မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းရန်ကြိုးပမ်းကြံစည်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း စစ်တပ်ထောက်ခံသူများသည် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအတွင်း ပါဝင်သူများကိုဖမ်းဆီးရန် လှုံ့ဆော်ခြင်းနှင့် သတင်းတုသတင်းမှားများကို ရည်ရွယ်ချက်ရှိရှိဖြန့်ဝေခြင်းတို့အား စနစ်တကျ ပိုမိုလုပ်ဆောင်လာခဲ့သည်။ ထို့အပြင် လက်နက်ကိုင်တော်လှန်ရေးစတင်ခဲ့သည့် အချိန်ကတည်းက လက်ရှိအချိန်ထိ အွန်လိုင်းပေါ်ရှိစစ်တပ် ထောက်ခံအားပေးသည့် သတင်းမီဒီယာ အယောင်ဆောင်များ၏ ဝါဒဖြန့်ချိမှုများနှင့် လှုံ့ဆော်မှုများသည် အရပ်သားပြည်သူနှင့် တော်လှန်ရေးအင်အားစုများအတွက် ထိခိုက်မှုများစွာရှိခဲ့သည်။ ယင်းတို့အနက်သိသာထင်ရှားသည့် အချက်များမှာ စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦးများ အပါအဝင်ပြည်သူများနေထိုင်သည့်ရွာများမြို့များကို လေကြောင်းမှ တိုက်ခိုက်ရန်လှုံ့ဆော်ခြင်းများ၊ အာဏာရှင်ဆန့်ကျင်ရေး အားပေးထောက်ခံသူများ၊ ထောက်ပို့လုပ်နေသူများကို ဖမ်းဆီးရန် လှုံ့ဆော်ခြင်းများဖြစ်ပြီး စစ်ကော်မရှင်၏ ရာဇဝတ်မှုအားဖုံးကွယ်ခြင်းများကိုလည်း လုပ်ကိုင်ပေးနေကြသည်။
စစ်အာဏာသိမ်းပြီးနောက် ၄ နှစ်ကျော်အကြာ မြန်မာနိုင်ငံတွင်လူအသုံးပြုမှုအများဆုံး လူမှုမီဒီယာများအနက် Youtube နှင့် TikTok တို့ပါဝင်နေပြီး အဆိုပါပလက်ဖောင်းများပေါ်တွင် စစ်ကော်မရှင်ထောက်ခံသူများနှင့် ဝါဒဖြန့်ချိသူများသည် ပရိသတ်အခိုင်အမာရရှိနေပြီဖြစ်သည်။ ၎င်းတို့သည် အာဏာသိမ်း စစ်ကော်မရှင်အားဆန့်ကျင်သူများ၊ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများနှင့် စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်တော်လှန်နေသူများအား ပစ်မှတ်ထားပြီး ထိုးနှက်မှုများပြုလုပ်သကဲ့သို့ စစ်ကော်မရှင်အတွက် ဝါဒဖြန့်ချိရေးများကိုလည်း တပြိုင်နက်တည်း လုပ်ဆောင်နေသူများဖြစ်ကြသည်။
စစ်ကော်မရှင်ဝါဒဖြန့်စာမျက်နှာအား ထိန်းချုပ်ထားသူများသည် ဝါဒဖြန့်ချိရုံသာမက တစ်ဖက်တွင် လူမှုမီဒီယာပလက်ဖောင်းများမှငွေရှာခြင်း (Monitization) ပြုလုပ်ရန် ပြင်ဆင်နေသည့် ခြေလှမ်းများကိုလည်း တွေ့ရှိလာရပါသည်။ ဝါဒဖြန့်ချိသူများ၏ Youtube စာမျက်နှာများပေါ်တွင် ကြည့်ရှုသူပရိတ်သတ် သန်းနှင့်ချီ ရှိနေသည်ကလည်း သတိပြုရမည့်အချက်ဖြစ်သည်။ မြန်မာနိုင်ငံတွင် VPN ပိတ်ပင်မှုများကြောင့် ၂၀၂၄ ခုနှစ်မှ စတင်ပြီး Facebook သုံးစွဲမှုအပြင် VPN မလိုအပ်သည့် Youtube နှင့် အခြားသော Telegram နှင့် Tiktok ပလက်ဖောင်းများပေါ်တွင် ဝါဒဖြန့်ချိမှုများကို အင်တိုက်အားတိုက်ပြုလုပ်လာသည်။ ထို့ပြင် Follower (နောက်လိုက်သူများ) နှင့် Subcriber (စာမျက်နှာကို ဝင်ကြည့်ရန်စာရင်းသွင်းသူ) ပေါင်းများစွာရရှိထားကြပြီး ကြည့်ရှုချိန် (View) အရေအတွက်လည်း သန်းနှင့်ချီရရှိထားသည်။ ယခုလေ့လာချက်တွင် Youtube ပလက်ဖောင်းပေါ်ရှိစစ်ကော်မရှင်အတွက် ဝါဒဖြန့်ချိနေသူများ၏ ဝါဒဖြန့်ချိမှုများ၊ လှုံ့ဆော်မှုများ၊ နှင့်အတူ Youtube ပလက်ဖောင်းအား အသုံးပြုကာ ငွေရှာရန်အားထုတ်လာမှုကို ရေးသားဖော်ထုတ်သွား မည်ဖြစ်သည်။
၁။ Youtube ပလက်ဖောင်းပေါ်တွင် လှုပ်ရှားဖြန့်ကျက်နေကြသည့် နာမည်ကြီးဝါဒဖြန့် စာမျက်နှာများနှင့် လုပ်ဆောင်ချက်များ
