အတုအယောင်ရွေးကောက်ပွဲနှင့် စစ်ကော်မရှင်အတုအယောင်ခြေလှမ်းများ

၂၀၂၀ခုနှစ်တုန်းက မြန်မာပြည်သူအများစု ရွေးချယ်ခဲ့တဲ့ ဆန္ဒမဲရလဒ်တွေကိုငြင်းပယ်ပြီး အစိုးရကို မတရားသဖြင့်ဖြုတ်ချ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီ၊ စစ်ကော်မရှင် စသဖြင့် အမည်အမျိုးမျိုးပြောင်းနေတဲ့ စစ်တပ်က သူ့ကိုယ်သူ ပြည်သူတွေရွေးချယ်တင်မြှောက်တဲ့ ဟန်ပြအရပ်သားအစိုးရ ဖြစ်တယ်ဆိုတာပြဖို့အတွက် သေနတ်ထောက်၊ ဓားမိုးပြီး ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာ အားလုံးအသိဘဲဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲက ယုံကြည်စိတ်ချရပြီး ပြည်သူအများရဲ့ဆန္ဒကို ထင်ဟပ်စေခဲ့တဲ့ ရွေးကောက်ပွဲလို့ ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေက အသိအမှတ်ပြုခဲ့ကြပါတယ်။ ဒါပေမယ့် စစ်တပ်က မဲစာရင်းမှားယွင်းကြောင်းစွပ်စွဲပြီး သူတို့ကိုယ်တိုင် ရေးဆွဲခဲ့တဲ့အခြေခံဥပဒေကိုချိုးဖောက်၍ တည်ဆဲအစိုးရကိုအကြမ်းဖက်နည်းလမ်းသုံး၊ လက်နက်နဲ့ အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဏာသိမ်းမှုကို လက်မခံနိုင်ဘဲ တော်လှန်ခဲ့ကြတဲ့ ပြည်သူများကို အကြမ်းဖက်နှိမ်နင်း၊ ဖမ်းဆီးသတ်ဖြတ်ပြီး၊ လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်ကျူးလွန်လျက်ရှိနေပါတယ်။ အဲလိုရာဇဝတ်မှုကျူးလွန်ထားတဲ့ စစ်တပ်က ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်တဲ့အရည်အသွေး မပြည့်မီတဲ့အတွက် စစ်ကော်မရှင်ဦးစီးကျင်းပမယ့် ရွေးကောက်ပွဲအား တရားဝင်မှုမရှိတဲ့ အတုအယောင်ရွေးကောက်ပွဲလို့သာ ခေါ်ဝေါ်သုံးစွဲဖော်ပြသွားပါမယ်။

ဒီအတုအယောင်ရွေးကောက်ပွဲမှာ အမြဲသတိကပ်ရမှာကတော့ စစ်တပ်က စိတ်တိုင်းကျ ပြုပြင်ထားတဲ့ ရွေးကောက်ပွဲဥပဒေကို အခြေခံပြီး စိတ်ကြိုက်တိုးချဲ့ထားတဲ့ မဲဆန္ဒနယ်တွေမှာ ရှုပ်ထွေးနေတဲ့ မဲပေးစနစ်တွေနဲ့ သူတို့တီထွင်ထားပါတယ်ဆိုတဲ့ မဲပေးစက်တွေကို သုံးပြီးတော့ ပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်မဲပေးအောင် လုပ်ဆောင်မယ် ဆိုတာပါပဲ။

စိတ်တိုင်းကျပြင်ဆင်ခြယ်လှယ်ထားတဲ့ ရွေးကောက်ပွဲဥပဒေဆိုတဲ့စကားလုံးနဲ့ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကို သင်းကွပ်၊ အမြစ်ဖြတ်ထားပြီးသားဖြစ်တယ်ဆိုတာ ဒေါ်စန္ဒာမင်းနဲ့ ဒေါ်သက်သက်ခိုင်ရဲ့ ဖြစ်ရပ်တွေကနေတဆင့် မြင်နိုင်ပါတယ်။ ပခုံးချင်းယှဉ်လာမယ်လို့ တွေးတာနဲ့ ခေါင်းမထောင်နိုင်အောင် စစ်တပ်ကပြုလုပ်မှာဆိုတာ မြေကြီးလက်ခတ်မလွဲပါဘဲ။

စစ်တပ်ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲဆိုတာ မပြိုင်ခင်ကတည်းက ရလဒ်ထွက်ပြီးသား ဖြစ်ပါတယ်။ စစ်တပ်ရဲ့ပါတီ ကြံ့ခိုင်ရေးကပဲ နိုင်မှာပါ။ တစ်ချို့မြို့နယ်တွေမှာ ဆိုရင် မပြိုင်ခင်က နိုင်နှင့်တဲ့ ကြံ့ခိုင်ရေး အမတ်လောင်းတွေရဲ့ အမည်စာရင်းတွေကို ပြည်သူတွေ ကြိုတင်မြင်တွေ့၊ သိရှိရပြီး ဖြစ်ပါတယ်။

ဒီလိုအတုအယောင် ဖန်တီးထားတဲ့ရွေးကောက်ပွဲမှန်းသိကြပေမယ့် ပြည်သူတွေအသံမထွက်နိုင်အောင် လူမှုကွန်ရက်ပေါ်မှာ ဘယ်လိုနည်းလမ်းတွေနဲ့ ခြိမ်းခြောက်နေလဲ၊ စောင့်ကြည့်နေလဲ၊ လူမှုကွန်ရက် ဝါဒဖြန့်ယန္တရားတွေမှာ ဘယ်လိုဖြန့်ချိနေပြီး မြေပြင်နဲ့ ဘယ်လိုချိတ်ဆက်လက်တွေ့ အကောင်အထည် ဖော်နေလဲဆိုတာကို The Red Flagက တွေ့ရှိထားတဲ့အချက်အလက်တွေနဲ့ ဆက်လက် တင်ပြသွားပါမယ်။

ဒီနေရာမှာ စစ်ကော်မရှင်ခြေလှမ်းလှမ်းနေတဲ့ ဝါဒဖြန့်ချိရေး အဓိကဇာတ်ကြောင်း (Narrative)၊ အဲဒီဇာတ်ကြောင်းကို ပုံဖော်တဲ့နည်းဗျူဟာလမ်းစဉ် (Tactic)၊ ရှိရင်းစွဲအချက်အလက်များ(Facts) နဲ့ ရှာဖွေတွေ့ရှိချက်များ(Findings) ဆိုပြီး အပိုင်း (၄)  ပိုင်းနဲ့နားလည်လွယ်အောင် တင်ပြချင်ပါတယ်။

★ အတုအယောင်ရွေးကောက်ပွဲဆက်စပ်ဇာတ်ကြောင်းများ(Narratives) 

အတုအယောင်ရွေးကောက်ပွဲအတွက် လပေါင်းများစွာစနစ်တကျပြင်ဆင်ခဲ့တဲ့ စစ်ကော်မရှင်နဲ့ ဝါဒဖြန့်စာမျက်နှာတွေဟာ ရွေးကောက်ပွဲကိုဗန်းပြပြီး တရားဝင်မှုရယူနိုင်ဖို့ ဇာတ်ကြောင်းပေါင်းများစွာ ကို အသုံးပြုပြီးဝါဒဖြန့်ချိနေကြပါတယ်။ ဒီဇာတ်ကြောင်းတွေကို အင်တိုက်အားတိုက်ပိုပြီးဖြန့်လာကြတာ က ရွေးကောက်ပွဲ လုပ်မယ်လို့ လေသံပစ်ခဲ့တဲ့၂၀၂၃ ခုနှစ်လောက်ကတည်းက ဖြစ်ပါတယ်။ စစ်ကော်မရှင်နဲ့ ဝါဒဖြန့်ချိရေး စာမျက်နှာတွေဟာ ဇာတ်ကြောင်းအလိုက်အချက်အလက်တွေကို စုဆောင်းပြီးလုပ်ကြံဖန်တီးတဲ့ အကြောင်းအရာတွေ၊ သတင်းတုသတင်းမှားတွေကို ဖြန့်ဝေကြပါတယ်။

