၂၀၂၆၊ ဧပြီလ ၂၅ ရက်။
(Fact Check_LGE/The Red Flag)
တောင်ကိုးရီးယားနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆန္ဒပြနေတဲ့ ပြည်သူတွေကို တောင်ကိုးရီးယားအစိုးရကနေ ဖမ်းဆီးဖို့ အမိန့်ထုတ်တယ်ဆိုတဲ့ အကြောင်းအရာကို “Mya Win” ဆိုတဲ့ Facebook စာမျက်နှာကနေ ဖြန့်ဝေထားပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာ –
အဲဒီအကြောင်းအရာကို “Mya Win” ဆိုတဲ့ Facebook စာမျက်နှာက ဧပြီလ ၂၂ ရက်နေ့မှာ ဖြန့်ဝေခဲ့တာဖြစ်ပြီး Reaction လုပ်ထားသူ ၇၁၅ဦး၊ Comment ရေးသူ ၈၇ဦးနဲ့ Share လုပ်ထားသူမှာလည်း ၈၂ ဦးရှိတာကို တွေ့ရပါတယ်။
သတင်းစိစစ်ချက်
သတင်းအမှားဖြန့်ဝေတဲ့ “Mya Win”ရဲ့ Facebook Post မှာ အသုံးပြုထားတဲ့ ဓာတ်ပုံကို Google Lens နဲ့ ပြန်ရှာဖွေကြည့်ရာမှာတော့ အဲ့ဒီဓာတ်ပုံဟာ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့မှာ တောင်ကိုးရီးယားနိုင်ငံကျင်းပပြုလုပ်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင် ‘တပ်မတော်နေ့ဂုဏ်ပြုညစာစားပွဲ’ ကို ဆိုးလ်မြို့လယ်တွင် ဝိုင်းဝန်းကန့်ကွက်ဆန္ဒပြပွဲက ဓာတ်ပုံဖြစ်တာကိုလည်း တွေ့ရပါတယ်။
ဆန္ဒပြပွဲ Post Link – https://www.facebook.com/share/p/18NvKyHqyj/
တောင်ကိုးရီးယားနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆန္ဒပြနေတဲ့ ပြည်သူတွေကို တောင်ကိုးရီးယားအစိုးရကနေ ဖမ်းဆီးဖို့ အမိန့်ထုတ်တယ်ဆိုတဲ့အကြောင်းအရာကို လဂွန်းအိမ်စာစဉ်ကနေ အချက်အလက် စိစစ်ကြည့်ရာမှာ လွတ်လပ်တဲ့ သတင်းဌာနတွေမှာ တောင်ကိုးရီးယားအစိုးရကနေ မြန်မာပြည်ဒီမိုကရေစီရေးအတွက် ဆန္ဒပြတဲ့သူတွေကို ဖမ်းဆီးဖို့ အမိန့်ထုတ်တယ်ဆိုတဲ့ သတင်းကို ရေးသားဖော်ပြထားတာမတွေ့ရှိပါဘူး။
ဒါ့အပြင် တောင်ကိုးရီးယားအစိုးရရဲ့ တရားဝင် Websites တွေမှာလည်း အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ထားမျိုး မတွေ့ရပါဘူး။
တောင်ကိုးရီးယားအစိုရရဲ့ တရားဝင် Website များ
–https://www.korea.net (ကိုရီးယားအစိုးရ တရားဝင် သတင်း Website)
–https://www.mofa.go.kr/eng/index.do (တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန)
–https://www.moj.go.kr/moj_eng/index.do (တောင်ကိုရီးယား တရားရေးဝန်ကြီးဌာန)
ဒါ့အပြင် တောင်ကိုးရီးယားနိုင်ငံ မှာ ဒီမိုကရေစီရေးဆန္ဒပြပွဲတွေမှာ ပါဝင်နေတဲ့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ချုပ် (MFDMC) က အတွင်းရေးမှူးဖြစ်သူ ကိုလင်းအိမ်ကလည်း အဲ့ဒီအကြောင်းအရာဟာ သတင်းမှားဖြစ်တယ်လို့ လဂွန်းအိမ်ကို ပြောပါတယ်။
“ဒါက သတင်းအမှားပါ… အားလုံး အေးဆေးရှိပါတယ်။ လာမယ့် ရက်တွေမှာလည်း ဆန္ဒပြပွဲတွေကို အင်တိုက်အားတိုက် လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ကိုရီးယားရဲဌာနတွေကလည်း ပူးပေါင်း ပါဝင် ကူညီနေတုန်းပါပဲ” လို့ ကိုလင်းအိမ်က ဆိုပါတယ်။
သုံးသပ်ချက်
အထက်မှာဖော်ပြထားတဲ့အချက်တွေနဲ့ စိစစ်လိုက်မယ်ဆိုရင် တောင်ကိုရီးယားအစိုးရဟာ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ဖမ်းဆီးဖို့ အမိန့်ထုတ်ထားတယ်ဆိုတဲ့အကြောင်းအရာဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို အောက်ဖော်ပြပါ Links ကနေတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Website link – https://myanmarfactcheckingnetwork.org
Facebook link – https://www.facebook.com/share/1Cy232FQNo/
#MFCN#LGE#FactCheck#SouthKorea#Myanmar_Military