၂၀၂၁ ခုနှစ်၊ စစ်တပ်၏အာဏာသိမ်းရန် ကြိုးပမ်းကြံစည်မှုဖြစ်စဉ်အပြီးတွင် Youtube သည် အခြားဆိုရှယ်မီဒီယာပလက်ဖောင်းများနည်းတူ စစ်ကော်မရှင်ထိန်းချုပ်စာမျက်နှာများအား Youtube ၏ လူမှုစံနှုန်းများနှင့် မကိုက်ညီဟုဆိုကာ ဖြုတ်ချမှုရှိခဲ့သည်။ ၄င်းတွင် Youtube ၏ community guidelines and applicable laws အရ ဖျက်ချထားကြောင်း ဖော်ပြထားသည်။ သို့ရာတွင် Youtube ၏ စစ်ကော်မရှင်ဘက်ယိမ်းသည့် ဝါဒဖြန့်ချိရေးစာမျက်နှာများနှင့် ပတ်သက်ပြီး လျော့ရဲသည့် policy များကြောင့် ဝါဒဖြန့်ချိရေး အကောင့်များသည် သတင်းတုသတင်းမှားများ၊ စစ်ကော်မရှင်အလိုကျ ဝါဒဖြန့်ချိမှုများနှင့် အန္တရာယ်ရှိသော အကြောင်းအရာများဖြန့်ဝေခြင်းကို Youtube ပလက်ဖောင်းပေါ်တွင် ဆက်လက်ပြုလုပ်လျက်ရှိသည်။ Kyaw Swar ၊ Hmine Wai စသည့်အကောင့်များသည် စစ်ကော်မရှင်ဆက်စပ် အန္တရာယ်ရှိသောအကောင့်များအဖြစ် အချို့ပလက်ဖောင်းများက သတ်မှတ်ပြီးဖြုတ်ချနေသည့်အချိန်တွင် Youtube သည် ယင်းစာမျက်နှာများအား ဆက်လက်ရှင်သန်ခွင့်ပေးထားသည့် ပလက်ဖောင်းများအနက် တစ်ခုအပါအဝင် ဖြစ်နေသည်။ အချို့သောအကောင့်များ ပြုတ်ကျသော်လည်း ထပ်မံပြန်ဖွင့်နိုင်ပြီး အရှိန်ဟုန်မြင့် ဖြန့်ဝေခြင်းများအား ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။ စစ်ကော်မရှင်က အရပ်သားများအပေါ် အကြမ်းဖက်ရှင်းလင်းရေး ပြုလုပ်နေသည့် လုပ်ငန်းစဉ်များအား အဆိုပါစာမျက်နှာများ က Youtube ပလက်ဖောင်းကိုအသုံးပြု၍ လုပ်ကိုင်လျက်ရှိနေသည်ကို Youtube ၏ အရေးယူမှုဖြစ်စဉ်များ ဖြစ်မလာပဲ ပြည်သူများအား ထိခိုက်စေသည့် အခြေအနေများ ဖြစ်ပေါ်နေသည်။
စစ်ကော်မရှင်နှင့်ဆက်စပ်သည့် နာမည်ဆိုးနှင့်ကျော်ကြားသော စာမျက်နှာအများအပြားသည် Youtube ပလက်ဖောင်းကို အခြားဆိုရှယ်မီဒီယာပလက်ဖောင်းများနှင့် ချိတ်ဆက်ကာ လှုပ်ရှားနေကြသည်။ ၎င်းစာမျက်နှာများသည် အခြားပလက်ဖောင်းများတွင် အရပ်သားများ သေကြေစေရန် လှုံ့ဆော်သည့် လုပ်ငန်းစဉ်များ၊ အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးရန်လှုံ့ဆော်မှုများ၊ စစ်ကော်မရှင် ကျူးလွန်သည့် ရာဇဝတ်မှုကို ဖုံးကွယ်ပေးသည့် လုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ်လုပ်ဆောင်နေကြသည်။
၁.၁။ Youtube ပလက်ဖောင်းပေါ်ရှိ နာမည်ကြီးဝါဒဖြန့်စာမျက်နှာများ
| စာမျက်နှာအမည် | ပလက်ဖောင်းပေါ် ရောက်ရှိသည့် ခုနှစ် | ဖြန့်ချိသည့် အကြောင်းအရာ နှင့် တွေ့ရှိချက်များ |
| Kyaw Swar (Banned)) Channel URL: https://www.youtube.com/channel/UCIPnIcCbpX3J4jnqVykkDLg
Updated Channel URL : KS – News Media https://www.youtube.com/channel/UCgXza0PV5movj7RtFPr-bZg)
| 2024 နှစ်ဆန်းပိုင်း
4 May 2025 | ● စစ်တပ်အတွက် ဝါဒဖြန့်ချိမှု သတင်းတင်ဆက် ခြင်းများအား ဆက်တိုက်လုပ်ဆောင်ခြင်း။ ● စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား ဖမ်းဆီးရန် လှုံ့ဆော်ခြင်း။ ● အာဏာရှင်ဆန့်ကျင်ရေးကို ထောက်ခံသည့် နေရာဒေသများအား ဗုံးကြဲတိုက်ခိုက်ရန် လှုံ့ဆော်ခြင်းနှင့် စစ်တပ်၏ လုပ်ဆောင်မှုများအား တရားဝင်စေရန် ဖန်တီးပုံဖော်ဖြန့်ချိမှုများ လုပ်ဆောင်ခြင်း။ ● စစ်တပ်၏ အကြမ်းဖက်မှုများအား ထောက်ခံမှု ပြုလုပ်ကာ ပြန်လည်မျှဝေခြင်း။ |
