
၂၀၂၆၊ ဖေဖော်ဝါရီလ ၁၉ ရက်။
(Fact Check_LGE)
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း (၁) အတွင်း မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ၊ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ စစ်တပ်ခန့် မွန်ဝန်ကြီးချုပ်လည်း ဖြစ် ကြံ့ခိုင်ရေးပါတီ မွန်ပြည်နယ် ဥက္ကဌ ဦးအောင်ကြည်သိန်း အနိုင်ရရှိခဲ့တာဟာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ပြည်သူတွေကြားမှာ ဝေဖန်နေကြပါတယ်။
ရွေးကောက်ပွဲ ညနေပိုင်း အချိန်မှ ဘယ်ကမှန်းမသိ ရောက်လာတဲ့ ကြိုတင်မဲတွေနဲ့ ပြိုင်ဘက်ပါတီတွေကို အနိုင်ရရှိခဲ့တာကြောင့် ဒီမဲရလဒ်ဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ပြည်သူတွေဆီကနေ ဝေဖန်သံတွေ ထွက်ပေါ်လာပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး လဂွန်းအိမ်က ဦးအောင်ကြည်သိန်းအနိုင်ရတာဟာ ပွင့်လင်းမြင်သာမှုရှိလား မရှိဘူးဆိုတာကို အချက်အလက်တွေနဲ့ ဆန်းစစ်ထားပါတယ်။
သတင်းစိစစ်ချက်
ဦးအောင်ကြည်သိန်းဟာ မဲရုံမဲ ၁၈,၉၆၁မဲ၊ ကြိုတင်မဲ ၂,၁၇၀ မဲ ၊ စုစုပေါင်း ၂၁,၁၃၁မဲ ရရှိခဲ့ပြီး မွန်ညီ ညွတ်ရေးပါတီ အမတ်လောင်း နိုင်ထွန်းဦးမှာ မဲရုံမဲ ၂၀,၀၃၂မဲ၊ ကြိုတင်မဲ ၅၈၃မဲ၊ စုစုပေါင်း ၂၀,၆၁၅ မဲ ရရှိခဲ့တာကြောင့် ၅၁၆ မဲ အကွာနဲ့ ဦးအောင်ကြည်သိန်းက အနိုင်ရခဲ့တာလို့ စစ်ကော်မရှင် ရဲ့ ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။
ဒီအခြေအနေက ဒီဇင်ဘာလ ၂၉ ရက်နေ့မနက်မှာမှ ဘယ်ကမှန်းမသိတဲ့ ကြိုတင်မဲဆိုတဲ့ မဲတွေနဲ့ ဦးအောင်ကြည်သိန်း အနိုင်ရရှိခဲ့တာလို့ သတင်းတွေထွက်ပေါ်လာပါတယ်။
ကနဦးက မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်းဟာ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်နေရာအတွက် မဲရုံရရှိမဲ အသာရထားရာကနေ ကြိုတင်မဲတွေ ရေတွက်ပြီးချိန်မှာတော့ ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းကို ပြန်ပြီး ရှုံးနိမ့်သွားတာပါတယ်။ ဒါက နောက်ကျမှ ရောက်လာတဲ့ ကြိုတင်မဲကြောင့်လို့ သတင်းပေးပို့ချက်တွေ သိရတဲ့နောက် ဘီဘီစီက မေးမြန်းတဲ့အခါ မွန်ညီညွတ်ရေးပါတီက ဖြေဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။
BBC Burmese ရဲ့ သတင်း link – http://archive.today/yNc62
