သတိ – အမှားကြာ အမှန်ဖြစ် သတင်းတု သတင်းမှား အစီရင်ခံစာ အမှတ် (၃)

“ရုရှားတွေ သတင်းတု သတင်းမှား ဖန်တီးတဲ့နေရာမှာ အရမ်းကို အံမခန်းဖြစ်တယ်ဆိုပြီး

ပြောကြတာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ထင်သလောက် ကောင်းလှချည်ရဲ့ မဟုတ်ပါဘူး။

ကျွန်တော်တို့ကိုယ်၌ကိုယ်က ပြင်ထားဆင်ထားတာမျိုး မရှိတာ”

–       အိလိရွတ် ဟိုင်ဂျင် –

နယ်သာလန် အခြေစိုက် အချက်အလက်စစ်ဆေးရေး အဖွဲ့ Bellingcat တည်ထောင်သူ

 

အစီရင်ခံစာ အနှစ်ချုပ်

အချို့သော ဝါဒဖြန့်ချိခြင်း နည်းနာများမှာ ထင်သလောက် ရှုပ်ရှုပ်ထွေးထွေး မဟုတ်လှပါ။ သို့သော် ၎င်းတို့၏ ပျံ့နှံ့မှု၊ လူထုက ယုံကြည်လောက်မည် မထင်ဟု အတိုင်းအဆကို လျော့တွက်မိသော အခါ အဖိုးအခ ပမာဏ တစ်ခုခု ပေးဆပ်ရနိုင်သည်။ နယ်သာလန် အခြေစိုက် အချက်အလက် စိစစ်ရေး နှင့် စုံစမ်းထောက်လှမ်း သတင်းတင်ဆက်သည့် ဌာန Bellingcat ၏ အဆိုအရ ရုရှား၏ ဝါဒဖြန့်ချိရေး ထင်သလောက် မရှုပ်ထွေး၊ ထင်သလောက်လည်း မထိရောက်လှပေ။ သို့သော် ရုရှား ဝါဒဖြန်ချိရေးကို တန်ပြန်စစ်ဆေး ထုတ်ပြန်ရန် မပြင်ဆင်ထားဘဲ ယင်းကို ကောင်းမွန်စွာ တန်ပြန် စစ်ဆေးထုတ်လွှင့်မှု ကောင်းစွာ မရှိကြောင်း ယင်းဌာန ထူထောင်သူ အိလိရွတ် ဟိုင်ဂျင်က ဆိုသည်။ ထိုကြောင့်ပင် ရိုးရှင်းလင့်ကစား၊ သိသာမြင်သာလင့် ကစား ရုရှား၏ ဝါဒဖြန့်ချိရေး အချို့၊ သတင်းတု သတင်းအမှား အချို့မှာ အောင်မြင်မှု ရှိခဲ့သည်ဟုဆိုသည်။[1]

မြန်မာအာဏာသိမ်း ကောင်စီ၏ ဝါဒဖြန့်နည်းလမ်း အများစုမှာ များစွာ မရှုပ်ထွေးလှပါ။ တော်ရုံ လူထု၊ စာဖတ်ပရိသတ်အတွက် စဉ်းစားဆင်ခြင်နိုင်သော နည်းလမ်းများဖြစ်သည်။ သို့သော် ထိရောက်စွာ တန်ပြန်ဆောင်ရွက်နိုင်ခြင်း မရှိပါက အများပြည်သူ နားယောင်သွားနိုင်သည်။ အမှားပင် ဖြစ်စေကာမူ၊ လှည်ဖျားမုသားပင် ဖြစ်စေကာမူ အကြိမ်ပေါင်းများစွာ ထုတ်လွှင့်ပြောဆိုနေပါက လူထုမှာ နားယောင်ကာ အမှန်ဟု ထင်မှတ်လာနိုင်ကြောင်း စိတ်ပညာရှင် အများအပြားက ကျယ်ကျယ်ပြန့်ပြန့် သတိပေးပြောဆိုထားပြီး ဖြစ်သည်[2]။

စစ်ကောင်စီ၊ ၎င်းကို ထောက်ခံသူများနှင့် လက်ဝေခံ ဝါဒဖြန့်ချိရေး သမားများသည် စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုများ၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အဖွဲ့ဝင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) အပေါ် အထင်လွှဲစေနိုင်သော သတင်းတု သတင်းမှားများ မရပ်မနား ဆက်တိုက်ဖြန့်ချိလျက်ရှိသည်။

