နာမည်ကြီးတွေရဲ့ဓာတ်ပုံပေါ်က ပုံစံတူပြောစကားအတုများရဲ့နောက်ကွယ်

ဆိုရှယ်မီဒီယာအသုံးပြုသူတွေအနေနဲ့ လူမှုကွန်ရက်ပေါ်မှာ နာမည်ကြီးသူ၊ ထင်ပေါ်ကျော်ကြားသူတွေရဲ့ ဓာတ်ပုံတွေအပေါ်မှာ သူတို့ပြောဆိုထားသလို ပြောစကား“Quote”နဲ့ ဖြန့်ချိထားတဲ့ postတွေကို မကြာခဏ တွေ့မြင်မိကြမှာပါ။ အဲဒီလိုမြင်ခဲ့ရင် “ဒီစကားကို သူတကယ်ပြောခဲ့တာလား” ဆိုတဲ့ သံသယအတွေး အရင်ဆုံးတွေးသင့်ပါတယ်။ 

ဘာကြောင့်လဲဆိုတော့ တချို့စကားလုံးတွေက တကယ်ပြောခဲ့တာလည်း ဖြစ်နိုင်ပေမယ့် တချို့စကားလုံးတွေကတော့ တကယ်မပြောခဲ့ဘဲနဲ့ လူစိတ်ဝင်စားစေဖို့၊ ပုံရိပ်ကျဆင်းစေဖို့၊ လူထုကို လှုံ့ဆော်ဖို့၊ နိုင်ငံရေးလှည့်ကွက် ဒါမှမဟုတ် ဝါဒဖြန့်ချိရေးအတွက် ရည်ရွယ်ချက်ရှိရှိ အတုပြုလုပ်ပြီး ဖန်တီးထားတဲ့ ပြောစကားတွေ ဖြစ်နေတတ်တာကို The Red Flagက တွေ့ရှိထားရလို့ပါ။ 

မြန်မာပြည်သူအများစုရဲ့ ဆန္ဒမဲတွေကို မျက်ကွယ်ပြုခဲ့ပြီး ၂၀၂၁ခုနှစ်ကမတရားသဖြင့် အာဏာသိမ်းပိုက်ထားတဲ့  စစ်တပ်က ရွေးကောက်ပွဲအတုပြုလုပ်ပြီး အသွင်းပြောင်းထားတဲ့လွှတ်တော်၊ အစိုးရပုံစံနဲ့ထွက်ပေါ်လာခဲ့တဲ့ ၂၀၂၆၊ မတ်လကနေစတင်ပြီး အခုအချိန်အထိ ဒီလိုပုံစံပြောစကားအတုတွေက စတင်ပျံ့ခဲ့၊ ပျံ့နေဆဲဘဲဖြစ်ပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ အခုနှစ် မတ်၊ ဧပြီနဲ့မေ သုံးလအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်ချန်နယ်တွေ၊ စစ်တပ်ထောက်ခံအကောင့်တွေက လူသုံးများတဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းအစုံမှာ တော်လှန်ရေးဘက်က ထင်ပေါ်ကျော်ကြားသူတွေရဲ့ဓာတ်ပုံတွေကို အသုံးပြုပြီး ပုံစံဆင်တူတဲ့ Fontတွေ၊ အရောင်တွေ၊ Templateတွေနဲ့ ဖန်တီးထားတဲ့ ပြောစကားအတုများစွာကို ဖြန့်ချိခဲ့တာ တွေ့နေရပါတယ်။ ဖြန့်ချိတဲ့ဓာတ်ပုံတွေမှာပါတဲ့ နာမည်ကြီးသူတွေက လုံးဝမပြောဆိုခဲ့ဖူးတဲ့ စကားလုံးတွေကို ရည်ရွယ်ချက်ရှိရှိ အတုဖန်တီးထားတာလို့ တွေ့ရပြီး အချက်အလက်စိစစ်ပေးထားမှုများလည်း ရှိပါတယ်။

