Fact Check/ လဂွန်းအိမ်၊ ဟုတ်တယ်Vsမဟုတ်ဘူး/The Red Flag
9 April 2026
အနှစ်ချုပ်
မင်းဘူးခရိုင် PDF တပ်ရင်း ၃ မှ ယာယီတပ်ရင်းမှူးသည် NUG ၏ ခိုင်းစေမှုအရ လုပ်ကြံသတ်ဖြတ်ခံရဆိုသည့် အကြောင်းအရာသည် နားလည်မှုလွဲမှားစေရန်ရည်ရွယ်ပြီး လိုသလို ဖြတ်တောက်ပုံဖော်ထားသည့် သတင်းမှား ဖြစ်ကြောင်းကို ဟုတ်တယ် Vs မဟုတ်ဘူး နှင့် လဂွန်းအိမ် အချက်အလက်စစ်ဆေးသည့်အဖွဲ့များမှ စစ်ဆေးအတည်ပြုထားပါသည်။
ပျံ့နှံ့မှု
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွင် “မင်းဘူးခရိုင် PDF တပ်ရင်း ၃ အကြမ်းဖက်အဖွဲ့က ယာယီတပ်ရင်းမှူး ဟိုးကြီး ဆိုတဲ့ အကြမ်းဖက်ကောင်ဟာ ကိုယ့်ကိုယ်ကို သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်သွားတာမဟုတ်ဘဲ NUG ကြမ်းဖက်အဖွဲ့ရဲ့စေခိုင်းချက်အရ လက်ကိုင်တုတ် PDF အကြမ်းဖက်တွေရဲ့ နှုတ်ပိတ်သတ်ဖြတ် လုပ်ကြံခြင်းခံခဲ့ရ” (မူရင်းအရေးအသား) အတိုင်း ဖြန့်ဝေထားပါသည်။ ။ ၎င်းပို့စ်ကို မြင်တွေ့သူ ၇၄၀၀ကျော် နှင့် Reaction ပြုလုပ်သူ ၁၇၀ ကျော် အချက်အလက်စစ်ဆေးချိန်အထိ ရှိပါသည်။။
သတင်းမှားဖြန်ဝေသည့်လင်ခ့်
အချက်အလက် စိစစ်ချက်
Google Search တွင် “မင်းဘူးခရိုင် PDF တပ်ရင်း ၃ မှ ယာယီတပ်ရင်းမှူးဟိုးကြီး” ဆိုသည့် စကားစုဖြင့် ရှာဖွေကြည့်သည့်အခါ, Thet Htwe Naing – Freelance Journalist, မြေလတ်အသံ နှင့် Myanmar Now တို့မှ အဆိုပါအကြောင်းအရာနှင့် ပတ်သက်ပြီး သတင်း ရေးသား ဖော်ပြထားသည်ကိုတွေ့ရှိရသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က het Htwe Naing – Freelance Journalis Facebook စာမျက်နှာမှ မကွေးတိုင်း မင်းဘူးခရိုင် PDF အမှတ် ၃ တပ်ရင်း ယာယီတပ်ရင်းမှူး ဟိုးကြီး အဆုံးစီရင် ဆိုသည့် ခေါင်းစဉ်ဖြင့် ယာယီတပ်ရင်းမှူးဟိုးကြီးဟာ ကျေးရွာတခု ဆေးခန်းထဲမှာ တခြားရဲဘော်တွေကို အပြင်ကို သွားကြဖို့ ပြောပြီး သူတဦးတည်း ရှိချိန်မှာ သေနတ်နဲ့ ပစ်ခတ် အဆုံးစီရင် သွားကြောင်း သတင်းဖော်ပြထားပါတယ်။ သတင်းအပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ထို့အပြင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့တွင် မြေလတ်အသံ သတင်းဌာနမှ ရေးသားခဲ့သည့် သတင်းတပုဒ်တွင် လည်း “သူ ဒီလိုမလုပ်ခင် အထက်ကဖိအားအရမ်းပေးခဲ့တယ်၊ စိတ်အတော်ပင်ပန်းနေပြီလို့ ပြောပါတယ်၊ သူ့ကိုယ်သူ ပစ်သတ်သွားတာဗျ၊ အခန်းထဲမှာ တစ်ယောက်တည်းရှိတဲ့အချိန် ကိုယ့်ကိုယ်ကို သတ်သေသွားတာပါ” ဟု မင်းဘူးခရိုင် အမှတ် ၃ တပ်ရင်းမှ တပ်ဖွဲ့ဝင် Viper ၏ ပြောဆိုမှုကို အခြေခံပြီး သတင်းဖော်ပြထားပါသည်။
သတင်းအပြည့်အစုံကိုဝင်ရောက်ဖတ်ရှုနိုင်ပါတယ်
Myanmar Now သတင်းဌာနမှ ဖော်ပြခဲ့သည့် သတင်းတွင်လည်း မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ယာယီတပ်ရင်းမှူးတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့်ပစ်ခတ်ကာ အဆုံးစီရင်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားပါသည်။ သတင်းအပြည့်အစုံကို အောက်ပါ လင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
သုံးသပ်ချက်
အထက်တွင်ဖော်ပြခဲ့သည့်အချက်များဖြင့် တိုက်ဆိုင်စိစစ်ချက်အရ စစ်တပ် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များမှ ဖြန့်ဝေထားသော မင်းဘူးခရိုင် PDF တပ်ရင်း၃မှ ယာယီတပ်ရင်းမှူးသည် NUG ၏ ခိုင်းစေမှုအရ လုပ်ကြံသတ်ဖြတ်ခံရ၍ သေဆုံးသွားဆိုသည့် အကြောင်းအရာသည် လိုအပ်သလိုပုံဖော်ပြီး နားလည်မှုလွဲမှားစေရန်ရည်ရွယ်ပြီးဖြန့်ဝေနေသည့် သတင်းမှားဖြစ်ကြောင်း တွေ့ရှိရပါသည်။
အကြံပြုချက်
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို အောက်ဖော်ပြပါ Links ကနေတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Website link – https://myanmarfactcheckingnetwork.org
Facebook link – https://www.facebook.com/share/1Cy232FQNo/
#MFCN#LGE#ဟုတ်တယ်Vsမဟုတ်ဘူး#FactCheck#PDF#NUG#Myanmar_Military