| မှိုင်းဝေ(စစ်သတင်းများ) (Name Changed) Channel URL : https://www.youtube.com/channel/UCNUHh-7T1J02k0YcQd_Dthg Web Archive : https://archive.ph/wip/GOndV
Updated Channel URL : https://www.youtube.com/channel/UCtPeNmWQzkzjnit-OtoiuWQ
| 30 January 2024
14 October 2025 | ● စစ်ကော်မရှင်တပ်အား ဆန့်ကျင်တော်လှန်နေသူများကို တိုက်ခိုက်ခြင်းနှင့် ဖမ်းဆီးရန် လှုံ့ဆော်ခြင်း။ ● တိုက်ပွဲရုပ်သံဖိုင်များ မျှဝေခြင်းနှင့် စစ်တပ် ဝါဒဖြန့်ချိရေးများ လုပ်ဆောင်ခြင်း။ ● နာမည်ကြီးသည့် စစ်တပ်ဝါဒဖြန့်ချိရေး အမှတ်တံဆိပ်တစ်ခုဖြစ်သည့် Ko Thet နှင့် ဆက်စပ်မှုရှိခြင်း။ (အခြား platform ဖြစ်သည့် Telegram channel တွင် တသွေမတိမ်းတူညီသည့် Content အကြောင်းအရာများအား စက္ကန့်ပိုင်းအတွင်း တပြိုင်တည်း ဖြန့်ချိနိုင်ခြင်း၊ တစ်ဦးနှင့် တစ်ဦး Forward လုပ်ဆောင်ခြင်း၊ တူညီသည့် ရုပ်သံဖိုင်များအား ဖြန့်ချိခြင်းနှင့် ချန်နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန် ချိတ်ဆက် ကြေညာပေးတာတွေကို အမြဲတစေ လုပ်လေ့ရှိသည့်အတွက် တစ်အုပ်စုတည်း ဖြစ်နိုင်ချေများကြောင်း ခန့်မှန်းနိုင်။) ● Ko Thet အမှတ်တံဆိပ် နောက်ကွယ်တွင် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တစ်ဦးပါဝင်မှုရှိသည်ဟုလည်း Han Nyein Oo စာမျက်နှာက ဖော်ပြချက်ကို မဇ္ဇျိမသတင်းဌာန၏ စုံစမ်း ဖော်ထုတ်ရေးသားသည့် ဆောင်းပါးတွင် တွေ့ရှိရခြင်း။ ● အထူးတွေ့ရှိချက်အနေဖြင့် Jan ၂၀၂၄ တွင် ဖွင့်လှစ်ခဲ့သော မှိုင်းဝေ account သည် ၂၀၂၅ ခုနှစ်အောက်တိုဘာလမှ စတင်ကာ USDP ဒုဥက္ကဌ U Myo Zaw Thein Account ဖြစ်သွားခြင်း။ ● အခြားစာမျက်နှာအသစ် ပြန်လည်ဖွင့်လှစ်ထားရှိခြင်း။
|
| Mahar Thway Channel URL : https://www.youtube.com/channel/UC8NYGKGNqnRX32KfQ54qnnA Web Archive : https://archive.ph/wip/Q1c7W
| 21 June2023
| ● တော်လှန်ရေးအင်အားစုများအား တိုက်ခိုက်ခြင်း။ ● ကျေးရွာများ၊ မြို့များကို ဗုံးကြဲရန်လှုံ့ဆော်ခြင်း။ ● အမျိုးသားရေးအစွန်းရောက်အယူအဆအများကို ပြောဆိုဝါဒဖြန့်ခြင်း။ ● စစ်တပ်အတွက် ဝါဒဖြန့်ချိမှုများကို လူလုံး ထွက်ပြကာ ပေါ်ပေါ်တင်တင် လုပ်ဆောင်ခြင်း။ |
| Sniper Su Official Channel URL : https://www.youtube.com/channel/UCaatxrOg2f4bAEy_iccaAkQ Web Archive : https://archive.ph/wip/CnKPx
| 22 June 2024
| ● စစ်တပ်ဝါဒဖြန့်ချိရေး အကြောင်းအရာများ တင်ဆက်ခြင်း။ ● ဒီမိုကရေစီလှုပ်ရှားမှုကို ပုံဖျက်သည့် သတင်းအတု၊ သတင်းအမှားများ တစိုက်မတ်မတ်ဖြန့်ချိခြင်း။
|
| Aung Moe Kyaw
Channel URL: https://www.youtube.com/channel/UCFXcBOgPN98SBZ3VzWWt1zQ Web Archive : https://archive.ph/3aDuB
| 7 November 2023
| ● ကျော်စွာတည်ထောင်ခဲ့သည့် စစ်ကော်မရှင် ဝါဒဖြန့်မီဒီယာ အယောင်ဆောင် Positive Angle News ခေါ် PAN တွင် လုပ်ကိုင်နေသူတစ်ဦးဖြစ်ခြင်း။ ● Youtube က ပေးသည့် Silver Play Button ကို ရရှိသွားပြီဖြစ်ကြောင်း ဇူလိုင်လ ၄ ရက်နေ့က ၎င်း၏တယ်လီဂရမ်စာမျက်နှာမှ တစ်ဆင့် အသိပေးထားသည်။ (Silver Play Button သည် Youtube ဖန်တီးသူများအတွက် ပထမဦးဆုံး သတ်မှတ်ပေးသည့် အောင်မြင်မှုတစ်ခု – “ဤစာမျက်နှာသည် ယုံကြည်စိတ်ချရသည်” ဆိုသော သဘောကိုဆောင်သည့် သင်္ကေတဖြစ်သည်)