မြန်မာပြည်သူတွေ အသုံးများတဲ့ Tik Tok, Facebook နဲ့ Telegram တွေမှာ အဓိကဖြန့်ချိပြီး၊ ချိတ်ဆက် ဖြန့်ချိမှုအချို့လည်းရှိနိုင်ကြောင်း တွေ့ရပါတယ်။ လေ့လာမှုအရ ဖြန့်ချိတဲ့အချိန်တွေက Telegramမှာ စတင်ဖြန့်ချိပြီး Facebookနဲ့ Tiktok တို့မှာထပ်မံဖြန့်ချိတဲ့ပုံစံမျိုး ဖြစ်တာများပါတယ်။ တချို့ကျတော့လည်း Facebook Platformက ကနဦးဖြန့်ချိခဲ့တဲ့နေရာ ဖြစ်နေတတ်ပါတယ်။

အဓိကဖြန့်ချိရာမှာသုံးခဲ့တဲ့ နာမည်တွေကတော့ မှိုင်းဝေ၊ ညို မင်းဝေ၊ နေပြည်တော်၊ တိုက်မောင်း၊ ကျော်စွာ၊ View Of Sue၊ သောင်းထိုက်ကျော်နှင့် နမ်းမုံ စတဲ့အမည်များစွာနဲ့အကောင့်များဖြစ်ပါတယ်။ 

လားရာရည်ရွယ်ချက်

ဖြန့်ချိတဲ့ပြောစကားအတု အကြောင်းအရာအများစုက NUGမှာတာဝန်ယူထားရတဲ့ဝန်ကြီး အများအပြားကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာပါ။ ပြောစကားအတုလို့လည်း သိသာစေတဲ့ ဖန်တီးမှုတွေပါပါတယ်။ ဒါပေမယ့်လည်း တချို့ပြောစကားအတုပုံစံတွေက တိုင်းရင်းသား ခေါင်းဆောင်တွေအကြား၊ တော်လှန်ရေးထောက်ခံသူတွေအကြား၊ မြေပြင်မှာတိုက်ပွဲဝင်နေကြတဲ့ PDFစစ်သည်များနဲ့NUGအကြား စသဖြင့် ဖြစ်စဉ်အမှန်တချို့ကို အခြေခံထားပြီး သွေးကွဲစေမယ့် အရေးအသားမျိုးကို ရည်ရွယ်ချက်ရှိရှိ အတုပြုလုပ်ပြီးဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ 

ဘယ်လိုပြောစကားအတုတွေလဲဆိုတာကို စာဖတ်သူတွေအနေနဲ့ လေ့လာနိုင်အောင် ဥပမာ Screenshotများနဲ့တကွ ရှင်းပြပါမယ်။ အောက်မှာဆက်လက်ကြည့်ရှုပေးပါ။

ဥပမာ(၁) Telegram Channel နဲ့ Tik Tok Account ဖြန့်ချိမှုတူညီတဲ့ပုံစံ။

ဒီမှာဆိုရင် အသုံးပြုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတူတယ်၊ ဖန်တီးထားတဲ့ ပြောစကားအတု၊ Font ပုံစံ၊ အရောင်အသုံးပြုထားတာလည်းတူညီပါတယ်၊ ဖြန့်ချိတဲ့ အမည်၊ ဖြန့်ချိပုံစံနဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းကဘဲ ကွဲပြားပါတယ်။ 

Telegram ချန်နယ်မှာ မှိုင်းဝေအမည်ယူထားတဲ့အကောင့်နဲ့ ဧပြီ(၂၃)ရက်မှာ ဖြန့်ချိခဲ့ပြီး Tiktok ပလက်ဖောင်းမှာတော့ နမ်းမုံအမည်ရအကောင့်နဲ့ မေလ-၃ရက်နေ့မှာ ဖြန့်ချိခဲ့တာကို တွေ့နိုင်ပါတယ်။ ပြည်သူ့ထည့်ဝင်မှုနဲဲ့ တော်လှန်ရေးလုပ်နေရတဲ့ နွေဦးတော်လှန်ရေးရဲ့ ပုံရိပ်၊ NUGရဲ့ပုံရိပ်ကို ကျဆင်းစေရန်” တောင်းစား”ဆိုတဲ့ Conceptကို ထည့်သွင်းပေးထားတာလို့ ယူဆနိုင်ပါတယ်။ 

