MFCN/ The Akyab Post/ The Red Flag
Fact-check
28 Jan 2025
အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ အာရက္ခတပ်တော် အေအေက ပြည်သူတွေ နေထိုင်ကြတဲ့ ရွာအနီးအနားပတ်ဝန်းကျင်မှာ မိုင်းထောင်နေတယ်ဆိုပြီးတော့ ရေးသားထားကြတဲ့ ပို့စ်တွေဟာ ပုံနဲ့တကွ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “တိုက်ပွဲသတင်းစုံ” ကနေ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ “အကြမ်းဖက် အေအေ အဖွဲ့၏ အနိုင်ကျင့်နှိပ်စက်မှုများကြောင့် ရခိုင်ဒေသခံများ ပြည်မဘက် ထွက်ပြေးနေကြသည်မှာ နေ့စဉ်ရက်ဆက်များပြားလှပါသည်။ ဒေသခံတွေမရှိရင် လူသားတံတိုင်းလုပ်လို့ မရတော့တဲ့အတွက် ရွာသားများထွက်မပြေးနိုင်အောင် ရွာများ၏ပတ်လည်တွင် မြေမြုပ်မိုင်း အများအပြား လိုက်လံထောင်ထားကြောင်း သိရှိရသည်။ အကြမ်းဖက် AA ဆေးကြောင်အဖွဲ့ရဲ့ ယုတ်မာရက်စက်မှုတွေထဲက ၁ ခုပေါ့။ ဒီထက် ယုတ်မာရက်စက်တာတွေ အများကြီးရှိပါသေးသည်။” (မူရင်းအရေးအသား) ဆိုပြီးတော့ ပုံနဲ့တကွ ဖြန့်ချိထားပါတယ်။
ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၂၉၀၀၀ ကျော်ထိရှိပြီးတော့ reaction ပေးသူ ၆၆၈ ဦးထိရှိပြီးတော့ Facebook စာမျက်နှာနဲ့ အခြားစစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိိပါတယ်။
ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နေတဲ့ ပို့စ်ကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ အေအေတပ်သားတွေဟာ မောင်တောမြို့နယ်မှာ မ်ိုင်းရှင်းလင်းရေး လုပ်ဆောင်နေကြတဲ့ ပုံတွေကို ရွာအနီးအနား ပတ်ဝန်းကျင်မှာ မိုင်းထောင်နေကြပါတယ်ဆိုပြီး လုပ်ကြံရေးသားကာ သတင်းတုသတင်းမှား ဖြန့်ခဲ့တာကို တွေ့ရပါတယ်။
ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse Image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
ဝါဒဖြန့်ချန်နယ်တွေကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံကို google reverse Image search tools နဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ရခိုင်ဒေသအခြေပြု သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Border News Agency ကနေ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ “မောင်တောမှာ အာရက္ခတပ်တော်မိုင်းရှင်းလင်းရေးလုပ်နေ (ဓာတ်ပုံသတင်း)” ဆိုတဲ့ သတင်းမှာပါရှိတဲ့ ပုံတွေ ဖြစ်နေတာကို တွေ့ရပါတယ်။
Border News Agency ရဲ့ ရေးသားဖော်ပြချက်တွေအရ မောင်တောမြို့နယ်မှာ အမှတ် ၇၆၆ တပ်ရင်း၊ မောင်တောမြို့ပေါ်ကို ရေပေးဝေးနေတဲ့ မြကံသာဆည်အနီးဝန်းကျင်နဲ့ ကားလမ်းမ အနီးအနားတွေမှာ ဇန်နဝါရီလ ၂၀ ရက်နေ့က မိုင်းရှင်းလင်းခဲ့တာလို့ ရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီသတင်းကိုပဲ Narinjara သတင်းဌာနကနေ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ “မောင်တောမှာ AA က မိုင်းရှင်းလင်းစဉ် နှစ်ရက်အတွင်း မိုင်း ၇၈ လုံးတွေ့ရှိ” လို့ ရေးသားဖော်ပြထားပါတယ်။
Narinjara သတင်းဌာနရဲ့ ရေးသားဖော်ပြချက်မှာလည်း မောင်တောမြို့မှာရှိတဲ့ တပ်ရင်းတစ်ခု၊ ကားလမ်းမတွေနဲ့ မြကံသာဆည်အနားဝန်းကျင်တွေမှာ အာရက္ခတပ်တော်ဖက်ကနေ က ဇန်နဝါရီလ ၂ဝ ရက်နဲ့ ၂၁ ရက်တွေမှာ M- 14 မိုင်း (၇၈)လုံးကို မိုင်းရှင်းလင်းရေးလုပ်နိုင်ခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။
အခြားသတင်းဌာနဖြစ်ကြတဲ့ Arakan Bay News နဲ့ Western News တို့ကနေလည်း အေအေဖက်ကနေ မောင်တောမြို့နယ် မိုင်းရှင်းလင်းရေးလုပ်နေတဲ့ ပုံတွေဖြစ်တာကို ရေးသားဖော်ပြထားပါတယ်။
ဒေသတွင်း သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေအရ အေအေဖက်ကနေ မောင်တောမြို့နယ်မှာ မိုင်းရှင်းလင်းရေးလုပ်ခဲ့တာကို တွေ့ရပါတယ်။
စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့နေသလိုမျိုး အေအေဖက်ကနေ ပြည်သူတွေနေထိုင်တဲ့ ရွာအနီးအနားမှာ မိုင်းထောင်တယ်ဆိုတာကို မတွေ့ရှိရဘဲ မိုင်းရှင်းလင်းရေးလုပ်နေတာကိုသာ တွေ့ရပါတယ်။ လုပ်ကြံရေးသားထားတဲ့ သတင်းတုသတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
ဒီအချက်အလက်တွေအရ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ အေအေတပ်သားတွေကနေ ပြည်သူတွေ နေထိုင်တဲ့ ရွာအနီးအနား ပတ်ဝန်းကျင်မှာ မိုင်းထောင်တယ်ဆိုတာဟာ လုပ်ကြံရေးသားပြီး သတင်းတု သတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။
ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ပြီး ရေးသားပြီး သတင်းတုသတင်းမှားတွေ ဖြန့်လေ့ရှိပါတယ်။
လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပါတယ်။ ဒီကျုးလွန်မှုတွေကိုလည်း စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