“NLD ပါတီ မဲလိမ်မဲခိုးလို ရွေးကောက်ပွဲပြန်လုပ်ရခြင်းဖြစ်တယ်”

နိုင်ငံရေးမျက်နှာစာမှာ တည်ထောင်တဲ့အချိန်ကနေစပြီး ခေတ်အဆက်ဆက်ပြည်သူလူထု ထောက်ခံမှု အများဆုံးရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ၂၀၂၀ခုနှစ် ရွေးကောက် ပွဲအနိုင်ရလဒ်က မဲမသမာမှုဖြစ်တယ်ဆိုတဲ့ ဇာတ်ကြောင်းကိုသုံးပြီးတော့ စစ်တပ်ကစွပ်စွဲ အာဏာသိမ်းခဲ့တာပါ။ ဒါကြောင့် ရွေးကောက်ပွဲ ပြန်လုပ်တဲ့အခါမှာ NLDပါတီကို နိုင်ငံရေး ဖြစ်စဉ်ကနေဖယ်ထုတ်ပြီး နောက်တစ်ကြိမ်ပြန်မှတ်ပုံမတင်နိုင်အောင် အတင်းရေးဆွဲထားတဲ့ ဥပေဒတွေနဲ့ တားဆီးထားပါတယ်။ ဒီတစ်ကြိမ်လုပ်တဲ့ရွေးကောက်ပွဲမှာ အီလက်ထရောနစ်မဲပေးစက်ကို သုံးမှာဖြစ်တဲ့အတွက် မဲမသမာမှုကိုဖြစ်စေမှာမဟုတ်ဘူးလို့ စစ်တပ်နဲ့ဝါဒဖြန့်စာမျက်နှာတွေက ပြောဆိုထားပါတယ်။

“စစ်အုပ်ချုပ်ရေးကိုမလိုချင်ရင် ရွေးကောက်ပွဲကိုလက်ခံရမယ်”

ဒီလိုဖယ်ထုတ်ပြီးသားဖြစ်နေတာတောင်မှ နိုင်ငံမတည်ငြိမ်မှုဖြစ်တာ၊ နိုင်ငံရေး အကျပ်အတည်းဖြစ်နေတာ စစ်တပ်ကြောင့်ဆိုတဲ့ ရှိရင်းစွဲအမှန်တရားတွေကို ပပျောက်စေဖို့အတွက် NLDပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ပုံချပြီးတော့ ရွေးကောက်ပွဲကသာနိုင်ငံရေးထွက်ပေါက်စစ်အုပ်ချုပ်ရေးကိုမလိုချင်ရင် ရွေးကောက်ပွဲကို လက်ခံရမယ်၊ ရွေးကောက်ပွဲကိုလက်မခံတဲ့သူက ဒလန်တွေဖြစ်တယ်၊ ငြိမ်းချမ်းရေးဆွေးနွေးလိုရင်လက်နက်ချ ဆိုတဲ့ အကြောင်းအရာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေကြပါတယ်။

“ရွေးကောက်ပွဲကိုဆန့်ကျင်သူတွေ မှန်သမျှကို အရေးယူမယ်”

ဒီ့အပြင် အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်သူမှန်သမျှကို အရေးယူဖို့အတွက် လှုံ့ဆော်မှုတွေ စဉ်ဆက်မပြတ် လုပ်ခဲ့ပြီးတော့ ဖုတ်ပူမီးတိုက်ရေးပြင်ဆင်ရေးဆွဲထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ အရေးယူတာတွေ ရှိခဲ့ပါတယ်။ ရွေးကောက်ပွဲကိုလက်မခံတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေကိုလည်း ဗုံးကြဲဖို့ ဝါဒဖြန့်စာမျက်နှာတွေကတစ်ဆင့် လှုံ့ဆော်မှုတွေလုပ်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲကို အကြောင်းပြပြီး စစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှု၊ ဖိနှိပ်မှု၊ အကြမ်းဖက်မှုတွေကို ဖုံးကွယ်ဖို့ခြေလှမ်းတစ်လှမ်းထပ်တိုးတဲ့ သဘောပါပဲ။

“USDPသာလျှင် အမျိုးဘာသာသာသနာကို စောင့်ရှောက်ပြီးတိုင်းပြည်ကို အုပ်ချုပ်နိုင်မယ့်ပါတီ၊ USDP ကို ဝန်းရံကြပြီ”

နောက်တစ်ခုကတော့ စစ်တပ်ရဲ့ လက်ဝေခံနိုင်ငံရေးပါတီလို့ သတ်မှတ်ခံထားရတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ ဖြိုးရေးပါတီ(USDP)ပါတီ အတုအယောင်ရွေးကောက်ပွဲမှာအနိုင်ရဖို့အတွက် စစ်တပ်ထောက်ခံဝါဒဖြန့်စာမျက်နှာတွေက နှပ်ကြောင်းပေးရေးသားချက်တွေ၊ ထောက်ခံဖို့ ဆော်ဩတာတွေ လုပ်နေကြတာပဲဖြစ်ပါတယ်။ USDP အုပ်ချုပ်တဲ့ကာလကအကောင်းဆုံးUSDP ကသာ အမျိုးဘာသာသာသနာကို စောင့်ရှောက်တဲ့ပါတီ၊ USDP ပါတီကိုဝန်းရံနေကြပြီစတဲ့ ဇာတ်ကြောင်းတွေကို သုံးနေကြပါတယ်။ တကယ့်မြေပြင်မှာတော့ ပြည်သူတွေကို “ငလျင်အတွက်ထောက်ပံ့မယ်” လို့ လိမ်လည်ခေါ်ယူပြီး အမှန်တကယ်ထောက်ပံ့ခြင်းမရှိဘဲ ရွေးကောက်ပွဲမဲဆွယ်ခြင်းကို လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်း၊ အလွှာအသီးသီးကပြည်သူတွေ၊ အနုပညာရှင်တွေ ရွေးကောက်ပွဲကို ထောက်ခံနေကြပြီ”

ရွေးကောက်ပွဲကိုထောက်ခံနေကြပြီဆိုတဲ့ လိမ်လည်ပုံဖော်မှု၊ ဖိအားပေးပုံဖော်မှုတွေလည်းတွေ့ရပါတယ်။ အလွှာအသီးသီးက ပြည်သူ တွေနဲ့ အနုပညာရှင်တွေက ရွေးကောက်ပွဲကို ထောက်ခံနေကြပြီဆိုတဲ့ အကြောင်းအရာတွေကို ဝါဒဖြန့်ဖို့အတွက်သီးသန့်ဖန်တီးပြီး ဖြန့်ဝေနေကြပါတယ်။  စစ်တပ်က ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အာဆီယံတို့က ထောက်ခံထားတာ မရှိပါဘူး။ စစ်တပ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိတဲ့ ရှရှား၊ တရုတ်၊ အိန္ဒိယ နဲ့ ဘယ်လာရုဇ် နိုင်ငံတွေကသာ ထောက်ခံပေးနေကြတာဖြစ်ပါတယ်။ ဒီဟာကိုအသုံးချပြီးတော့ ရွေးကောက်ပွဲကို နိုင်ငံတကာက ထောက်ခံနေကြပြီဆိုတဲ့ပုံရိပ်ကိုဖန်တီးပြီးတော့ လိမ်လည်ကြတာပါ။