ဥပမာ(၂) Facebook Accountနဲ့ Telegram Channel ဖြန့်ချိမှုတူညီတဲ့ပုံစံ။
ဒီဖြန့်ချိမှုနှစ်ခုမှာဆိုရင် နွေဦးတော်လှန်ရေးမှာ လူသိများထင်ရှားတဲ့ စာရေးဆရာ သရဝဏ်(ပြည်)ရဲ့ ဓာတ်ပုံတူတယ်၊ ဖန်တီးထားတဲ့ ပြောစကားအတု၊ Font ပုံစံ၊ အရောင်အသုံးပြုထားတာလည်းတူပါတယ်။ ဖြန့်ချိတဲ့ အမည်၊ ဖြန့်ချိပုံနဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းကဘဲ ကွဲပြားတာကိုတွေ့မြင်ရမှာပါ။ ညို မင်းဝေအမည်နဲ့ Facebook အကောင့်က ဧပြီလ၉ရက်မှာ စတင်ဖြန့်ချိခဲ့ပြီး မှိုင်းဝေအမည်ရ Telegram Channelကတော့ ဧပြီ(၁၀)ရက်မှာ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်၏ အကြမ်းဖက်ဖမ်းဆီးမှုများကြောင့် တတိယနိုင်ငံအထိ ထွက်ပြေးကြရတဲ့ တော်လှန်ရေးထောက်ခံသူတွေနဲ့ ပြည်တွင်းမှပြည်သူ၊ တော်လှန်ရေးရဲဘော်တွေအကြား အထင်မြင်လွဲမှားစေမယ့် Conceptကို ထည့်သွင်းဖြန့်ချိထားတာလို့ မြင်ရပါတယ်။ 

ဥပမာ(၃) တော်လှန်ရေးတိုက်ပွဲဝင်သူအချင်းချင်းအကြား သွေးခွဲသည့်ပုံစံပြောစကားအတုများ။

အပေါ်က Screenshotsတွေကို ကြည့်ရင် ဖြန့်ချိတဲ့အကောင့်တွေမတူညီဘူး၊ ဓာတ်ပုံတွေမတူညီဘူး၊ ပြောစကားတွေမတူညီဘူး၊ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေနဲ့ ဖြန်ချိတဲ့နေ့တွေ မတူညီကြပါဘူး။ ဒါပေမယ့် အားလုံးကိုခြုံကြည့်ရင်တော့ တူညီနေတဲ့ Templateပုံစံ၊ Fontပုံစံတွေရှိနေတယ်၊ အဓိကကတော့ ရည်ရွယ်ချက်ရှိရှိ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့တော်လှန်ရေးကို ပျက်ပြားစေမယ့်၊ အချင်းချင်းအကြား သွေးကွဲတဲ့အတွေး ဝင်စေမယ့် ပြောစကားအတုတွေကို ဖန်တီးထားတာ ဖြစ်ကြောင်းမြင်သာစေပါတယ်။ ပြီးတော့ဖန်တီးတဲ့အဖွဲ့က တဖွဲ့တည်းဘဲဖြစ်နိုင်ကြောင်းကို ဖြန့်ချိတဲ့အကောင့်တွေရဲ့ သဘောသဘာဝ၊ ဖြန့်ချိတတ်တဲ့ပို့စ်တွေကို သေချာလေ့လာစောင့်ကြည့်မယ်ဆိုရင် ဒီအဖွဲ့တွေရဲ့နောက်မှာ ဘယ်အဖွဲ့အစည်းရှိကြောင်း သုံးသပ်လို့ရနိုင်ပါတယ်။ 