ရွေးကောက်ပွဲရက် မတိုင်ခင် မွန်ပြည်နယ်မှာ စစ်ကော်မရှင်က တရားဝင်ကြေညာထားချက်အရ ပြည်ပကနေ ကြိုတင်မဲပေးသူ ၈၄ ဦးသာ ရှိပါတယ်။ပြည်ပနိုင်ငံကနေ ပေးပို့လာတဲ့ ကြိုတင်မဲအရေအတွက်ကို ဒီဇင်ဘာလ ၂၅ ရက်နေ့က မော်လမြိုင်ခရိုင်အုပ်ချုပ်ရေးမှုးရုံး ရွှေမြိုင်ခန်းမမှာ ဖွင့်ဖောက်စစ်ဆေးခဲ့ရာမှာ လူပုဂ္ဂိုလ် ၈၄ ဦးက ပေးပို့ထားတဲ့ မဲတွေကိုသာ ရေတွက်ခဲ့ရတယ်လို့ လဂွန်းအိမ်ကနေ စုံစမ်းသိရှိထားပါတယ်။
ပေးပို့လာတဲ့ ကြိုတင်မဲတွေထဲကနေ ဖွင့်ဖောက်စစ်ဆေးရာမှာ ကြံခိုင်ရေးပါတီက မဲအများဆုံးရထားပြီး PPP ၊ ပြည်သူ့ပါတီ၊ တစည၊ MUP ပါတီတွေကလည်း မဲရထားတာတွေ ရှိနေတယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်နဲ့ နီးစပ်သူတဦးက လဂွန်းအိမ် စာစဥ်ကို ပြောခဲ့ပါတယ်။
ကြိုတင်မဲတွေဟာ ပြည်ပနိုင်ငံပေါင်း ၂၂ နိုင်ငံရောက် နိုင်ငံသားတွေ မဲပေးခဲ့တာ ဖြစ်ပြီး အများစုက သံရုံးဝန်ထမ်းတွေ၊ သက်ဆိုင်ရာပါတီတွေနဲ့ နီးစပ်သူတွေသာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မွန်ပြည်နယ်မှာ ဘယ်အချိန်က ကြိုတင်မဲ ကောက်ခံသွားသလဲဆိုတာ မဲဆန္ဒရှင် ပြည်သူတွေလည်း မသိခဲ့သလို ဝင်ရောက် ရွေးကောက်ခံတဲ့ ပါတီတွေကလည်း မသိခဲ့ကြပါဘူး။ အထူးခြားဆုံး အချက်ကတော့ ကြိုတင်မဲအားလုံးဟာ ကြံ့ခိုင်ရေးပါတီကို မဲပေးထားတာသာ တွေ့ရတာပါ။
ကျနော်တို့ မွန်ပြည်နယ်မှာ ကြိုတင်မဲ ဘယ်အချိန်က ကောက်သလဲဆိုတာ မွန်ပါတီ (မွန်ညီညွတ်ရေး ပါတီ) လည်း မသိဘူး။ တခြားပါတီတွေလည်း မသိလိုက်ဘူး။ ချောင်းဆုံမှာ ကြိုတင်မဲကို ရပ်ကွက်ရုံးမှာ သွားပေးရတယ်။ ရပ်ကျေးအုပ်ချုပ်ရေး အကုန်လုံးက ကြံ့ဖွံ့ပါတီဝင်တွေချည်းပဲ။ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်ဆိုတာလည်း ကြံ့ဖွံ့တွေပဲဆိုတော့ အဲဒီကြိုတင်မဲတွေက ဘာဖြစ်မလဲ လို့ မော်လမြိုင်မြို့နေ ပြည်သူတဦးက Myanmar Pressphoto Agency သတင်းဌာနက တဆင့် မေးခွန်းထုတ်ထားပါတယ်။
Myanmar Pressphoto Agency MPA သတင်း Link – http://archive.today/XNjUA
ကြိုတင်မဲ အရေအတွက်နဲ့ ကြံ့ခိုင်ရေးပါတီက အနိုင်ရခဲ့တာကြောင့် သံသယဖြစ်ဖွယ် အခြေအနေ ဖြစ်ပေါ်နေတာက ချောင်းဆုံမဲဆန္ဒနယ်တခုတည်း မဟုတ်ပဲ မြန်မာနိုင်ငံအနှံ့မှာ ရွေးကောက်ပွဲကော်မရှင် (UEC) ကနေ ပွင့်လင်းမြင်သာစွာ ပြုလုပ်ပေးဖို့ ပါတီစုံကနေ တောင်းဆိုခဲ့ကြတာကိုလည်း BBC သတင်းဌာနမှာ ဖော်ပြထားပါတယ်။