|
| Kyaw Soe Oo (People Media)
https://www.youtube.com/channel/UCONMie2h1Zb6_CxuslJU-bQ
| Sep 25, 2022 | ● ကျော်စိုးဉီးသည် စစ်ကော်မရှင်၏ တရုတ်ခရီးစဉ်တွင် မီဒီယာတစ်ခုအနေဖြင့် ပါဝင်ခွင့်ရခြင်း။ ● CDM, PDF, တော်လှန်ရေးအင်အားစုများအား ပုံဖျက်သည့် သတင်းတုသတင်းမှားများဖြင့် စစ်ကော်မရှင်အတွက် ဝါဒဖြန့်ချိမှုကို လုပ်ဆောင်ပေးခြင်းများ ပြုလုပ်ခြင်း |

ပုံစာ – နာမည်ကြီးဝါဒဖြန့်စာမျက်နှာများ၏ Channel အလိုက် လွှမ်းမိုးမှုအခြေအနေအား နိုဝင်ဘာ ၂၀၂၅ ထိ ကြည့်ရှုထားမှုအခြေအနေ။
(မှတ်ချက်။ Kyaw Swar KS-News Media မှာ တစ်ကြိမ်ဖြုတ်ချခံထားရပြီး ထပ်မံဖွင့်လှစ်ထားသည့် စာမျက်နှာဖြင့်သာ ယှဉ်ပြထားခြင်း နှင့် မှိုင်းဝေ – Hmine Wai မှာ ၄င်း၏ စာမျက်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလမှ စတင်ကာ USDP ဒုဥက္ကဌ U Myo Zaw Thein Account ပြောင်းသွားခဲ့ပြီး စာမျက်နှာအသစ်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာတွင် ထပ်မံဖွင့်လှစ်ထားသည့် စာမျက်နှာဖြင့်သာ ယှဉ်ပြထားခြင်း ဖြစ်ပါသည်။)
၁.၂။ စစ်ကော်မရှင်ဝါဒဖြန့်စာမျက်နှာများ၏ လှုံ့ဆော်မှုများနှင့် ၄င်းကြောင့်ထိခိုက်ခဲ့ရသည့် အထောက်အထားများ
| ဖြစ်ရပ်ဥပမာများ | အကြောင်းအရာ |
| ဖြစ်ရပ်ဥပမာ (၁) Mahar Thawe | NUG ရုံးစိုက်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည့် စစ်ကိုင်းဒေသကြီးအတွင်းရှိ ခမ်းပတ်မြို့ကိုဗုံးကြဲရန် စစ်လော်ဘီ မပုတုက ၎င်း၏ Youtube ပေါ်မှ လှုံ့ဆော်ပြီးရက်ပိုင်းအကြာတွင် ဗုံးကြဲတိုက်ခိုက် ခြင်း၊ နှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး နောက်တစ်ရက်တွင် မပုတုက ၎င်း၏ Youtube စာမျက်နှာ (၀၀:၀၀ – ၀၂:၀၀ မိနစ်) မှ တစ်ဆင့် “ အနူကြီးရုံးနေရာ မီးလောင်ပြာကျသွား ” ဆိုသည့် ခေါင်းစဉ်ဖြင့် အောင်ပွဲခံကာပြောဆိုခြင်း (၀၀:၀၀ – ၀၄:၃၀ မိနစ်)
|
| ဖြစ်ရပ်ဥပမာ (၂) Aung Moe Kyaw | စစ်ကော်မရှင်တပ်များသည် အခြေအနေအရ ဗန်းမောက်မြို့ကို လက်လွှတ်ခဲ့ရသော်လည်း မကြာမီ ပြန်လည်သိမ်းပိုက်မည်ဖြစ်ကြောင်း Aung Moe Kyaw က ၎င်း၏ Youtube ပေါ်မှ လှုံ့ဆော်ပြီး နှစ်ပတ်ကျော် အကြာတွင် စစ်ကော်မရှင်က Y-12 လေယာဥ်နဲ့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသည်။ ( ၁၆:၁၄ – ၁၈:၁၀ မိနစ်) |
| ဖြစ်ရပ်ဥပမာ (၃) Union Political News | စစ်ကော်မရှင်တပ်များသည် ကျောက်မဲအား (၁၀) ရက် အတွင်းအပြီး တိုက်ခိုက်ကာ သီပေါအထိဆက်လက် တိုက်ခိုက်သိမ်းပိုက်မည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲ ကျင်းပမည့် မြို့တွင်ပါဝင်သဖြင့် ကျောက်မဲ၊ သီပေါအား ရွေးကောက်ပွဲမတိုင်မီသိမ်းပိုက်မည်ဖြစ်ကြောင်း UNION Political News က စက်တင်ဘာလတွင် Youtube ပေါ်မှ လှုံ့ဆော်ပြီး စက်တင်ဘာလ တစ်လတည်း၌ စစ်ကော်မရှင်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် ကျောက်မဲမြို့ကို ၁၀ ကြိမ်၊ မိုးကုတ်မြို့ကို ၂ ကြိမ်၊ တိုက်ခိုက်ခဲ့ကြောင်း TNLA ထုတ် ပြန် (၀၃:၁၆ မိနစ်) |