မေလအတွင်း သတင်းတု၊ သတင်းမှားများတွင် NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်၏ အမေရိကန်ပြည်ထောင်စု ခရီးစဉ်နှင့် ချိတ်ဆက်၍ သတင်းတု ဖြန့်ချိမှုရှိခဲ့သည်။ ဒေါ်ဇင်မာအောင်သည် မလေးရှားနိုင်ငံခြားရေး ဝန်ကြီးနှင့် အမေရိကန်ပြည်ထောင်စုတွင် တွေ့ဆုံခဲ့မှုကို အခြေပြု၍ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) နှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း၊ ရိုဟင်ဂျာများကို နိုင်ငံသား ဖြစ်ခွင့်သဘောတူထားကြောင်း သတင်းတု၊ သတင်းမှား ဖြန့်ချိခဲ့ကြသည်။ ယင်းအပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ စစ်မီး မွှေးခဲ့သူဖြစ်ကြောင်း၊ (သို့သော်လည်း မတူညီသော အခြား သတင်းတု သတင်းမှားများတွင်) NUG၊ CRPH၊ PDF ကိုလက်မခံကြောင်း သတင်းတု သတင်းမှား ဖြန့်ခဲ့ကြသည်။ ယင်းအပြင် ဘာသာရေးနှင့် ဆက်စပ်၍လည်း သတင်းမှား ဖြန့်ခဲ့သည်။

စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများနှင့် စစ်ကောင်စီ ထောက်ခံသူများ၏ အဓိက ပစ်မှတ်ဖြစ်သော PDF တပ်ဖွဲ့ဝင်များကိုလည်း အကြမ်းဖက်၊ ဓားပြတိုက်၊ လူသတ်သူများဟု လည်းကောင်း၊ စာသင်ကျောင်း မီးရှို့သူများ၊ ပညာရေးကို အနှောင့်အယှက်ပေးသူများဟုလည်းကောင်း၊ ဗုဒ္ဓဘာသာ သာသနာ့ဝင်များကို တိုက်ခိုက်သတ်ဖြတ်သူများဟု လည်းကောင်း အလေးပေး တိုက်ခိုက်ခဲ့သည်။ PDF တပ်ဖွဲ့ဝင်အမျိုးသမီးများကို လည်း လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများ ရှိခဲ့သည်။ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမည်ခံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတက်သော တိုင်းရင်းသား လက်နက်ကိုင်များကိုလည်း ပစ်မှတ်ထား တိုက်ခိုက်မှု ရှိခဲ့သည်။

၂၀၂၂ ခုနှစ် မေလအတွင်း အထိ သတင်းမှားဖြစ်တန်ချေ အကြောင်းအရာ ၁၂၀ နှင့် အချက်အလက်စစ်ဆေးသည့် ဌာနများက စိစစ်ခဲ့သည့် သတင်းမှား အပုဒ်ရေ ၁၀၇ ပုဒ်၊ စုစုပေါင်း သတင်းမှား ၂၂၇ ပုဒ် ကို စောင့်ကြည့်လေ့လာနိုင်ခဲ့သည်။

သတင်းအမှား ဖြန့်ဝေသူများသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများကို ပြည်သူတွေ အထင်အမြင်မှားအောင်၊ မထောက်ပံ့ မကူညီအောင်၊ အားမပေးအောင်၊ ကြောက်လန့်အောင် မဟုတ်မမှန် သတင်းစကားတွေကို ရည်ရွယ် ချက်ရှိရှိ ဝါဒဖြန့် ထုတ်လွှင့် ဖြန့်ဝေခဲ့သည်ကို တွေ့ရှိရသည်။ ထို့အပြင် သတင်းအမှားဖြန့်ဝေသူများသည် သတင်းတု/ သတင်းမှားတွေကို လိုသလို ဖန်တီးရေးသားပြီး လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေသည်ကိုပါ တွေ့ရှိရသည်။