စစ်ရာဇဝတ်မှုတွေကိုဖုံးကွယ်ဖို့၊ ဆန့်ကျင်ဘက်အင်အားစုတွေရဲ့ဟန့်တားမှုတွေကို ဖိနှိပ်ဖို့၊  နိုင်ငံတကာရဲ့ ကန့်ကွက်မှုတွေကိုတန်ပြန်ဖို့၊ နိုင်ငံတော်ရဲ့တရားဝင်အုပ်ချုပ်သူတွေအဖြစ်နဲ့ စစ်တပ်ထိန်းချုပ်တဲ့ အုပ်ချုပ်ရေးယန္တရားက တစ်ဆင့်နိုင်ငံတကာအသိအမှတ်ပြုမှုနဲ့ အကူအညီတွေ ရဖို့အတွက် အခြေအမြစ်မရှိတဲ့ ဇာတ်ကြောင်းတွေကို ဖန်တီးပြီး အချက်အလက်စစ်ဆင်ရေးဆင်နွှဲတာက စစ်အာဏာရှင်အဆက်ဆက် လုပ်ရိုးလုပ်စဉ်တစ်ခုပါ။ ဒီနည်းနဲ့ပဲ စစ်တပ်က အာဏာသိမ်းလိုက်၊ ရွေးကောက်ပွဲ ကျင်းပပေးလိုက်၊ အရပ်သားအစိုးရကိုခဏအုပ်ချုပ်ခွင့်ပေးလိုက်၊ အာဏာပြန်သိမ်းလိုက် နဲ့ပဲ နိုင်ငံရေးဆိုးကျော့သံသရာကို ရှည်စေနေခဲ့တာဖြစ်ပါတယ်။

ဇာတ်ကြောင်းများကိုပုံဖော်သည့်နည်းဗျူဟာ(Tactics)

စစ်ကော်မရှင်နဲ့ ဝါဒဖြန့်စာမျက်နှာတွေဟာ ဇာတ်ကြောင်းတွေကိုဖြန့်ဝေတဲ့နေရာမှာ ဗျူဟာမြောက်တဲ့ နည်းစနစ်တွေကို အသုံးပြုနေကြပါတယ်။ မြေပြင်မှာ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူတွေ ကို ထိုးစစ်ဆင်နေတဲ့အပြင် အွန်လိုင်းမှာလည်း စစ်ကော်မရှင်က လက်သပ်မွေးထားတဲ့ လူပုဂ္ဂိုလ် အစစ်တွေ၊ အဲ့ဒီလူပုဂ္ဂိုလ်တွေကချုပ်ကိုင်ထားတဲ့စာမျက်နှာတွေ၊ အကောင့်အတုတွေ အများအပြားနဲ့ သတင်းစီးဆင်းမှုကို သူတို့အလိုကျဖြစ်စေဖို့ လုပ်ဆောင်နေကြပါတယ်။ အဲ့ဒီအပြင်သတိပြုရမယ့် တခြားနည်းလမ်းတွေကိုလည်း တွေ့ရှိထားပါတယ်။

“ဝါဒဖြန့်စာမျက်နှာတွေကို ပလက်ဖောင်းအလိုက် လိုက်လျောညီထွေစွာအသုံးချခြင်း”

အွန်လိုင်းဝါဒဖြန့်ယန္တရားမှာ စစ်တပ်၊ USDP၊ အမျိုးသားရေးအစွန်းရောက်တွေနဲ့  သူတို့ကိုထောက်ခံသူတွေဟာ ဆိုရှယ်မီဒီယာပလက်ဖောင်းအလိုက် လိုက်လျောညီထွေမှုရှိတဲ့ အကြောင်းအရာတွေ တင်ဆက်နေကြပါတယ်။ ဘယ်အကြောင်းအရာကို ဘယ်လိုဖန်တီးမှုမျိုးနဲ့ လူများများဆီရောက်ရှိနိုင်တယ်ဆိုတာ သူတို့တွေသိကြပါတယ်။ ဥပမာ သူတို့ရပ်တည်ဖို့အတွက် အာမခံချက်မရှိတဲ့ Facebook ကို ခြေကုပ်မယူဘဲနဲ့ အကြောင်းအရာလျှော့ချမှု လျော့ရဲတဲ့ Telegram, Tiktok, Youtube ပလက်ဖောင်းတွေမှာ ပင်မအကြောင်းအရာတွေဖန်တီးပြီး ပလက်ဖောင်းအလိုက် အပြန်အလှန်မျှဝေတာမျိုးတွေလုပ်ပါတယ်။ 

“USDP ပါတီက ဝါဒဖြန့်စာမျက်နှာတွေကို ဝယ်ယူခြင်း၊ အကူအညီတောင်းခံခြင်း”

အတုအယောင်ရွေးကောက်ပွဲမှာ မပြိုင်ခင်ကတည်းက နိုင်နှင့်နေတဲ့ USDP ဆိုရင်လည်း သူတို့ပါတီကို ဝင်ရင် စစ်မှုထမ်း ကင်းလွတ်ခွင့်ရမယ်ဆိုတဲ့မက်လုံးနဲ့ မဲဆွယ်ခဲ့တာတွေရှိပါတယ်။ အဲ့ဒီအထောက်အထားတွေကို လွတ်လပ်တဲ့သတင်းဌာနတွေမှာဖော်ပြထားပါတယ်။ စစ်တပ်နဲ့ အနီးကပ်ဖြစ်ပြီး ညှိနှိုင်းရေးလုပ်ဆောင်တဲ့နေရာမှာ USDPပါတီက အားအကောင်းဆုံးဆိုတဲ့ ပုံစံမျိုးနဲ့လည်း မဲဆွယ်ကြပတယ်။ အဲ့ဒီအပြင် USDP ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေဟာ စစ်တပ်အတွက် ဝါဒဖြန့်ပေးနေသူတွေကို လိုက်ဆက်သွယ်ပြီး ပိုက်ဆံပေးဝါဒဖြန့် ခိုင်းတဲ့ အထောက်အထားတွေလည်းရှိပါတယ်။ နာမည်ကြီးပြီးသား ဝါဒဖြန့်စာမျက်နှာတချို့ကိုလက်လွှဲရယူပြီး အမည်ပြောင်း အသုံးပြုနေကြတာကိုလည်း တွေ့ရှိထားပါတယ်။ ဒီနည်းတွေကို သုံးပြီး USDP ကိုဝန်းရံနေကြပြီ၊ USDPကသာ အုပ်ချုပ်နိုင်မယ့်ပါတီ ဆိုတဲ့ ဇာတ်ကြောင်းတွေကို အားကောင်းအောင် လုပ်ဆောင်နေကြတာပဲ ဖြစ်ပါတယ်။

“အနုပညာရှင်နဲ့လူသိများထင်ရှားသူတွေကို ဖိအားပေးဝါဒဖြန့်စေခိုင်းမှု”

အနုပညာရှင်တွေက ရွေးကောက်ပွဲကို ထောက်ခံနေကြပြီ ဆိုတဲ့ ဇာတ်ကြောင်းကို အထောက်အပံ့ပေးတဲ့ နည်းဗျူဟာတစ်ခုကတော့ တော်လှန်ရေးမှာပါဝင်ခဲ့လို့ ခံဝန်ထိုးထားရတဲ့ အနုပညာရှင်တွေအားလုံးကို ဖိအားပေးပြီး ရွေးကောက်ပွဲဝါဒဖြန့်စကားတွေ ပြောခိုင်းတာပါ။ ငြင်းဆန်တဲ့ အနုပညာရှင်တွေကို တခြားအမှုများဆင်၍ ဖမ်းဆီးဖို့၊ အနုပညာလုပ်ငန်းလုပ်ပိုင်ခွင့်တွေ ပိတ်သိမ်းဖို့ကို စစ်တပ်ထောက်ခံတဲ့ မီဒီယာအမည်ခံတွေနဲ့ ဝါဒဖြန့်စာမျက်နှာတွေက လှုံ့ဆော်ခဲ့ကြပါတယ်။ တကယ်တော့ စစ်တပ်မှာ ဒီလိုလုပ်ဖို့ အစီအစဥ် အစောကတည်းကရှိနိုင်ပါတယ်။ ဒါကိုပြည်သူတွေကပြောလို့၊ မီဒီယာတွေကထောက်ပြလို့ဆိုတဲ့ ပုံစံမျိုးနဲ့ သေဖော်ညှိပြီး လူ့အခွင့်အရေးချိုးဖောက်မှုကို ပြောင်ပြောင်တင်းတင်းလုပ်ဆောင်နေတာပါ။