| ဖြစ်ရပ်ဥပမာ (၄) Myanmar Daily News Round-up ( Kyaw Myo Min ) | ပြည်သူများအနေဖြင့် AA အား ထောက်ခံမှုမပြုလုပ်ရန်နှင့် AA ၏ စခန်းတည်နေရာများကို သတင်းပေး၍ AA စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်လိုခြင်း မရှိအောင် လုပ်ဆောင်သင့်ကြောင်းနှင့် AA ဆက်လက် ရှိနေသ၍ ရခိုင်ပြည်သူများအေးချမ်းစွာ နေရမည် မဟုတ်၍ AA အသုံးချခံများဖြစ်လာနိုင်ကြောင်း Kyaw Myo Min က Youtube ပေါ်တွင် လှုံဆော်ထားပါသည်။ (၈:၀၂ -၀၉:၀၀ မိနစ်) |
| ဖြစ်ရပ်ဥပမာ (၅) Myanmar Daily News Round-up ( Kyaw Myo Min ) | မွန်ပြည်နယ်တွင် လူသိများထင်ရှားသည့် တော်လှန်ရေးခေါင်းဆောင် ရေးဘီလူးက စစ်ကော်မရှင်ထိုးစစ်ဆင်တိုင်း ထွက်ပြေးကြောင်းနှင့် လူသတ်မှု၊ ကျောင်းဆရာဆရာမများကို သတ်ရန်ခြိမ်းခြောက်သည့် ရေးဘီးလူးအား စစ်ကော်မရှင်အနေဖြင့် တောနင်းကာ သတ်ဖျက်ချေမှုန်းသင့်ကြောင်း Kyaw Myo Min က Youtube ပေါ်တွင် လှုံဆော်ထားပါသည်။ (၁၂:၁၀ – ၁၃:၃၆ မိနစ်) |
| ဖြစ်ရပ်ဥပမာ (၆) KS-News Media( Kyaw Swar) | PDF များသည် ပြည့်သူ့ချဉ်ဖက် PDF များ ဖြစ်လာကြောင်း၊ NUG သည် လေလှိုင်းပေါ်မှ ဟာသလုပ်နေသည့် လေဘောလုံးဖြစ်ပြီး နိုင်ငံရေးအရ အပြောင်းအလဲအရွေ့များ မပြုလုပ်နိုင်ခြင်း၊ PDF များအား ကောင်းမွန်စွာမအုပ်ချုပ်နိုင်သောကြောင့် အကြမ်းဖက်သမားများဖြစ်လာသော အခြေအနေများကြောင့် ပြည်သူလူထုက စစ်ကော်မရှင်၏ ရွေးကောက်ပွဲအား မဲပေးမည်ဖြစ်ကြောင်း Kyaw Swar က ဝါဒဖြန့်ချိထားပါသည်။ (၁၂:၄၀- ၁၃:၀၈ မိနစ်) |
| ဖြစ်ရပ်ဥပမာ (၇) Myanmar Daily News Round-up ( Kyaw Myo Min ) | စင်္ကာပူနိုင်ငံတွင် ဆောင်းဦးလှိုင်က တော်လှန်ရေး ရန်ပုံငွေအတွက် ဂီတဖျော်ဖြေပွဲလာရောက် သီဆိုမည်ဖြစ်၍ စင်္ကာပူရှိမြန်မာသံရုံးတာဝန်ရှိသူများအနေဖြင့် သွားရောက်ပြီး ပါဝင်သောလူစာရင်းများ၊ လက်မှတ်စျေးနှုန်း၊ ပွဲပြုလုပ်မည့်နေရာများကို စုံစမ်းကာစင်္ကာပူအစိုးရကို တိုင်ကြားသင့်ကြောင်း Kyaw Myo Min က Youtube ပေါ်တွင် လှုံဆော်ထားပါသည် (၁၇:၅၀ -၁၈:၂၀ မိနစ်) |
| ဖြစ်ရပ်ဥပမာ (၈) KS-News Media (Kyaw Swar)
| PDF ထောက်ခံအားပေးသော ဝက်လက်မြို့နယ်ရှိ ကျေးရွာများအား ဒေသခံအာဏာပိုင်များက ရွာလုံးကျွတ် ရှင်းလင်းသင့်ကြောင်း Kyaw Swar Youtube ပေါ်တွင် လှုံ့ဆော်ထားပါသည်။ (၁၁:၁၁- ၁၁:၅၇ မိနစ်) |
| ဖြစ်ရပ်ဥပမာ (၈) KS-News Media (Kyaw Swar)
| AA အား ဆောင်းဦးပေါက်တွင် အရှိန်အဟုန်ဖြင့် တိုက်ခိုက်နှိမ်နင်းရှင်းလင်းမည်ဖြစ်ကာ စစ်ကော်မရှင်တပ်များ ထိုးစစ်ဆင်တိုက်ခိုက်ပါက အောင်မြင်မှုရရှိမည်ဖြစ်ကြောင်း Kyaw Swar က Youtube ပေါ်တွင် ခြိမ်းခြောက် ဖြန့်ချိထားပါသည်။ (၅:၁၉- ၆:၀၀ မိနစ် ) |
| ဖြစ်ရပ်ဥပမာ (၉) (Prime Media- Khat Hnin Su) | မြန်မာနိုင်ငံသားများသည် မြန်မာနိုင်ငံ ပြင်ပရောက်သည်နှင့် အာမခံချက် မရှိဘဲ လူကုန်ကူးပွဲစားများ၏ အမြတ်ထုတ်ခြင်း၊ လူကုန်ကူးခြင်းခံနေရကြောင်း ခြိမ်းခြောက်ပြောဆိုထားကာ ပြည်ပသို့မထွက်သင့်ဘဲ မြန်မာပြည်တွင်းမှာသာနေထိုင်ရင်း စစ်မှု ထမ်းသင့်ကြောင်းနှင့် မတိမ်းရှောင်သင့်ကြောင်း Khat Hnin Su က Youtube ပေါ်တွင် ဖြန့်ချိထားပါသည်။ (၀၉:၅၀- ၀၉:၅၀ မိနစ်) |
၂။ Youtube ပေါ်ကတစ်ဆင့် ဝင်ငွေရှာဖွေခွင့်အတွက် လိုအပ်ချက်များနှင့် စစ်လော်ဘီများ ငွေရှာရန်အားထုတ်နေသည့်သက်သေများ
