လေလှိုင်းပေါ်မှ လှည့်ဖျားမှုများ (မတ်လ သတင်းတု၊ သတင်းမှား အစီရင်ခံစာ)

ဝါဒ ဖြန့်ချိရေးဆိုသည်မှာ အသစ်တစ်ခုတော့ မဟုတ်ပါ။ အဖွဲ့အစည်းတစ်ရပ်က ၎င်းတို့၏ လုပ်ဆောင်ချက်များ မှန်ကန်ကြောင်း လူအများကို အယုံသွင်းရန်၊ ၎င်းတို့၏ နောက်လိုက် အပေါင်းအပါများ ယုံကြည်စွာ လိုက်နာ လုပ်ဆောင်ရန် သတင်းအချက်အလက်၊ ရုပ်ပုံတို့ကို အသုံးချကာ လှည့်ဖျား လုပ်ဆောင်လေ့ရှိသည်။ အထူးသဖြင့် သမိုင်း၏ အလှည့်အပြောင်း ဖြစ်လေ့ရှိသော စစ်ပွဲများ အတွင်း၊ ပဋိပက္ခများအတွင်း အဓိက အသုံးပြု လေ့ရှိကြသည်။

ဝါဒဖြန့်ချိရေးကို အကောင်းဘက်မှ အသုံးပြုပါက ဝန်းကျင်အသိုင်းအဝိုင်း အတွက် ကောင်းကျိုးပြုတတ်ပါသည်။ သို့သော် လိမ်လည်လှည့်ဖျားပြီး အဖွဲ့အစည်းတစ်ရပ်ရပ်၏ အကျိုးအလို့ငှာ အမြတ်ထုတ်ရုံသက်သက်ဆိုပါကာ ဝန်းကျင်အသိုင်းအဝိုင်းကို အဆိပ်အတောက် ဖြစ်စေလေ့ရှိပါသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့၏ အာဏာသိမ်းမှုမှာ တရားကြောင်း ပြသရန် နည်းအမျိုးမျိုးဖြင့် လိမ်လည် လှည့်ဖျားနေသည်ကို ထင်ရှားစွာ တွေ့ရသည်။ စစ်ကောင်စီ ထိန်းချုပ် မီဒီယာများမှ သော်လည်းကောင်း၊ ၎င်းတို့ကို ထောက်ခံအားပေးသော မီဒီယာများ၊ အုပ်စုများ၊ လူပုဂ္ဂိုလ်များမှ တစ်ဆင့်သော်လည်းကောင်း အမျိုးမျိုးသော မီဒီယာ ပလက်ဖောင်းကို အသုံးပြု၍ လှည့်ဖျားနေသည်ကို တွေ့ရသည်။

ထိုအချိန်တွင် ယင်းတို့ကို တန်ပြန် စစ်ဆေးတင်ပြသော Fact Check မီဒီယာများ၊ အဖွဲ့အစည်းများလည်း ရှိပါသည်။ သို့သော် ‘အမှန်တရားက ဖိနပ်စီးချိန်တွင် မုသားမှာ ကမ္ဘာပတ်နေပြီ’ ဟူသော ဆိုစကား အတိုင်း အမျိုးမျိုးသော လှည့်ဖျား၊ လိမ်လည် တင်ဆက်မှုများ အားလုံးကိုတော့ လွှမ်းခြုံ စစ်ဆေး တင်ဆက်နိုင်ရန် ခက်ခဲပါသည်။

ယင်းသို့သော် အခြေအနေတွင် ၁) စစ်ကောင်စီနှင့် ၎င်းကို ထောက်ခံသူများ လစဉ် ဖြန့်ချိနေသော သတင်းမှား၊ သတင်းတု၊ ဝါဒဖြန့် ပုံသဏ္ဍာန်နည်းနာများ၊ ၂) Fact Check လုပ်ဆောင်နေသော အဖွဲ့အစည်းများက လုပ်ဆောင် တင်ဆက်နေသော သတင်းတု၊ သတင်းမှားများ၊ ၃) ၎င်းတို့ နှစ်ခု ကြား အကွာအဟ တို့ကို စုစည်းသုတေသန ပြုရန် အခြေအနေ ဖြစ်လာပါသည်။ ယင်းမှ တစ်ဆင့် စစ်ကောင်စီ၏ ခြေလှမ်းများကို ခြေရာခံ မှတ်တမ်းပြုထားနိုင်ပြီး Fact Check လုပ်ဆောင်နေသော အဖွဲ့အစည်းများအတွက် အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါသည်။

အစီရင်ခံစာ အနှစ်ချုပ်

 

