“ခေတ်သစ် အာဏာရှင်စနစ်နဲ့ ထိန်းချုပ်ရာမှာ လူသတ်တာထက်
လိမ်တာက ပိုထိရောက်တယ်”Spin Dictators စာအုပ်မှ ကောက်နုတ်ချက် –
အနှစ်ချုပ်
၂၀၂၁ ခုနှစ် အာဏာသိမ်း မြန်မာ စစ်အာဏာရှင်တို့မှာ မုသာဝါဒ သက်သက်ဖြင့် လူထုကို ထိန်းချုပ်နိုင်ရန် ကြိုးစားပါသေးသည်။ သို့သော် လိမ်လည်မုသားကို လူထုက မည်သို့မျှ မယုံတော့သောအခါ လူသတ်ရန်သာ ရွေးချယ်စရာ ရှိတော့သည်။ စက်တင်ဘာလ သတင်းတု၊ သတင်းမှားများကို လေ့လာချက်အရ စစ်ကောင်စီက လက်မရွဲ့စွာ သတ်ဖြတ်သည်၊ ထို့အပြင် ပြောင်ပြောင်တင်းတင်း လိမ်လည်သည်။ စစ်ကောင်စီ၏ နောက်မြီးဆွဲ အဖွဲ့များက အဖော် အပေါင်းဖြင့် ကူလိမ်ပေးသည်။ လူထုကို ထင်ယောင်ထင်မှား ဖြစ်အောင် သတင်းတု၊ သတင်းမှား ဖြန့်ချိသည်။
သတင်းမှားတင်သည့် လူမှုကွန်ယက် ပလက်ဖောင်းအများစုမှာ Facebook၊ Telegram နှင့် Youtube တို့ဖြစ်သည်။ သို့သော်ဇူလိုင်လအတွင်း Facebook နှင့် Telegram တွင်ဖြန့်ချိခဲ့သည့် သတင်းမှား အကြောင်းအရာ များကို စောင့်ကြည့်နိုင်ခဲ့သည်။
စက်တင်ဘာလအတွင်း စောင့်ကြည့်နိုင်ခဲ့သည့် သတင်းအမှားဖြစ်နိုင်ချေ အကြောင်းအရာ ၈၅ ပုဒ်နှင့် အချက်အလက် စိစစ်ပေးသည့် ဌာနများမှ စိစစ်ပေးနိုင်ခဲ့သည့် သတင်းအမှား ၁၁၇ ပုဒ်၊ စုစုပေါင်း ၂၀၂ ပုဒ်ကို The Red Fag မှ စောင့်ကြည့်လေ့လာနိုင်ခဲ့ပါသည်။
ပျံ့နှံ့ခဲ့သည့် သတင်းမှားဖြစ်နိုင်ချေအကြောင်းအရာ ၈၅ ပုဒ်အနက် ၇၅ ပုဒ်ကို မိတ်ဖက် သတင်းဌာနများ စိစစ်နိုင်ရန် Daily Alert အနေဖြင့် နေ့စဉ် ပို့ပေးနိုင်ခဲ့ပါသည်။
စောင့်ကြည့်ရသည့် Bad Actor စာရင်းလည်း ပိုမိုများပြားလာပြီး ၁၈၅ ခုအထိ တိုးလာခဲ့သည်။
ပုံမှန်ဖော်ပြနေကြအတိုင်း စက်တင်ဘာလအတွင်း စောင့်ကြည့်ခဲ့သည့် သတင်းတု၊ သတင်းမှားများကို အခန်း (၂) တွင် ကောက်နုတ်ထားသည်။ ယင်းအပြင် စက်တင်ဘာအတွင်း အလေးဂရုပြု လေ့လာအပ်သော ထူးခြားသည့် ဖြစ်စဉ် သုံးရပ်ကို အသေးစိတ် တင်ပြထားပါသည်။ ယင်းဖြစ်ရပ် သုံးခုကို ထောက်ချင့်ခြင်းအားဖြင့် စစ်ကောင်စီနှင့် လော်ဘီများက တော်လှန်ရေးအင်အားစုများကို ပစ်မှတ်ထားကာ မည်သို့ လိမ်လည် ဝါဒဖြန့်နေသည်ကို လေ့လာနိုင်ပါသည်။
ယင်းနောက် အချက်အလက် စိစစ်သည့် ဌာနများက ဖော်ပြခဲ့သည့် သတင်းတု၊ သတင်းမှားများ၊ မစစ်ဆေးနိုင်ဘဲ ကွာဟခဲ့သည့် သတင်းတု၊ သတင်းမှားများကို နောက်ဆက်တွဲ ဇယားနှင့် အသီးသီးဖော်ပြထားပါသည်။