“သူတို့တတွေက ဇတ်တိုက်ထားတဲ့ အင်တာဗျူးတွေ၊ လိုသလိုပြန်တည်းဖြတ်ထားတဲ့ အသံဖိုင်တွေ ဒါဇင်နဲ့ ချီပြီး ဖန်တီးလိမ့်မယ်။ နောက်တော့ လူတွေကို ရည်ရွယ်ချက် ရှိရှိသတ်ဖြတ်ပြီး အခြားသူတွေကပဲ သတ်ဖြတ်သယောင် လုပ်ကြံဖန်တီး လိမ့်မယ်”
-ဇန်လပ်စကီး-
ယူကရိန်း သမ္မတ
ပင်မမီဒီယာများကို ထိန်းချုပ် ကန့်သတ်လာသည်။ အဆိုပါမီဒီယာများမှာ သတင်းတု၊ သတင်းမှားများ ဖြန့်နေသည့် မီဒီယာများဖြစ်ကြောင်း မိုးလုံးပြည့် မုသာဝါဒများ ဖြန့်ချိလာသည်။ ထိုနည်းတူ မိမိတို့၏ အတွေးအမြင်၊ ခံစားချက်များကို ထုတ်ဖော်ပြောဆိုသော ပြည်သူများကို နည်းအမျိုးမျိုးဖြင့် နှိပ်ကွပ်လာသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အညီပြောဆိုသော ပြည်သူများကိုပင် စစ်လော်ဘီတို့ အထိန်းအချုပ်မဲ့ ပြောဆိုလာနိုင်သော Telegram ကဲ့သို့ လမ်းကြောင်းမှ တစ်ဆင့် ခြိမ်းခြောက်မှု အမျိုးမျိုးအဖုံဖုံ ဖော်ဆောင်လာသည်။
ယင်းမှာ ခေတ်သစ်ကမ္ဘာကြီးတွင် တရုတ်နှင့် ရုရှားတို့က ၎င်းတို့ ကျူးလွန်သော စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးနှင့် သဘာ၀ပတ်ဝန်းကျင်ရေးဆိုင်ရာ ရာဇဝတ်မှု တို့ကို ဖုံးကွယ်ရန် ကြိုးပမ်းသော နည်းနာ တစ်ရပ်ဖြစ်သည်။ ထိုသို့ဖြင့် အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်း၏ နောက်လိုက်များ ကျူးလွန်နေသော ရာဇဝတ်မှု အမျိုးမျိုးကို ဖုံးကွယ်ပြီး အခြားအင်အားစုများထံ မြှားဦးလှည့်ရန် ကြိုးပမ်းလာသည်။ အထက်ဖော်ပြပါ ယူကရိန်း သမ္မတ၏ ပြောစကားမှာ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီး လူအများအပြားကို သတ်ဖြတ်နေချိန်တွင် ၎င်းတို့၏ စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန် ဝါဒဖြန့်ချိခြင်းနည်းအားဖြင့် မည်သို့ ကြိုးစားနေသည်ကို အလေးပေးဖော်ပြထားခြင်း ဖြစ်သည်။
PDF များ အလင်းဝင်လာဟန် ဖန်တီးဇာတ်တိုက် ဖန်တီးထားသည့် ဝါဒဖြန့်ချိရေး ဗီဒီယိုများကို ထောက်ချင့်ခြင်း အားဖြင့် စစ်ကောင်စီတို့ အသုံးပြုသော ယင်းနည်းနာကို တွေ့နိုင်သည်။ ဇူလိုင်အတွင်း ဒီမိုကရေစီအရေး လှှုပ်ရှားသူ ကိုဖြိုးဇေယျာသော်နှင့် ကိုဂျင်မီတို့ကို သေဒဏ်ကျူးလွန်ပြီး ယင်းပြစ်ဒဏ်သည် ထိုက်တန်ကြောင်း အမျိုးမျိုးသော လှုပ်ရှားမှု ဖန်တီးခြင်း၊ (ဥပမာ – ၎င်းတို့၏ နေအိမ်ရှေ့သို့ လူအုပ်စုတစ်စု စေလွှတ်ပြီး တရားမျှတမှု တောင်းဆိုဟန် စီမံခဲ့ခြင်း)၊ စစ်ကောင်စီ ပြန်ကြားရေး၊ စစ်လော်ဘီများမှ တစ်ဆင့် ဝါဒဖြန့်ချိခြင်းတို့တွင် ယင်းသို့သော နည်းနာများကို တွေ့ရသည်။
အာဏာသိမ်း စစ်တပ်သည် နိုင်ငံတဝန်း အထူးသဖြင့် စစ်ကိုင်းတိုင်းတွင် နိုင်ငံတကာ စစ်ရာဇာဝတ်မှုမြောက်သည့် အကြမ်းဖက်လုပ်ရပ်များကို ပေါ်ပေါ်တင်တင်ကျူးလွန်လျက်ရှိသည်။ ၎င်းတို့၏ အကြမ်းဖက်ဖမ်းဆီး၊ သတ်ဖြတ်၊ မီးရှို့မှုများကို ဖုံးကွယ်ရန်အတွက် စစ်တပ်လော်ဘီများက လူမှုကွန်ရက်စာမျက်နှာ၊ ဆိုရှယ်မီဒီယာပလက်ဖောင်းမျိုးစုံ မှ တစ်ဆင့် သတင်းမှားဖြန့်ခြင်းကို စစ်ဆင်ရေး တရပ်ကဲ့သို့ ပြုလုပ်နေကြသည်။