ပြည်သူအများစုက အဲဒီဇာတ်လမ်းတိုကိုလက်မခံဘဲ ပါဝင်တဲ့အနုပညာရှင်တွေကို ရှောင်ကြဉ်ကြဖို့၊ အားမပေးဖို့ (Boycott) လုပ်ပြီးတုန့်ပြန်ကြတဲ့အခါမှာ ခြိမ်းခြောက်တဲ့နည်းလမ်း၊ သေနတ်ထောက်ပြီး ပါးစပ်ပိတ်တဲ့ Technique(နည်းစနစ်)ကို မြေပြင်မှာ လက်တွေ့အသုံးပြုခဲ့ပါတယ်။ စစ်တပ်ရဲ့ရွေးကောက်ပွဲဝါဒဖြန့်ချိရေးဇာတ်ကားကို ဝေဖန်ရုံတောင်မဟုတ်ဘဲ ဝေဖန်တဲ့ပို့စ်အောက်မှာ Reactတစ်ခုခုပေးမိတာနဲ့ကို ဖမ်းဆီးခံရမယ်ဆိုတဲ့အသိ၊ အကြောက်တရားကို ပြည်သူတွေဆီမှာ ထပ်မံရိုက်သွင်းပြီး ပါးစပ်ပိတ်စေခဲ့ပါတယ်။ သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ ရွေးကောက်ပွဲဟန့်တားနှောင့်ယှက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသူ တစ်ရာကျော် သွားပြီဖြစ်ပါတယ်။

“ထိလွယ်ရှလွယ်ဖြစ်တဲ့နေရာတွေမှာ မဲရုံတွေကိုစီစဉ်ထားရှိမှု”

နောက်တစ်ခုကတော့ မဲရုံတွေကို စီစဉ်ထားနိုင်တဲ့နေရာတွေ ကိစ္စပါ။ ပုံမှန်အားဖြင့် မဲရုံတွေကို စာသင်ကျောင်း တွေမှာ အများဆုံးထားလေ့ရှိပါတယ်။ မဲရုံဝန်ထမ်းအများစုကလည်း ပညာရေးဝန်ထမ်းတွေဖြစ်ကြပါတယ်။ ဒီလို ထားရှိခြင်းအားဖြင့် ကိစ္စတစ်ခုခုဖြစ်ပြီဆိုရင်တောင် ပညာရေးဝန်ထမ်းတွေကိုခြိမ်းခြောက်တယ်၊ ပညာရေးအဆောက် အအုံတွေကို ပစ်မှတ်ထားတယ်ဆိုတဲ့ကိစ္စတွေနဲ့ စစ်တပ်က အသံကောင်းဟစ်ဖို့အခွင့်သာနေတာပါ။ အရင် ရွေးကောက်ပွဲတွေတုန်းက စာသင်ကျောင်းတွေကို ကွာရန်တင်းစင်တာအနေနဲ့ သုံးခဲ့ရတာကြောင့်  မဲရုံမလုံလောက်လို့ သာသနိကအဆောက်အဦး[1]တွေကို မဲရုံအနေနဲ့ သုံးခဲ့ရတာရှိပါတယ်။

လာမယ့် အတုအယောင် ရွေးကောက်ပွဲအတွက် ဒီလိုထိလွယ်ရှလွယ်နေရာတွေကို အသုံးချပြီး ပြည်ခိုင်ဖြိုးပါတီက အမြတ်ထုတ်မဲဆွယ်တာတွေလုပ်ခဲ့တာကြောင့် စစ်တပ်နဲ့ပြည်ခိုင်ဖြိုးပါတီရဲ့ ခြေလှမ်းကိသတိထားရမှာ ဖြစ်ပါတယ်။ နိုင်ငံအနှံ့စစ်မက်ဖြစ်ပွားနေတဲ့ကာလဖြစ်တာကြောင့်  ထိလွယ်ရှလွယ်ကိစ္စတွေကို အသုံးချပြီး အရပ်သားတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေအကြားသသယစိတ်၊ ကြောက် စိတ်တိုးပွားအောင်လုပ်ထားတဲ့ စစ်ကော်မရှင်ရဲ့ ဗျူဟာကိုလျှော့မတွက်ဖို့ လိုပါတယ်။

[1] စာမျက်နှာ ၇ ၊ “ကြားဖြတ်အစီရင်ခံစာ” ၂၀၂၀၊ လွတ်လပ်သောရွေးကောက်ပွဲများအတွက်အာရှကွန်ရက်(Asia Network for Free Election) နှင့် နိုင်ငံတကာရွေးကောက်ပွဲလေ့လာရေးမစ်ရှင်အဖွဲ့(IEOM)

“ဆက်သွယ်ရေးအော်ပရေတာတွေကိုထိန်းချုပ်ခြင်း”

ဆက်သွယ်ရေးအော်ပရေတာတွေကိုချုပ်ကိုင်ပြီး SMS နဲ့ ဝါဒဖြန့်တာကလည်း စစ်တပ်ဘက်ကသုံးနေတဲ့ နောက်ထပ်နည်းလမ်းတစ်ခုပါပဲ။ စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်မှာလည်း ပြည်သူတွေရဲ့ ဖုန်းထဲကို ပြည့်သူ့စစ်မှုထမ်းဖို့ မဲဆွယ်တဲ့Messageတွေ ဝင်လာခဲ့သလို အတုအယောင်ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာအပြီးမှာလည်း နိုင်ငံတော်အကျိုးအတွက် PDFတွေကို လက်နက်ချဖို့ ဖိတ်ခေါ်နေကြောင်း ပြည်သူတွေရဲ့ဖုန်းတွေဆီကို Messageတွေ ပို့ခဲ့ပါတယ်။ အဲသလို ဆက်သွယ်ရေး အော်ပရေတာတွေကနေတဆင့် နိုင်ငံတကာနဲ့ ပြည်သူ အသိအမှတ်ပြုမှုရရှိအောင် ငြိမ်းချမ်းရေးဆောင်ရွက်နေသယောင် SMSတွေပို့နေတဲ့စစ်တပ်က တော်လှန်ရေးနယ်မြေတွေကို ဗုံးကြဲတာ၊ စစ်ကြောင်းထိုးတာကို တစ်ရက်မှ မနားခဲ့ပါဘူး။

ဒါကြောင့် အခုကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးလည်း အလားတူ SMSပို့တာမျိုး တွေနဲ့ ငြိမ်းချမ်းရေးလိုလားသယောင်၊ နိုင်ငံအကျိုးအတွက် လုပ်သယောင် လှည့်စားပြီး စာတိုပို့တာမျိုးတွေ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် မမေ့ရမှာက မြေပြင်မှာ ပြည်သူကိုထိခိုက် သေဆုံးစေမယ့် အကြမ်းဖက် ဗုံးကြဲ၊ စစ်ကြောင်းထိုးနေတာတွေကိုတော့ စစ်တပ်က ဆက်လက်လုပ်ဆောင်နေမယ်ဆိုတာပါဘဲ။

“မီဒီယာအမည်ခံတွေကို ရွေးကောက်ပွဲအတွက် သတင်းယူခိုင်းပြီး တရားဝင်မှုရဖို့ ပြောဆိုခိုင်းခြင်း”

စစ်တပ်ထောက်ခံမှုနဲ့ မီဒီယာအမည်ခံထားကြပြီး ပြည်သူတွေကို ဖမ်းဆီး၊ ဗုံးကြဲဖို့ နေ့စဉ်လှုံ့ဆော်၊ သတင်းတု၊ သတင်းမှားဖြန့်နေကြတဲ့ ဆိုရှယ်မီဒီယာပေါ်ကအကြမ်းဖက်သမားတွေကို သတင်းသမားအဆင့်အတန်း သတ်မှတ်ပေးပြီး ဒီအတုအယောင် ရွေးကောက်ပွဲက တရားဝင်ကြောင်း သတင်းတင်ဆက်မှုတွေလည်း လုပ်လာမှာဖြစ်ပါတယ်။