Youtube ပေါ်တွင် အာဏာရှင်ဆန့်ကျင်ရေးတပ်ဖွဲ့များ၊ တော်လှန်ရေးကိုကူညီနေသည့် ထောက်ပို့များ Content Monetization ပြုလုပ်ကာ ငွေရှာနေသည်ကို စစ်လော်ဘီများကလည်း အားကျနေပြီး ၎င်းတို့ Youtube ပေါ်မှ ငွေရှာရန်အတွက်အားထုတ်လာကြသည်ကို The Red Flag အဖွဲ့၏ လေ့လာစောင့်ကြည့်မှုမှ တစ်ဆင့်တွေ့ရှိထားပါသည်။
Youtube နှင့်အခြားပလက်ဖောင်များပေါ်တွင် အများပြည်သူကိုသတ်ဖြတ်ရန်၊ ဖမ်းဆီးရန်၊ မြို့ရွာ များကို ဗုံးကြဲရန်လှုံ့ဆော်နေသည့် စစ်ကော်မရှင်ဝါဒဖြန့်ချိသူများသည် Youtube ထံမှ ဒေါ်လာငွေများကိုပါ ရယူရန်အတွက် အားထုတ်လာသည်မှာ ပြည်သူလူထု၊ တော်လှန်ရေးအင်အားစုများနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် အစုအဖွဲ့များအတွက် စိုးရိမ်ဖွယ်ရာဖြစ်သည်။ ထိုသို့စစ်ကော်မရှင်တပ်အတွက် ဝါဒဖြန့်ချိပေးနေသူများသည် Youtube ထံမှ လစဉ်ဝင်ငွေရရှိခဲ့ပါက ၎င်းတို့ရှင်သန်ရေးအတွက် ပိုမိုအထောက်အကူပြုစေရုံသာမကဘဲ နောက်ဆက်တွဲအဖြစ်အများပြည်သူနှင့် တော်လှန်ရေးအင်အားစုများအတွက်ပါ အန္တရာယ်ရှိလာမည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်ပါသည်။
၂.၁။ Youtube ပေါ်ကတစ်ဆင့် ဝင်ငွေရှာဖွေခွင့်ရဖို့ ဘာတွေလိုသလဲ
Youtube ပလက်ဖောင်းသည် အကြောင်းအရာဖန်တီးမျှဝေသူများအား ဝင်ငွေရရှိစေရန် ဖန်တီးပေးသည့်အစီအစဉ်ကို ၂၀၀၇ ခုနှစ် အစောပိုင်းကတည်းက စတင်ခဲ့ပြီး ကြော်ငြာများမှတစ်ဆင့် ဝင်ငွေခွဲဝေပေးခြင်း၊ Premium member (အထူးအဖွဲ့ဝင်) ကြေးခွဲဝေပေးအပ်ခြင်းနှင့် ကြည့်ရှုသူများက ဖန်တီးသူကို တိုက်ရိုက်ငွေပေးအပ်နိုင်သည့်အစီအစဉ် စသည်တို့ ပါဝင်ခဲ့သည်။ ယင်းအစီအစဉ်များ ရရှိနိုင်ရန်အတွက် Youtube က သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း အကျုံးဝင်ရန်လိုအပ်ပါသည်။ အခြေခံအားဖြင့် ဝင်ငွေရှာရန်အကျုံးဝင်သည်ဟု သတ်မှတ်ထားသည့်ဒေသများ၊ နိုင်ငံများ၊ Youtube Partner Program-YPP (Youtube မိတ်ဖက်အစီအစဉ်) ကို အသုံးပြုရေးအတွက် လိုအပ်ချက်များဖြစ်သော Subscriber အရေအတွက် အနည်းဆုံး ၁၀၀၀၊ ကြည့်ရှုမှုကြာချိန်နာရီပေါင်း ၄၀၀၀ (သို့မဟုတ်) ရုပ်သံအတို (Short) ကြည့်ရှုမှု အကြိမ် ၁၀ သန်း စသည်တို့ ပြည့်မီရန်လိုအပ်ပါသည်။ အခြားသတ်မှတ်ချက်များဖြစ်သည့် မူပိုင်ခွင့် မငြိစွန်းရေးနှင့် Youtube ပလက်ဖောင်း၏ လူမှုစံနှုန်းများကို မချိုးဖောက်ရေးစည်းကမ်းများလည်း ရှိသေးသည်။
Youtube ပလက်ဖောင်းက ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း နောက်ဆုံးပြောင်းလဲလိုက်သည့် မူဝါဒတွင် ထပ်ဖန်တလဲလဲ အကြောင်းအရာများ (Repetitive Contents) နှင့် ဖောင်းပွနေသည့်အကြောင်းအရာများ (Massed-produce) သည် Youtube ၏ ဝင်ငွေရှာဖွေခွင့် အောက်တွင်အကျုံးဝင်တော့မည် မဟုတ်ကြောင်း ပါဝင်သည်။ အဆိုပါ ပြောင်းလဲမှုသည် ၂၀၂၅ ခုနှစ် ဇူလိုင် ၁၅ ရက်တွင် စတင်အသက်ဝင်ပြီဟု ကြေညာထားသည်။ ထိုသို့ပြောင်းလဲမှုကြောင့် ရှိပြီးသားအကြောင်းအရာများကို ပြန်တင်ခြင်း၊ Reaction ပြုလုပ်၍ ပြန်လည်ဖြန့်ဝေခြင်းနှင့် AI အကြောင်းအရာဖန်တီး၍ ဖြန့်ဝေခြင်းတို့မှတစ်ဆင့် ဝင်ငွေရှာဖွေရန် အခွင့်အလမ်းများကိုဟန့်တားသည့် သဘောတရားရှိလာမည်ဟု နည်းပညာဆိုင်ရာ စာမျက်နှာများနှင့် သတင်းမီဒီယာများကသုံးသပ်ထားသည်။ ယင်းအစား မူလအကြောင်းအရာဖန်တီးမှု (Original Content) သည်သာ ဝင်ငွေရှာဖွေခွင့်ရတော့မည့် အလားအလာရှိနေသည်။