စစ်အာဏာရှင်သည် နိုင်ငံရေး၊ စစ်ရေးကို ဘာသာရေးနှင့် ချိတ်ဆက်သည့် သတင်းမှားဖြန့်ချိမှုကို နည်းဟောင်းကြီး အတိုင်းလုပ်မြဲလုပ်နေသည်။ ထို့အပြင် ပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးစေရန် လှုံ့ဆော်မှုများ စစ်တပ်လော်ဘီက လုပ်ဆောင်လာပြီးနောက် အမှန်တကယ် ဖမ်းဆီးခံရသည်။ ဗုံးကြဲရန် လှုံ့ဆော်ပြီးသည့်နောက် အာဏာသိမ်းစစ်တပ်မှ အမှန်ပင် လေကြောင်းကို တွင်တွင်ကျယ်ကျယ် အသုံးပြုကာ တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် သတင်းမှားဖြန့်ချိသူ စစ်တပ်လော်ဘီ Bad Actors တို့၏ ဩဇာအာဏာ တဖြေးဖြေး တန်းခိုးထွားလျက်ရှိသည်။
စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ပြည်သူများသည် တကယ့်မြေပြင်တွင် ‘စစ်ဘေးရှောင်’များဖြစ် လာသည်။ ထို့အတူ ‘ဟန်ငြိမ်းဦး၊ ကျော်စွာ၊ ဘညွန့်’ စသည့် သတင်းမှားဖြန့် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် စောင့်ကြည့်ခံရမှု၊ ခြိမ်းခြောက်မှု၊ အမုန်းစကား ဖြန့် အကြမ်းဖက်မှု၊ နှိမ့်ချစော်ကားမှုတို့ကို နေ့စဉ် ရင်ဆိုင်လာရပြီး ‘အင်တာနက် ဘေးရှောင်’ များပေါ်လာသည်။
အချိန်နှင့်အမျှ စောင့်ကြည့်ခံရမှုကြောင့် မိမိ၏ ကိုယ်ပိုင်စာမျက်နှာများပေါ်တွင် ယုံကြည်ရာ အတွေး၊ အမြင်၊ ခံယူချက်များကိုပင် ရေးသားခွင့် ဆုံးရှုံးလာရသလို နိုင်ငံရေးနှင့် ပတ်သက်၍ မှတ်ချက်ပြုမှု၊ ပြန်လည်မျှဝေမှုပင် လုပ်ရမည်ကို စိုးရွံ့နေကြရသည့် အခြေအနေဖြစ်သည်။
ပြည်သူများယုံကြည်သည့် အမှန်တရား၊ အကြောင်းအရာများ ရေးသား၊ ဖော်ထုတ်မှုကို လေလှိုင်းပေါ်မှ သတင်းမှားနှင့် အမုန်းတရားဖြန့်ချိသူ အကြမ်းဖက်လော်ဘီများ၏ စောင့်ကြည့်ခံရမှုကို ကြောက်ရွံ့ရခြင်း၊ အဖမ်းဆီးနှိပ်စက်ခံရခြင်း၊ တောင်းပန်းတိုးလျှိုရခြင်းများ ပြုလုပ်နေကြရသည်။
စစ်တပ်၏ အာဏာသိမ်းမှုနောက်ကွယ်တွင် ပြည်သူများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မှာ တဖြေးဖြေးမှေးမှိန်လာကာ၊ ပြည်သူတို့၏နေ့စဉ်ဘဝမှာ အာဏာသိမ်း စစ်တပ်မှ ဖြန့်ချိချင်သည့် သတင်းမှား၊ ဝါဒဖြန့်ချိမှုများ နေရာယူရန် အရှိန်မြှင့်လာနေသည်ကို တွေ့ရှိနေရပါသည်။
သတင်းမှားတင်သည့် လူမှုကွန်ရက် ပလက်ဖောင်းအများစုမှာ Facebook၊ Telegram နှင့် Youtube တို့ဖြစ်သည်။ သို့သော်ဇူလိုင်လအတွင်း Facebook နှင့် Telegram တွင်ဖြန့်ချိခဲ့သည့် သတင်းမှား အကြောင်းအရာ များကို စောင့်ကြည့်နိုင်ခဲ့သည်။
The Red Flag အနေဖြင့် ဇူလိုင်လအတွင်း အထိ သတင်းမှား ဖြစ်တန်ချေအကြောင်းအရာ ၁၂၆ ခု နှင့် အချက်အလက်စစ်ဆေးသည့် ဌာနများကစိစစ်ခဲ့သည့် သတင်းမှား အပုဒ်ရေ ၁၃၀ ပုဒ်၊ စုစုပေါင်း သတင်းအမှားပုဒ်ရေ ၂၅၆ ကို စောင့်ကြည့်လေ့လာနိုင်ခဲ့သည်။ The Red Flag Website တွင် သတင်းမှားဖြစ်တန်ချေများကို စိစစ်နိုင်ရန် Daily Alert အပုဒ်ရေ ၉၀ ကို တင်ခဲ့သည်။ အချက်အလက်စစ်ဆေးသည့် ဌာနများ အနေနှင့်လည်း ဇူလိုင်လအတွင်း ကြိုတင် သတိထား ဆင်ခြင်ဖွယ်ရာ သတင်းတု၊ သတင်းမှား ဖြစ်လာနိုင်ခြေ Pre-bunking အကြောင်းအရာ ၅ ခုကို တင်ဆက်နိုင်ခဲ့သည်။