BBC Burmese သတင်း link – http://archive.today/0cMVz
သုံးသပ်ချက်
အထက်ပါ အကြောင်းအရာတွေကြောင့် စစ်ကော်မရှင်က ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ မွန်ပြည်နယ် လွှတ်တော်အတွက် ချောင်းဆုံမဲဆန္ဒနယ်ကနေ အနိုင်ရသွားတဲ့ မွန်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းရဲ့ မဲရလဒ်ဟာ မျှတမှုနဲ့ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုတာကို လဂွန်းအိမ်အနေနဲ့ တွေ့ရပါတယ်။
မဲစာရင်းအရ ဦးအောင်ကြည်သိန်းဟာ မဲရုံမဲမှာ ရှုံးနိမ့်နေပေမဲ့ ကြိုတင်မဲ ရောက်လာမှ အနိုင်ရသွားတာဟာ အဓိက သံသယဖြစ်ဖွယ်အချက် ဖြစ်ပါတယ်။
မွန်ညီညွတ်ရေးပါတီ (MUP) က ကြိုတင်မဲ ၅၈၃ မဲသာ ရချိန်မှာ ဦးအောင်ကြည်သိန်းက ၂,၁၇၀ မဲ (၄ ဆနီးပါး) ရရှိသွားတာဟာ သာမန်လူထုထောက်ခံမှု သဘောထက် စနစ်တကျ ကြိုတင်စီမံထားတဲ့ မဲတွေရဲ့ ဖြစ်နိုင်ခြေကို ပိုမိုညွှန်းဆိုနေတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်ပကြိုတင်မဲ ၈၄ ဦးသာ ရှိတယ်လို့ UEC က ကြေညာထားပေမဲ့ ချောင်းဆုံတခုတည်းမှာတင် ကြိုတင်မဲ ၂,၀၀၀ ကျော် ရှိနေတာဟာ “ဘယ်သူတွေက ပေးတာလဲ” ဆိုတဲ့ မေးခွန်း ထွက်ပေါ်စေပါတယ်။
ပြည်တွင်းကြိုတင်မဲ ကောက်ယူခြင်းနဲ့ ပတ်သက်လို့ ရပ်ကျေးကော်မရှင်နဲ့ အုပ်ချုပ်ရေးပိုင်းမှာလည်း ကြံ့ခိုင်ရေးပါတီဝင်တွေပဲ အဓိက ရှိနေတယ်ဆိုတဲ့အချက်ဟာ အကျိုးစီးပွား ပဋိပက္ခကို ဖြစ်စေပြီး တာဝန်ရှိသူတွေ ကိုယ်တိုင် မဲစာရင်းကို စိတ်ကြိုက်ခြယ်လှယ်ခွင့် ရသွားစေပါတယ်။
တဖက်မှာလည်း မဲဆန္ဒရှင်တွေရဲ့ သဘောတရားအရ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အတွက် MUP ကို မဲပေးပြီးမှ ပြည်နယ်လွှတ်တော်နေရာကို ကြံ့ခိုင်ရေးကို မဲပေးတယ်ဆိုတာ လက်ရှိနိုင်ငံရေး အခင်းအကျင်းအရ ဖြစ်နိုင်ခြေ အလွန်နည်းပြီး ဒါဟာ မဲပြားလဲလှယ်တာ ဒါမှမဟုတ် မဲစာရင်းတိုးတာတွေရဲ့ ဖြစ်နိုင်ခြေကို သွယ်ဝိုက်ညွှန်ပြနေတာပဲ ဖြစ်ပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို အောက်ဖော်ပြပါ Links ကနေတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Website link – https://myanmarfactcheckingnetwork.org
Facebook link – https://www.facebook.com/share/1Cy232FQNo/
#MFCN#LGE#FactCheck#MonElection