မေလ ၏ သတင်းမှား တွေ့ရှိမှု ဦးတည်ရာလမ်းကြောင်းကို အောက်ပါ အတိုင်း တွေ့ရသည်။

  •  စစ်ကောင်စီဖွင့်မည့် ကျောင်းအပ်ရာသီနှင့် စပ်လျဉ်းသည့် သတင်းအမှားများ (ဥပမာ- ကျောင်းအပ်နှံမှု အရေအတွက်၊ စာသင်ကျောင်းများကို ဗုံးခွဲမှုနှင့် သင်ရိုးစာအုပ်များကို ဖျက်ဆီးမှုအကြောင်းအရာ)၊
  • စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်ရန် ငြင်းပယ်ခဲ့သည့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများကို ဦးတည်သည့် သတင်းမှားများ (လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ စစ်ရေး)၊
  • စစ်ကောင်စီ၊ သွေးသောက်အဖွဲ့မှ လုပ်ကြံပစ်ခတ်သည့် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများကို PDF က သတ်ဖြတ်သည်ဟု တင်ကြိုစွပ်စွဲ ဖြန့်ချိခြင်း၊
  • အချို့သော ကျေးရွာများကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယုံကြည်စိတ်ချရသည့် သတင်းဌာနများက မြေပြင်မှ ဒေသခံများ၏ အသံကို ထပ်ဟပ် သတင်းဖော်ပြခဲ့သော်လည်း ကျေးရွာများကို PDF များက မီးရှို့ဖျက်ဆီးကြောင်း စစ်ကောင်စီနှင့် ယင်း၏ လက်ဝေခံများက တန်ပြန်ဖော်ပြခြင်း၊ လုပ်ကြံဗီဒီယို ဖိုင်များဖြင့်ပါ ထုတ်လွှင့်မှု ပြုလုပ်ခြင်း၊
  • တော်လှန်ရေးအင်အားစုများအားလုံးသည် (EROs, PDF, NUG, NLD, CRPH) အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ၏ ထောက်ပံ့မှုကို ရယူကာ ပြည်ဖျက်စီမံကိန်း အကောင်အထည်ဖော်နေကြောင်း ဖြန့်ချိခြင်း တို့ အသီးသီး ပြုလုပ်ခဲ့သည်။

မေလအတွင်း ပျံ့နှံ့ခဲ့သည့် သတင်းမှားများ အနက် Fact Check ပြုလုပ်သည့် ဌာနများက စစ်ဆေးနိုင်ခဲ့သည့် သတင်းတု၊ သတင်းမှားများတွင် လူသိများသော အကြောင်းအရာများ ပါဝင်သည်ကို တွေ့ရသည်။ မေလကုန်ပိုင်းတွင် ဖြစ်ပွားခဲ့သော ရန်ကုန်မြို့ ဘားလမ်းကားမှတ်တိုင် ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်၍ PDF များအပေါ် လွှဲချသည့် ထုတ်ပြန်ချက်အတု ကိစ္စ၊ ကရင်ပြည်နယ် သေ့ဘော်ဘိုးစခန်း မကျဆုံးကြောင်း သတင်းအမှား၊ NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် မလေးရှားနိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံမှု အပေါ် အခြေခံသည့် သတင်းအမှား၊ မျောက်ကျောက်ရောဂါအကြောင်း သတင်းအမှား နှင့် NUG ဒုတိယ ဝန်ကြီး ဒေါ်အိသဉ္ဖာမောင် လက်ထပ်သည့် သတင်းအမှားတို့မှာ လူအများ စိတ်ဝင်စားပြီး စိစစ်ပေးနိုင်သည့် သတင်းမှားများ ဖြစ်သည်။

ထိုနည်းတူ အရေးကြီးပြီး အကြောင်းအမျိုးမျိုးကြောင့် စိစစ်ပေးနိုင်ခြင်း မရှိသည့် သတင်းတု၊ သတင်မှားများလည်း ရှိသည်။ စိစစ်ပေးနိုင်သည့် သတင်းတု သတင်းမှားနှင့် မစိစစ် မစစ်ဆေးနိုင်သည့် သတင်းတု သတင်းမှား နှိုင်းယှဉ်ချက်ကို နောက်ဆက်တွဲပုံကားချပ် တွင် ပူးတွဲ ဖော်ပြထားပါသည်။

[1] https://www.theatlantic.com/technology/archive/2022/03/russia-ukraine-war-propaganda/626975/

[2] https://www.bbc.com/future/article/20161026-how-liars-create-the-illusion-of-truth

 

Download Myanmar Ebook

Download May Infographic

နောက်ဆက်တွဲ ဇယားအပြည့်အစုံ