လိုအပ်တဲ့မီဒီယာအထောက်အပံ့ပစ္စည်းတွေ ရွေးကောက်ပွဲမတိုင်ခင် ၃လလောက်အလိုကတည်းက အပြည့်အစုံဖြစ်နေကြောင်း သူတို့တင်တဲ့ပို့စ် တွေကနေတဆင့် တွေ့ရှိခဲ့ရပါတယ်။ အတုအယောင်ရွေးကောက်ပွဲအတွက် မဲဆွယ်စဉ်ကာလကတည်းက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စစ်တပ်လော်ဘီ ကျော်စွာ၊ သဇင်ဦးတို့က လိုက်ပါပြီး ရွေးကောက်ပွဲကို ပြည်သူတွေစိတ်ဝင်စားနေကြပြီ၊  ငြိမ်းချမ်းချင်လို့ မဲပေးချင်ကြတယ်၊ တော်လှန်ရေးကို စိတ်မဝင်စားတော့ဘူး ဆိုတဲ့ အကြောင်းအရာတွေကိုဓာတ်ပုံ၊ ရုပ်သံတွေနဲ့ ဝေဝေဆာဆာဖော်ပြနေကြပါပြီ။ ရွေးကောက်ပွဲကျင်းပနေစဉ်မှာလည်း Live လွှင့်တင်ဆက်တာမျိုး၊ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေနဲ့ ပြည်သူအများအပြားက မဲပေးနေကြတဲပုံစံ၊  စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက တရားဝင်တဲ့ ရွေးကောက်ပွဲဖြစ်သလိုလို စစ်တပ်ကိုမဝေဖန်ရဲတဲ့ သတင်းဌာနတွေက  သတင်းဖော်ပြပေးတဲ့ ပုံစံတွေ ထုတ်လွှင့်၊ ဖြန့်ချိတာတွေကို မြင်တွေ့လာရနိုင်ပါတယ်။

“နိုင်ငံတကာက လက်ခံလာအောင် Think Tank တွေနဲ့ နိုင်ငံတကာလော်ဘီတွေ ငှားရမ်းခြင်း”

စစ်တပ်ရဲ့ နိုင်ငံရေးနည်းဗျူဟာအတွက် ပညာရှင်အကြံပေး(Think Tank)အမည်ခံတွေရဲ့ အခန်းကဏ္ဍကိုလည်း လျော့တွက်လို့မရတာ အင်အားပြင်း စစ်ကိုင်းငလျင်ကြီးနောက်ပိုင်းမှာ ပိုထင်ရှားလာပါတယ်။ စစ်ဘေးအပြင် ပြင်းထန်တဲ့ငလျင်ဘေးကို ပြည်သူများစွာလောလောလတ်လတ်ခံထားရပြီး နလန်မထူနိုင်သေးတဲ့ကာလမှာ ဇွန်လအတွင်း နေပြည်တော်မှာလုပ်တဲ့ ငြိမ်ချမ်းရေးဖိုရမ်ဗန်းပြပြီး နိုင်ငံတကာစိတ်ဝင်စားမှု ရအောင်လုပ်နိုင်ခဲ့တာလည်း Think Thankအဖွဲ့တွေရဲ့ လှုပ်ရှားမှုဆိုတာ မြင်သာပါတယ်။ ပြင်းထန်တဲ့ သဘောဝဘေးကိုအကြောင်းပြလို့ အာဏာသိမ်းစစ်တပ်က နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ကရုဏာကို လှည့်ဖျားရယူခဲ့ပုံနဲ့ မြေပြင်မှာကျူးလွန်ခဲ့တဲ့ အကြမ်းဖက်၊လျစ်လျူရှုမှုတွေကို  သဘာဝဘေး နှင့် စစ်ကောင်စီဝါဒမှိုင်းအန္တရာယ်” ဆိုတဲ့ ဖြစ်ရပ်လေ့လာချက်ကို The Red Flagမှာ ဖော်ပြတင်ဆက်ခဲ့ပါတယ်။

ငလျင်နောက်ပိုင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ နိုင်ငံခြားခရီးစဉ်တွေနဲ့ ထောက်ခံနေကြ တရုတ်၊ ရုရှားအပြင် အခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်လာအောင်လုပ်ဆောင်မှု အရှိန်အဟုန်မြင့်လာတာ က သိသာမြင်သာပါတယ်။ ဒါ့အပြင် အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့လည်း ဆက်ဆံရေးတိုးတက်ဖို့ နိုင်ငံတကာက လော်ဘီကုမ္ပဏီနှစ်ခုကို ဒေါ်လာသန်းချီအကုန်အကျခံပြီး ဩဂုတ်လအတွင်းမှာ ဌားရမ်းခဲ့ပါတယ်။ ဒါတွေကလည်း စစ်တပ်ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံလာအောင်ကြိုးပမ်းမှုအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ ခြေလှမ်းတွေဆိုတာ သိသာပါတယ်။

ဒါကြောင့် နေ့စဉ် ပြည်သူကို ဗုံးကြဲ၊ သတ်ဖြတ်၊ အကြမ်းဖက်နေတဲ့ ရာဇဝတ်သား စစ်တပ်အုပ်စုကို ပြည်သူက ရွေးချယ်တဲ့ ဟန်ပြအရပ်သားအစိုးရဖြစ်အောင်၊ နိုင်ငံတကာအလယ် တရားဝင်အစိုးရအဖြစ် ရပ်တည်နိုင်အောင် ခဝါချကာလျှော်ဖွပ်ပေးကြမယ့် ပြည်တွင်းက အရပ်သားပညာရှင် Think Thank အမည်ခံအဖွဲ့တွေနဲ့ နိုင်ငံတကာက လော်ဘီများရဲ့ ခြေလှမ်းတွေကိုလည်း စဉ်ဆက်မပြတ်စောင့်ကြည့်ဖို့ အရေးကြီးပါတယ်။

ရှိရင်းစွဲအချက်အလက်များ(Facts)

စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ယန္တရားကိုကြည့်တဲ့အခါမှာ ရှိရင်းစွဲ အချက်အလက်တွေနဲ့ တွေ့ရှိချက်တွေကို မေ့ထားလို့ မရပါဘူး။ အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သူတို့အသာစီးရအောင် တည်ဆောက်ထားတဲ့ အချက်အလက်တွေရှိပါသေးတယ်။ 

မဲဆန္ဒနယ်များကို လိုသလိုအတိုးအချဲ့ပြုလုပ်ခြင်း

NLD အစိုးရလက်ထက်မှာတုန်းက တချို့မဲဆန္ဒနယ်တွေမှာ မဲဆန္ဒရှင်နည်းပါးတဲ့အတွက် မဲဆန္ဒနယ်တွေပေါင်း လိုက်တဲ့အခြေအနေရှိခဲ့ပါတယ်။ ဥပမာ- လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်နဲ့ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွေကို ပေါင်းစည်းပြီးတစ်မြို့နယ်တည်းအဖြစ် ပြန်လည်ဖွဲ့စည်းတာနဲ့ NLDအစိုးရလက်ထက်က ဖျက်သိမ်းခဲ့တဲ့ ဆိပ်ကမ်းမြို့နယ်ကို မြို့နယ်တစ်ခုအဖြစ် နဂိုအတိုင်းပြန်ထားဖို့ စီစဉ်ခဲ့ တာ ဇူလိုင်လအတွင်းမှာ စစ်တပ်ဘက်ယိမ်းတဲ့ သတင်းဌာများကတဆင့် တွေ့ရှိရပါတယ်။

အခု စစ်ကော်မရှင်ရဲ့အတုအယောင်ရွေးကောက်ပွဲမှာတော့ မဲပေးသူနည်းပါးတဲ့အခြေအနေ ကိုကြိုတင်ကာကွယ်တဲ့အနေနဲ့ UEC က NLD လက်ထက်မှာ ပေါင်းထားတဲ့ မဲဆန္ဒနယ်တွေကို ပြန်ပြီးခွဲလိုက်တာတို့၊ တချို့မဲဆန္ဒနယ်တွေကို ထပ်တိုးလိုက်တာတို့ လုပ်ထားပါတယ်။ ဒီ့အပြင် ၂၀၂၂ခုနှစ်ကတည်းက ရွေးကောက်ပွဲလုပ်ဖြစ်ရင် စစ်တပ်အသာစီးရဖို့အတွက် တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ခရိုင်အသစ်(၄၆)ခုကို တို့ချဲ့ထားပြီးဖြစ်တာကိုလည်း မမေ့သင့်ပါဘူး။

စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များ အရပ်သားအဖြစ်အသွင်ပြောင်းခြင်း

နောက်တစ်ခုက အာဏာရှင်အဆက်ဆက်လုပ်ရိုးလုပ်စဉ်ဖြစ်တဲ့ စစ်ဗိုလ်တွေယူနီဖောင်းချွတ်ပြီး နိုင်ငံရေးပါတီ တွေကနေ ဝင်ပြိုင်ဖို့တာဝန်ပေးတဲ့ကိစ္စပါ။ လွှတ်တော်မှာ အစိတ်သားလို့ခေါ်တဲ့ စစ်တပ်ရဲ့ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ဝင်ထိုင်ရုံနဲ့ အားမရဘဲ အရပ်သားအနေနဲ့ အသွင်ပြောင်းပြီး နိုင်ငံရေးပါတီတွေကနေ အရပ်သားအစိုးရအဖွဲ့ဝင်တွေ ဖြစ်အောင်လုပ်ဆောင်တဲကိစ္စက အခုလာမယ့်အတုအယောင်ရွေးကောက်ပွဲမှာလည်း ရှိနေဆဲဖြစ်ပါတယ်။ လက်ရှိအချိန်အထိမီဒီယာတွေရဲ့ ဖော်ပြချက်အရ စ်ယူနီဖောင်းလဲပြီး USDP ပါတီကနေ ဝင်ပြိုင်မယ့် စစ်တပ်ကိုယ်စားလှယ် ၁၉ယောက်ရှိပါတယ်။ တခြားပါတီတွေ ဖြစ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) နဲ့ ပြည်သူ့ပါတီ(PP) မှာလည်း ဝင်ပြိုင်မယ့် စစ်ဗိုလ်ချုပ်တွေရှီတယ်လို့ သိရပါတယ်။

အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်မှုထမ်းဥပဒေ 

အတုအယောင်ရွေးကောက်ပွဲမတိုင်ခင်ကတည်းက အရပ်သားတွေကိုခြိမ်းခြောက်ဒုက္ခပေးနေတဲ့ကိစ္စ တစ်ခုလည်း ရှိပါသေးတယ်။ အဲ့ဒါကတော့ စစ်ကော်မရှင်ရဲ့ အဓမ္မစစ်မှုထမ်းဥပဒေနဲ့ ပေါ်တာဆွဲတဲ့ကိစ္စဖြစ်ပါတယ်။ ဒီဇင်ဘာလ ပထမအပတ်အထိ အပတ်စဉ် ၁၉ ကိုရောက်ရှိနေပြီ ဖြစ်တဲ့ အဓမ္မစစ်မှုထမ်းသင်တန်းတွေဟာ ပြည်သူတစ်သိန်းနီးပါးကို အတင်းအကြပ်စုဆောင်းခဲ့ပြီဖြစ်ပါတယ်။ အတုအယောင်ရွေးကောက်ပွဲကာလမှာ လုံခြုံရေး အင်အားတိုးမြှင့်ရမယ့် စစ်ကော်မရှင်ဟာ ရှေ့တန်းစစ်မြေပြင်နဲ့ နောက်ချန်လုံခြုံရေးအတွက် တပ်သားအင်အား ကို လုံလောက်မှုရှိအောင်အသုံးပြုရမယ့် သဘောရှိတဲ့အတွက် အတင်းအကြပ် တပ်သားသစ်စုဆောင်းတဲ့ကိစ္စကို  လျှော့ချဖို့ မရှိသလောက်ပါပဲ။ ဒါ့အပြင်ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေမှာလည်း ပြည်သူကိုဒုက္ခပေးနေတဲ့ စစ်မှုထမ်းဥပဒေနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာကိုပင် ရွေးကောက်ပွဲကြေညာစာတမ်းတွင် ထည့်သွင်းမဲဆွယ်ခြင်း မပြုလုပ်နိုင်တာကို တွေ့ရပါတယ်။ နိုင်ငံတကာဖိအားလျော့ကျအောင် စစ်မှုထမ်းသင်တန်းသားဆင့်ခေါ်တာကို ခဏ ရပ်နားတယ်လို့ထုတ်ပြန်တာမျိုးရှိနိုင်ပေမယ့် မြေပြင်မှာပေါ်တာဆွဲတဲ့ကိစ္စကို ဆက်လုပ်နေဦးမှာ အသေအချာဖြစ်ပါတယ်။

Non-CDM ဝန်ထမ်းတွေရဲ့အခန်းကဏ္ဍ

Non-CDM ဝန်ထမ်းတွေမှန်သမျှမဲပေးရမယ်ဆိုတဲ့ညွှန်ကြားချက်တွေလည်းထွက်ထားပါတယ်။ ဒီဝန်ထမ်းတွေ ကို မဲရုံတွေမှာ အသုံးပြုမယ့် အခြေအနေနဲ့ ပတ်သက်လို့ လုံခြုံရေးစိုးရိမ်ချက်တွေ ရှိနေကြပါတယ်။ စစ်ကော်မရှင်ရဲ့ သေနတ်နဲ့မိုးပြီး အတင်းအကြပ်ခိုင်းစေမှုအောက်မှာ အသက်ကိုရင်းရမယ့် Non-CDM တွေအတွက်ကတော့  ဘေးကြပ် နံကြပ်အခြေအနေပါ။ “အရပ်သား” “နိုင်ငံ့ဝန်ထမ်း” ဆိုတဲ့ပုံရိပ်တွေကိုခုတုံးလုပ်ပြီး အတုအယောင် ရွေးကောက်ပွဲကို မရမကလုပ်ချင်နေတဲ့ စစ်ကော်မရှင်နဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကြားက Non-CDM တွေရဲ့ ကြမ္မာကို ဘယ်သူတွေဆုံးဖြတ်ကြမှာလဲ ဆိုတာ မေးခွန်းထုတ်စရာပါ။

ဇီဝအချက်အလက်နဲ့ ပုဂ္ဂလိကလုံခြုံရေး

PSMS(Person Scrutinization and Monitoring System) စနစ်နဲ့ အရပ်သားတွေရဲ့အချက်အလက်ကို ခြေရာခံမယ့် လုံခြုံရေးခြိမ်းခြောက်မှုဆိုင်ရာကိစ္စလည်းရှိပါသေးတယ်။ ကုလသမဂ္ဂအဖွဲ့အနေနဲ့လည်း စစ်အုပ်စု က ရွေးကောက်ပွဲမှာအရပ်သားတွေကို နည်းပညာနဲ့ စောင့်ကြည့်မယ်လို့ သတိပေးထားပါတယ်။ ဇီဝအချက် အလက်နဲ့ခြေရာခံတာကိုသုံးပြီး အရပ်သားတွေ မဲဘယ်လိုထည့်လဲ ဆိုတာ ကို စောင့်ကြည့်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှု တွေ ရှိတယ်လို့ လူ့အခွင့်အရေးရုံး၏ မြန်မာနိုင်ငံဆိုင်ရာအဖွဲ့ အကြီးအကဲ ဂျိမ်းစ် ရို့ဒ်ဟေဗာကပြောတယ်ဆိုပြီး ဧရာဝတီသတင်းဌာနမှာ ဖော်ပြထားပါတယ်။ တကယ်သာဒီလို စောင့်ကြည့်တဲ့စနစ်ရှိခဲ့မယ်ဆိုရင် မဲပေးခွင့်နဲ့ လူ့ အခွင့်အရေးကို ချိုးဖောက်တာဖြစ်ပြီးတော့ စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ နိုင်ငံရေးပါတီတွေကို မဲမပေးတဲလူ၊ ဒါမှမဟုတ် မဲလုံးဝလာမပေးတဲ့ပြည်သူတွေကို အတုအယောင်ရွေးကောက်ပွဲအလွန်ကာလမှာ ပစ်မှတ်ထားပြီး တင်းကြပ်မှုတွေလုပ်ဆောင်လာနိုင်ပါတယ်။