၂.၂။ Youtube ပေါ်တွင် ဝင်ငွေရှာဖွေခွင့်လိုအပ်ချက်များပြည့်မီရန် ဦးတည်နေသည့် စစ်ကော်မရှင်ဝါဒဖြန့် စာမျက်နှာများ
Youtube ပေါ်ရှိ စစ်လော်ဘီများအနက် လူသိထင်ရှားပြီး ကြည့်ရှုမှုများသည့် စာမျက်နှာ (၃) ခုကို The Red Flag အဖွဲ့က လေ့လာခဲ့ရာ ၎င်းတို့၏ တစ်လပျမ်းမျှ View အရေအတွက်သည် အနိမ့်ဆုံး ၅ သိန်းမှ ၁ သန်း ကြားတွင် ရှိနေကြောင်းကို Youtube စာမျက်နှာများကို စောင့်ကြည့်နိုင်သည့် Playboard အရသိရသည်။ ထို့အတူ Youtube ၏ Partner Program တွင် Myanmar နိုင်ငံမပါဝင်သည့်အတွက် Partner Program တွင် ပါဝင်သည့် နိုင်ငံများအား အခြေပြုတည်နေရာအဖြစ်ပြုလုပ်ကာ Account ဖွင့်လှစ်ထားခြင်းသည် ၄င်းတို့ ဝင်ငွေရှာဖွေရန် ဉီးတည်နေသည်ကို မြင်သာစေသည်။
၂.၂.၁။ Mahar Thway ၏ အထောက်အထားများ
မပုတု – Mahar Thway ၏ Youtube စာမျက်နှာသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့အထိ ၁ နှစ်တာအတွင်း ကြည့်ရှုသူ (View) ၂၂သန်းကျော် (22,905,456) ရှိနေသည်။ ဝင်ငွေရရှိရန် ကြိုးပမ်းချက်အနေဖြင့် သူမ၏ Youtube Channel တွင် Subscriber နှင့် View များကြောင်းနှင့် ဝင်ငွေရရှိအောင် လျောက်ထားနိုင်ကြောင်း၊ မိတ်ဆွေများက ၄င်းကို တိုက်တွန်းအကြံပေးကြောင်း၊ အမှန်တကယ်စာရင်းသွင်းလျှောက်ထားရန်အတွက် အကူညီတောင်းခြင်းများကို တင်ဆက်ထားသည်။ မပုတု စာမျက်နှာသည် ဖွင့်လှစ်ပြီး ၂ နှစ် အချိန်အတွင်း၌ စုစုပေါင်းရရှိထားသော View သည် သန်း ၂၀ ကျော်နေပြီဖြစ်သည်။ ၂၀၂၅ ခုနှစ် မတ်လ ၁ ရက်နေ့က တင်ထားသည့် ဗီဒီယိုထဲတွင် Youtube ထံမှ ငွေရအောင် Monetization လျှောက်ရန်အတွက် စိတ်ဝင်စားမှုရှိသော်လည်း မလျှောက်တတ်သည့်အတွက် တတ်ကျွမ်းသည့် မိတ်ဆွေတစ်ဦးကို အကူအညီတောင်းခံထားသည်မှာ ၃ ကြိမ်ခန့်ရှိပြီဖြစ်ကာ ၎င်းကို Youtube ထံမှဝင်ငွေရရှိရန်လျှောက်ထားတတ်သူများအနေဖြင့် ကူညီပေးရန်ပြောဆိုထားသည်ကိုတွေ့ရသည်။
၂.၂.၂။ Aung Moe Kyaw ၏ အထောက်အထားများ
Aung Moe Kyaw ၏ စာမျက်နှာသည်လည်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့အထိ ၁ နှစ်တာအတွင်းကြည့်ရှုသူ (View) မှာ ၂၈သန်းကျော် (28,681,082) ရှိနေသည်။
စစ်တပ်ထောက်ခံသူတစ်ဦးဖြစ်သည့် Aung Moe Kyaw သည် Telegram ပလက်ဖောင်းပေါ် တွင်လည်း စာမျက်နှာတည်ထောင်ထားရာ Youtube ထံမှ YouTube Silver Play Button ကို ရရှိရေးအတွက် ၎င်း၏ Youtube စာမျက်နှာကို Subscribe လုပ်ပေးကြရန် Telegram စာမျက်နှာမှ တစ်ဆင့် အကူအညီတောင်းခဲ့ဖူးသည်။ 2025 တွင် YouTube Monetization အောင်ကာ $3000 ရရှိခဲ့ကာ ငွေကြေးထုတ်နိုင်ရန် ကုမ္ပဏီတစ်ခုကိုအပ်ခဲ့ပြီး ယင်းကုမ္ပဏီက ငွေများလိမ်လည်ခဲ့ကြောင်း Aung Moe Kyaw က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ YouTube Channel ကို ထိုသူက 2025 ဇူလိုင်လကုန်ပိုင်းလောက်တွင် ခိုးယူရန်ကြိုးစားခဲ့ပြီး Google နှင့် ဖုန်း က Recovery code များ မရရှိခဲ့သည့်အတွက် Channel ကို မဆုံးရှုံ့းခဲ့ရသော်လည်း $3000 ကျော် လိမ်လည်ခံခဲ့ရကြောင်း ဖြန့်ချိထားပါသည်
၃။ စစ်လော်ဘီများကို Youtube ပေါ်တွင် ငွေရှာခွင့်ပြုခဲ့ပါက ဖြစ်လာနိုင်သည့်အကျိုးဆက်များ