ဆိုရှယ်မီဒီယာပလက်ဖောင်အစုံမှာ မကြာခဏမြင်နေရတဲ့ တော်လှန်ရေး နာမည်ကြီးသူတွေရဲ့ ဓာတ်ပုံပေါ်က ပုံစံတူပြောစကားအတုတွေရဲ့နောက်ကွယ်မှာ အာဏာသိမ်းစစ်တပ် ရှိနေပါတယ်။ ပြီးတော့ မြေပြင်မှာ အာဏာသိမ်းထားရုံသာမက စစ်တပ်နဲ့ သူတို့ရဲ့ဝါဒဖြန့်ချိရေးယန္တရားက ဆိုရှယ်မီဒီယာပလက်ဖောင်တွေပေါ်မှာပါ စနစ်တကျ၊ ပုံစံတူ၊ အချိန်ကိုက်၊ ရည်ရွယ်ချက်ရှိရှိ သတင်းတု၊ သတင်းမှား၊ ဝါဒဖြန့်ချိရေး၊ ပြောစကားအတုတွေ ကိုဖန်တီးဖြန့်ချိနေကြပါတယ်။

The Red Flagရဲ့ တွေ့ရှိမှုတွေအရ ဆိုရှယ်မီဒီယာပလက်ဖောင်းသုံးခုမှာ အဲဒီလိုဆင်တူတဲ့၊ တဖွဲ့တည်းကဘဲ လုပ်နေတယ်လို့ ယူဆလို့ရတဲ့ ပြောစကားအတု အကြောင်းအရာ(၃၂)ခုကို ၃လအတွင်းမှာ တွေ့ရှိ၊ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အသေးစိတ်လေ့လာဖတ်ရှုလိုရင် ဒီလင့်ကိုနှိပ်ပါ။ ဒါပေမယ့်ဒီထက်ပိုများတဲ့ အကောင့်၊ အကြောင်းအရာတွေလည်း ဆိုရှယ်မီဒီယာအစုံမှာ ပျံ့နှံ့နေနိုင်ပါတယ်။

ဒါကြောင့် နာမည်ကြီးသူတွေရဲ့ ဓာတ်ပုံနဲ့ပြောစကားတွေကိုတွေ့မိလို့ မျှဝေချင်လောက်အောင် ကြိုက်နှစ်သက်မိတယ်ဆိုရင် ဒီအချက်လေးတွေကို မဖြစ်မနေအရင်ဆုံးလုပ်စေချင်ပါတယ်။ 

“Share မလုပ်ခင် Search အရင်လုပ်ပါ”။ အဲဒီဓာတ်ပုံမှာပါဝင်တဲ့ နာမည်ကြီးသူ တကယ်ပြောခဲ့တဲ့ ဗီဒီယို၊အင်တာဗျူး ရှိသလား။ ဘယ်Sourceက ပျံ့နှံ့တာလဲ။ စိတ်ချရတဲ့ ဘယ်မီဒီယာမှာ ဘယ်အချိန်ကတင်ခဲ့တာလဲ။ ပြီးတော့ Fact Check Websiteတွေမှာ ဒီပြောစကားကို စိစစ်ပေးထား တာများရှိသလား စသဖြင့် Googleမှာ Searchအရင်လုပ်စေချင်ပါတယ်။ အဲလိုစိစစ်ပြီးလို့ စိတ်ချရမှ၊ အချက်အလက်မှန်ကန်မှ မိမိရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ မျှဝေပေးကြပါ။

နောက်မို့ဆိုရင်တော့ နာမည်ကြီးသူတွေရဲ့ဓာတ်ပုံပေါ်က ပြောစကားတွေဟာလည်း အတုဖြစ်နေနိုင်ပါတယ်။ အဲဒီအတုတွေရဲ့နောက်ကွယ်မှာလည်း အာဏာရှင်သက်ဆိုးရှည်စေမယ့် လက်မည်းကြီးတွေရှိနေတတ်တာ မမေ့ကြဖို့ကို  The Red Flagက သတိပေးခေါင်းလောင်းလေး ခေါက်လိုက်ပါတယ်နော်။