ရှာဖွေတွေ့ရှိချက်များ (Findings)

ဘက်နှစ်ဘက်ကြားက မြေစာပင်အရပ်သားများ

စစ်တပ်က ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲဖြစ်စဉ်မှာအထူးသတိပြုရမယ့် တွေ့ရှိချက်ကတော့ ပြည်သူတွေက နှစ်ဘက်စလုံး(စစ်တပ်နှင့် တော်လှန်ရေးဘက် Dual Threat) ရဲ့ ခြိမ်းခြောက်ခံရတဲ့ မြေစာပင်ဖြစ်နေတယ် ဆိုတာပါဘဲ။ ရွေးကောက်ပွဲ ကို မထောက်ခံရင် မဲမပေးရင် စစ်တပ်က ဖမ်းဆီးမယ်၊ထောင်ချမယ်၊ ဗုံးကြဲမယ်ဆိုပြီး သေနတ်ထောက်ခြိမ်းခြောက်ထားသလို မြေပြင်မှာလည်း တကယ်ဗုံးကြဲ၊ဖမ်းဆီးမှုတွေကျူးလွန်ပြီး ရွေးကောက်ပွဲဖြစ်မြောက်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အကြမ်းဖက်လုပ်ဆောင် နေပါတယ်။

တော်လှန်ရေး အင်အားစုတွေကလည်း စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံရင်၊ ပါဝင်ရင်ထိရောက်စွာ အရေးယူမယ်ဆိုတာမျိုးတွေ ထုတ်ပြန်တားမြစ်ထားပါတယ်။ မြန်မာနိုင်ငံက ပြည်သူတစ်ရပ်လုံး ဘက်နှစ်ဘက် ခြိမ်းခြောက်ခံရမှုရဲ့ မြေစာပင်ဖြစ်ပြီး အပြစ်ပေး၊ အရေးယူခံရ၊ ဖမ်းဆီး၊ သတ်ဖြတ်ခံနေရတာတွေ မြေပြင်မှာ အမှန်တကယ်ရှိနေပါတယ်။

အတုအယောင် ရွေးကောက်ပွဲနီးလာလေနှင့် ရွေးကောက်ပွဲကာလတွေမှာ ပြည်သူတွေက ဒီအကျပ်အတည်းကို ပိုပြီးတော့ခါးစည်းခံရဖွယ်ရှိပြီး စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု၊ စစ်ကြောင်းထိုးမှုတွေကြောင့် သေကြေပျက်စီး၊ ဖမ်းဆီးခံရမှုတွေလည်း ပိုမိုများပြားလာနိုင်ပါတယ်။

သတိ – ထောင်ချောက်ရှိသည်

နောက်ထပ်သတိပြုဖွယ်တွေ့ရှိချက်ကတော့ တော်လှန်ရေးအင်အားစုတွေ စစ်တပ်ရဲ့ ထောင်ချောက်ထဲကို ရောက်သွားနိုင်ခြင်းဘဲ ဖြစ်ပါတယ်။ ပြည်သူတွေ ကြားညှပ်နေတယ်ဆိုတဲ့ အခြေအနေကို စစ်တပ်က ကောင်းကောင်းသတိထားမိတယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်၊ တားမြစ်မှုတွေကို အချက်အလက်စုစည်းထားခြင်း၊ အကြမ်းဖက်ဖမ်းဆီးမှုတွေကို စာရင်းပြုစုထားပြီး ရွေးကောက်ပွဲကို နှောက်ယှက်ဖျက်စီးတဲ့ အထောက်အထားအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ချပြဖို့ ကြိုတင်စီစဉ်လှုံ့ဆော်ထားတာတွေကို တွေ့ရှိထားလို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တော်လှန်ရေးအင်အားစုတွေက တစ်ခုခုကို အရေးယူရင် အဲဒီအချက်တွေကိုအခြေခံပြီး အကြမ်းဖက်မှုကျူးလွန်သူတွေတွေအဖြစ် ပုံကြီးချဲ့စာရင်းသွင်းခံရနိုင်ချေရှိပါတယ်။ အဆိုးရွားဆုံးဖြစ်နိုင်ချေဥပမာကတော့ စစ်တပ်ကိုယ်တိုင် မဲရုံကို ဗုံးခွဲပြီး တော်လှန်ရေးအင်အားစုတွေက ကျူးလွန်သလို အပြစ်လွှဲချတဲ့ဖြစ်စဉ်တွေ ရှိလာနိုင်ပါတယ်။ မဲပေးတာကို နှောင်ယှက်မယ့်ကိစ္စတွေကို စစ်တပ်ကကျူးလွန်ပြီး တော်လှန်ရေး အင်အားစုတွေက ကျူးလွန်ပါတယ်လို့ပုံဖော်တဲ့ ထောင်ချောက်တွေကို စစ်တပ်က ကြိုတင်ပြင်ဆင်ထားတာမို့ သတိမလွတ်သင့်ပါဘူး။

မက်လုံးပေးမဲဆွယ်မှု

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်ကြောင်း ထုတ်ပြန်ပြီးဆန္ဒထုတ်ဖော်နေကြတဲ့ တော်လှန်ရေးစိုးမိုးနယ်မြေတွေကိုတော့ ဗုံးကြဲ၊စစ်ကြောင်းထိုးတဲ့နည်းနဲ့ ဓာတ်ကြမ်းတိုက် ဖြေရှင်းနေတဲ့စစ်တပ်က သူတို့အုပ်စိုးထားတဲ့မြို့ကြီးအချို့မှာတော့ အချိုသပ်တဲ့ မက်လုံးပေး မဲဆွယ်မှုတွေကို အသုံးပြုနေတာတွေ့ရှိရပါတယ်။

စစ်တပ်ရဲ့ပါတီ ကြံ့ခိုင်ရေးသာ အနိုင်ရရင် “အင်တာနက်လိုင်းပြန်ကောင်းအောင်လုပ်ပေးမယ်၊ ဖုန်းလိုင်းတွေပြန်ပွင့်ပြီ၊ လျှပ်စစ်မီး၂၄နာရီလင်းနိုင်အောင် လုပ်ပေးမယ်၊ စစ်ရှောင်တွေ အိမ်ပြန်ကြမယ်၊ ပြည်သူတွေ စီးပွားရေးတိုးတက်မယ်၊ ကြံ့ခိုင်ရေးက လူမသတ်ဘူ၊ မခိုးဘူး၊ အကြမ်းမဖက်ဘူး၊ ငြိမ်းချမ်းရေးသာ ဆောင်ရွက်မယ်” စသဖြင့် မက်လုံးတွေနဲ့ မဲဆွယ်နေကြပါတယ်။

ထင်သာမြင်သာတဲ့ ဥပမာကတော့ – အမေရိကန်က မြန်မာနိုင်ငံသားတွေကို ယာယီနေထိုင်ခွင့်/ အကာအကွယ်ပေးထားတဲ့(TPS)ကို ရပ်တန့်လိုက်တဲ့အချိန်မှာ စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးခေါင်းကိုင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “မြန်မာပြည်သားတွေကို နွေးထွေးစွာကြိုဆိုကြောင်း၊ ရွေးကောက်ပွဲမှာ မဲလာပေးကြဖို့ ဖိတ်ခေါ်ကြောင်း” အချိန်ကိုက်ထွက်ပြောခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေ ကို လွှတ်ပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီလို ဆိုရှယ်မီဒီယာများပေါ်၊ မီဒီယာတွေရှေ့မှာ နွေးထွေးစွာဖိတ်ခေါ်ကြောင်း လုပ်ပြနေပေမယ့် မြေပြင်မှာ လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဗူးဝကနေပြန်လည်ဖမ်းဆီးတာ၊ နေအိမ်ရောက်ပြီးမှ ပြန်လည်ဖမ်းဆီးတာမျိုးတွေလုပ်ဆောင်နေပါတယ်။ မြင်သာတဲ့တွေ့ရှိချက်ကတော့ ထိုင်းနိုင်ငံက ပြန်ပို့ခံရသူတွေဆိုရင် စစ်မှုထမ်းဖို့အတွက် တစ်ခါတည်းစစ်တပ်ဝန်းထဲကို ခေါ်ဆောင်သွားခံရတာဖြစ်တာမို့ နိုင်ငံခြားကပြန်လာသူတွေ လုံခြုံစွာမဲပေးနိုင်ပြီး နွေးထွေးစွာ ကြိုဆိုကြောင်း ဖိတ်ခေါ်မှုက ဟန်ပြလား၊ စိတ်ရင်းအမှန်လား သိသာစေပါတယ်။