မြန်မာနိုင်ငံကို Youtube ပေါ်တွင် တိုက်ရိုက်ငွေရှာခွင့်မပေးထားသော်လည်း အခြားနည်းလမ်းများဖြင့် စစ်တပ်အာဏာမသိမ်းခင်ကတည်းကပင် သတင်းအတုသတင်းအမှားများဖြင့် ငွေရှာသည့် Clickbait စာမျက်နှာများရှိနေနှင့်ပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် Youtube ပေါ်မှ ငွေရှာသည့်အလေ့အထသည် စစ်တပ်အာဏာသိမ်းပြီးသည့်နောက်ပိုင်း ပို၍ထွက်ပေါ်လာခဲ့သည်။ တော်လှန်ရေးနှင့်ပတ်သက်သည့် သတင်းအတုသတင်းအမှားများ၊ လုပ်ကြံဖန်တီးရေးသားထားသော သတင်းများ၊ လူထုကိုလမ်းလွှဲစေနိုင်သော နိုင်ငံရေးသတင်းအမှားများကို ဖန်တီးကာ ငွေရှာကြသည့် စာမျက်နှာအများအပြား ထွက်ပေါ်လာခဲ့ပြီး Youtube ကို အသုံးပြုသည့်သာမာန်ပြည်သူလူထုသည် သတင်းတုသတင်းအမှားများကို စားသုံးနေခဲ့ရသည်။
လက်ရှိကာလတွင် တော်လှန်ရေးအင်အားစုများ၊ ထောက်ပို့အဖွဲ့များသည် Youtube တွင် အကြောင်းအရာများဖန်တီး၍ ရန်ပုံငွေရှာဖွေလျက်ရှိရာ စစ်တပ်ထောက်ခံသည့် ဝါဒဖြန့်ချိသူများကလည်း ထိုသို့ပြုလုပ်ရန်အတွက် အားထုတ်လာကြသည်။ ဝါဒဖြန့်ချိရေးစာမျက်နှာများသည် မြို့ရွာများကို ဗုံးကြဲ မီးရှို့ ရန် လှုံ့ဆော်ခြင်း၊ ဒီမိုကရေစီဘက်တော်သားများနှင့် အာဏာရှင်ဆန့်ကျင်ရေးကို အားပေးထောက်ခံသည့် ပြည်သူလူထုအား ဖမ်းဆီးရန်နှင့် သတ်ဖြတ်ရန်လှုံ့ဆော်ခြင်းအပါအဝင် ဘာသာရေးလူမျိုးရေးကိုပါ အမုန်းပွားစေရန်အတွက် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ဝါဒဖြန့်နေသူများဖြစ်သည်။
Youtube အနေဖြင့်၎င်းတို့ ငွေရှာခွင့်ပြုလိုက်သည့်စာမျက်နှာသည် စစ်တပ်ထောက်ခံအားပေး သူ ဟုတ်မဟုတ်ဆိုသည့်အချက်များကို စိစစ်နိုင်ခြင်း ရှိမရှိမှာ မေးခွန်းထုတ်ဖွယ်ဖြစ်ပြီး တင်ဆက်သည့် အကြောင်းအရာများကိုလည်း စိစစ်နိုင်ခြင်းမရှိသည့်အတွက် စစ်တပ်ဝါဒဖြန့်ချိရေးစာမျက်နှာတစ်ခုကို ငွေရှာဖွေခွင့်ပေးလိုက်မည်ဆိုပါက ၎င်းတို့ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒများနှင့် သွေဖီနေမည်ဖြစ်ပြီး စစ်ကော်မရှင်၏ ကျူးလွန်မှုများကို ပိုမိုထိရောက်စေရန်အတွက် မီးစာဖြစ်စေသည်။
လွတ်လပ်သည့်သတင်းမီဒီယာများ အကန့်အသတ်များကြားမှ သတင်းတင်ဆက်နေရမှုများနှင့် အရင်းအမြစ်အခက်အခဲများရှိနေသည့် အခြေအနေများအား စစ်လော်ဘီများက အခွင့်ကောင်းယူပြီး ၄ နှစ်တာအတွင်း ၎င်းတို့ဝါဒဖြန့်ချိရေးယန္တရားကို ပိုမိုအားကောင်းအောင် ပြုလုပ်မည်ဟု ကြွေးကြော်ထားသည့်အတွက် Social Media ပလက်ဖောင်းများအနေဖြင့် စစ်တပ်ဝါဒဖြန့်ချိရေးယန္တယရား စာမျက်နှာများ၊ အကောင့်များကို ပိုမိုတင်းကြပ်စွာဖြင့်စိစစ်ရန် အရေးတကြီးလိုအပ်လာပြီဖြစ်သည့်အပြင် ငွေရှာခွင့်မပြုရန်လည်းလိုအပ်နေသည်။ လက်ရှိတွင် စစ်တပ်ဝါဒဖြန့်သည့် အကြောင်းအရာများကို ပြန်လည်တင်ဆက်ပြီး ငွေရှာနေသည့် Youtube စာမျက်နှာအချို့ကိုလည်း The Red Flag အနေဖြင့် တွေ့ရှိထားပြီးဖြစ်သည်။ သို့သော် ထိုစာမျက်နှာများသည် စစ်တပ်လော်ဘီများကိုယ်တိုင် ကိုင်တွယ်ခြင်းဟုတ်/မဟုတ်ဆိုသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။ အချုပ်အားဖြင့်ဆိုရလျှင် စစ်တပ်လော်ဘီများသည် ပြည်သူလူထုကို နေ့စဉ်နှင့်အမျှ လမ်းလွဲရန်အတွက် ဝါဒဖြန့်ချိမှုများပြုလုပ်နေသကဲ့သို့ တစ်ဖက်တွင်လည်း Youtube ပလက်ဖောင်းမှ တစ်ဆင့် ငွေရှာရန်အတွက် စနစ်တကျခြေလှမ်းလှမ်းနေသည်ကို ဖော်ထုတ်ရေးသားလိုက်ရပါသည်။