် နှစ်ဖက်အပြန်အလှန် ပြောဆို၊ ဝါဖြန်ချိမှု ဖြစ်စဉ် လေ့လာချက်ကိုလည်း အကျဉ်းချုပ်ဖော်ပြထားပါသည်။

အချက်အလက်စစ်ဆေးသည့် ဌာနများနှင့် ပင်မမီဒီယာများ စစ်ဆေးနိုင်ခဲ့သည့် သတင်းတု၊ သတင်းမှား၊ ဝါဒဖြန့်ချိမှုများနှင့် မစစ်ဆေးနိုင်ခဲ့မှုများကို ရုပ်ပုံကားချပ်နှင့် နောက်ဆက်တွဲ ဇယားတို့တွင် အသေးစိတ် လေ့လာနိုင်ပါသည်။

ထို့အပြင် ယခုအချိန်သာမယသည် မျှော်လင့်ချက်များ အရောင်ဖျော့မသွားရေး အရေးတကြီး အားရုံစိုက်ကြရပါမည့် အကြောင်းကိုလည်း နိဂုံးတွင် တင်ပြထားပါသည်။

Download Ebook Version

 

နောက်ဆက်တွဲဇယား