၂၀၂၂ ခုနှစ် မတ်လအတွင်း သတင်းတု၊ သတင်းမှား ဖြစ်နိုင်ဖွယ် အရေအတွက် ၄၀ ကို ယခုအစီရင်ခံစာတွင် စောင့်ကြည့်မှတ်တမ်းပြုခဲ့ပါသည်။ ယင်းသတင်းတု၊ သတင်းမှားများကို စစ်ကောင်စီ ထောက်ခံသူ၊ အားပေးသူ အဖွဲ့နှင့် လူပုဂ္ဂိုလ်တို့၏ Facebook စာမျက်နှာ ၃၀ ဝန်းကျင်က တင်ဆက်ခဲ့ပြီး အထူးအားဖြင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF) တို့၏ လုပ်ဆောင်ချက်ကို ပုံဖျက်ရန်၊ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကို ပုံဖျက်ရန်၊ တိုင်းရင်းသား လက်နက်ကိုင်များ နှင့် အခြား စစ်အာဏာရှင် တော်လှန်ရေးအင်အားစုများအကြား ပုံဖျက်သွေးခွဲရန် လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရသည်။

အထူးသဖြင့် မတ်လ ကုန်တွင် စစ်ကောင်စီက ကျင်းပခဲ့သော တက္ကသိုလ်ဝင်တန်း စာမေးပွဲ၊ PDF ရဲဘော်များ၏ စိန်ခေါ်မှုများကို အသုံးချ၍ PDF တော်လှန်ရေး အင်အားစုများကို သွေးခွဲ ပုံဖျက်ရန် ကြိုးပမ်းခြင်း၊ ဘာသာရေးကို အသုံးချ၏ ဒီမိုကရေစီ အင်အားစုများကို ပုံဖျက်ရန် ကြိုးပမ်းခြင်း၊ စစ်ကောင်စီ၏ ညံ့ဖျင်းသော စီမံအုပ်ချုပ်မှုအကြား ပိုမိုခက်ခဲလာသော စီးပွားရေး၊ လူမှုရေး အခြေအနေတို့ကို အသုံးချကာ PDF နှင့် တော်လှန်ရေး အင်အားစုများကြောင့် လူထု၏ လူမှုစီးပွား ဘ၀ ပိုမိုနိမ့်ကျလာသယောင် ပုံဖော်ခြင်းတို့ ရှိခဲ့သည်။

အခြားတစ်ဖက်တွင်လည်း Fact Check လုပ်ဆောင်နေသော မီဒီယာများ၊ အဖွဲ့အစည်းများ၏ စစ်ဆေး တင်ပြချက်များကို ယခုအစီရင်ခံစာတွင် မှတ်တမ်းပြုထားပါသည်။ သက်တမ်းရှည် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း တစ်ခု ဖြစ်သော ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ပတ်သက်သော သတင်းတု၊ သတင်းမှားတို့ကို စစ်ဆေး ခြေဖျက်နိုင်ခြင်း ကဲ့သို့သော လုပ်ဆောင်ချက်များမှာ အားရစရာ ဖြစ်သည်။ အခြား တစ်ဖက်တွင်လည်း စစ်ကောင်စီနှင့် ထောက်ခံသူများ၏ အရေးကြီးသော သတင်းတု၊ သတင်းမှား၊ အဆိပ်သွင်း ဝါဒဖြန့်ချိရေး အချို့ကို လွှမ်းခြုံ တန်ပြန်ရန် လိုအပ်ချက် ရှိနေသေးသည်ကို တွေ့ရသည်။

ယင်းတို့ကို လေ့လာနိုင်ရန် သတင်းတု၊ သတင်းမှား၊ အဆိပ်သင့် ဝါဒဖြန့်ချိရေး ပုံသဏ္ဍာန်အချို့ကိုလည်း ယခု ဖော်ပြပါ အစီရင်ခံစာတွင် ကောက်နုတ်တင်ပြထားပါသည်။ ယင်းတို့နှင့် အတူ စာရှုသူ ပရိသတ်တို့၏ တုံ့ပြန်ချက် အချို့ကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။

ယခု အစီရင်ခံစာ သည် ပထမဆုံး အစီရင်ခံစာ ဖြစ်သည်နှင့် အညီ စောင့်ကြည့်ရေး နည်းနာ အသုံးပြုမှု အသားမကျသေးခြင်း၊ စောင့်ကြည့်ရန် အခြေခံဗျူဟာများ ချမှတ်မှု အတွက် လိုအပ်ချက်များ ရှိခြင်းကြောင့် အကန့်အသတ်နှင့် အားနည်းချက်များ ရှိနေပါသေးသည်။ ခေတ်မီနည်းပညာနှင့် Software တို့ကို အသုံးပြုစောင့်ကြည့်သည့်တိုင် အဦးအစ ဖြစ်သည်နှင့် အညီ ချွတ်ယွင်းအားနည်းချက်တို့ ရှိနေပါသေးသည်။ အထူးသဖြင့် တစ်လအတွင်း အတင်းတု၊ သတင်းမှား အပုဒ်ရေ ၄၀ ကိုသာ မှတ်တမ်းပြုနိုင်သေးသဖြင့် ထိုထက်ပိုမိုသော အရေအတွက် ရှိရန် လိုအပ်ချက်ရှိနေပါသေးသည်။ လာမည့် ဧပြီလတွင် ယခုထက် ပိုမိုကောင်းမွန် ပြည့်စုံသော အစီရင်ခံစာ ထွက်ပေါ်ရန် ဆက်လက် ကြိုးပမ်းသွားပါမည်။

Download PDF version