ဒါ့အပြင် ပြည်သူတွေကိုလည်း ရွေးကောက်ပွဲနှောင့်ယှက်တယ်ဆိုတဲ့ ပုဒ်မတွေ အမျိုးမျိုးတပ်ပြီး ဖမ်းဆီးမှုတွေ၊ ဖမ်းဆီးဖို့ လှုံ့ဆော်မှုတွေက ဆက်လက်လုပ်ဆောင်နေဆဲပဲ ဖြစ်ပါတယ်။ လေကြောင်းက ဗုံးကြဲမှု၊ စစ်ကြောင်းထိုးမှုကိုလည်း နေ့စဉ်လုပ်ဆောင်နေဆဲပဲ ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်ရဲ့ ရွေးကောက်ပွဲ မတိုင်ခင် မက်လုံးပေး မဲဆွယ်မှုတွေက အပေါ်ယံဟန်ပြသက်သက်သာ ဖြစ်ပြီး ပြည်သူများကို ရွေးကောက်ပွဲပြီးပါက၊ သူတို့အနိုင်ရရှိပြီးသွားပါက ပြည်သူရွေးချယ်တဲ့ အရပ်သားအစိုးရဟန်ဆောင်ပြီး ပိုမိုအကြမ်းဖက်တဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်လာနိုင်ကြောင်း သုံးသပ်တွေ့ရှိရပါတယ်။

အတုအယောင် ရွေးကောက်ပွဲ အလွန်

ရွေးကောက်ပွဲဝင်ပြိုင်မယ့် အခြားနိုင်ငံရေးပါတီအင်အားစုတွေနဲ့ ပြည်သူအချို့က  စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲက မမျှတနိုင်ဘူးဆိုတာခန့်မှန်းမိကြပေမယ့် ရွေးကောက်ပွဲအလွန် ကာလတွေမှာ ၂၀၁၀ရွေးကောက်ပွဲနောက်ပိုင်းလို ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်ဖို့အရွေ့ကို သွားနိုင်မလားဆိုတဲ့ မျှော်လင့်ချက်တွေရှိကြောင်း တွေ့ရှိရပါတယ်။

စစ်တပ်ဦးစီးတာခြင်းတူပေမယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ အခု၂၀၂၅က ရွေးကောက်ပွဲမှာ ကွာခြားတာအချို့ရှိပါတယ်။၂၀၁၀ ရွေးကောက်ပွဲမှာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရာထူးကဆင်းပြီးတော့ သူ့ရဲ့အယုံကြည်ရဆုံးလူယုံတွေကို ဟန်ပြအရပ်သားအစိုးရအဖွဲ့အတွက် နေရာချထားပြီးဖြစ်ပါတယ်။ ၂၀၂၅ရွေးကောက်ပွဲမှာတော့ အာဏာသိမ်းထားတဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရာထူးကဆင်းမယ့်အရိပ်အယောင်မပြဘဲ သမ္မတရာထူးကို ဆက်လက်ယူထားနိုင်ချေရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်တဲ့ ပညာရှင်တွေက ထောက်ပြပြောဆိုထားတာ တွေ့ရပါတယ်။ ဒါကြောင့် အတုအယောင်ရွေးကောက်ပွဲအလွန် စစ်တပ်ဦးဆောင်တဲ့ ဟန်ပြအရပ်သားအစိုးရဖြစ်တာချင်းတူရင်တောင်မှ ဖြစ်ပေါ်လာမယ့် အစိုးရအခင်းအကျင်းက မတူညီနိုင်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်လွှတ်ရေး၊ မလွှတ်ရေးမှာလည်း နိုင်ငံရေးအခင်းအကျင်းပြောင်းလဲမယ် ဆိုတာမျိုးတွေ သုံးသပ်မှုမျိုးတွေကို တွေ့ရှိရပါတယ်။ ၂၀၁၀မှာ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှာဘဲ ထားပြီးတော့ နိုင်ငံရေးလုပ်ကိုင်ခွင့်ကို ကန့်သတ်ခဲ့ပါတယ်။ ပြီးတော့NLDပါတီက နိုင်ငံရေးပါတီအနေနဲ့ ဆက်လက်ရှိနေခဲ့ပါတယ်။ ဒါပေမယ့် အခု ၂၀၂၅ မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင် အဆက်အဆက်မလုပ်ခဲ့တဲ့ ထောင်သွင်းအကျဉ်းချထားမှုကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြုလုပ်ထားပါတယ်။ နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးပါတီ NLDက နိုင်ငံရေးပါတီအနေနဲ့ကို မရှိတော့ပါဘူး။

ဒါကြောင့် တကယ်လို့ စစ်တပ်က သူတို့ရဲ့နိုင်ငံရေးနေရာအသိအမှတ်ပြုခံရဖို့ ဒေါ်အောင်ဆန်းစုကြည်ကို အလွှတ်ပြခဲ့ရင်တောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနဲ့ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍာအရ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်း ပြောင်းလဲနိုင်စွမ်းမှာ စိန်ခေါ်မှု အကျပ်အတည်းတွေရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းက ရွေးကောက်ပွဲလုပ်လိုက်၊ စစ်အာဏာသိမ်းလိုက်နဲ့ ဆိုးကျော့သံသရာလည်နေကြောင်းကို အထက်မှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့်ဒီရွေးကောက်ပွဲပြီးရင်ရော ဒီဆိုးကျော့သံသရာက ဆက်လက်လည်ပတ်နေအုံးမလားဆိုတဲ့ မေးခွန်းတွေရှိပါတယ်။

ဒီနေရာမှာ ရှေ့ယခင်က ရွေးကောက်ပွဲတွေနဲ့ နောက်ထပ် မတူညီတော့တာကတော့ ဒီတခေါက် စစ်ဗိုလ်ချုပ်တွေရဲ့ အစိုးရအဖွဲ့ထဲမှာ အစိုးရယန္တရားတွေထဲမှာ ဒီမိုကရေစီကို ထောက်ခံပါတယ်ဆိုတဲ့ ပါတီတွေ၊ အရပ်ဘက်အစုအဖွဲ့တွေ၊ မီဒီယာတွေ ပါရှိတော့မှာမဟုတ်ဘဲ စစ်တပ်ကို ထောက်ခံတဲ့၊ စစ်တပ်ရဲ့လက်အောက်မှာ နေနိုင်တဲ့ ခံဝန်ကတိပြုထားသူသစ္စာခံတွေသာရှိအောင်ဖန်တီးထားပြီးသား အသိုက်အဝန်းဖြစ်တယ်ဆိုတာပါပဲ။

စစ်တပ်က ၂၀၂၁ အာဏာသိမ်းအပြီးကတည်းက သူတို့ဦးဆောင်ချင်တဲ့ အစိုးရပုံစံကို ပြင်ဆင်ခြင်း၊ ဥပဒေတွေကို စိတ်တိုင်းကျပြင်ဆင်ရေးဆွဲခြင်း၊ ပြည်သူတွေရဲ့ အချက်အလက်တွေကို ကောက်ခံစုဆောင်းထားခြင်း၊ အစိုးရယန္တရားတွေကို CDMဝန်ထမ်းတွေ မပါပေမယ့် လည်ပတ်နိုင်ဖို့ ပြင်ဆင်ခြင်း၊ စစ်ဆင်ရေးတိုက်ခိုက်မှုတွေကို မြေပြင်မှာပါမက ဆိုရှယ်မီဒီယာပလက်ဖောင်းများ စာမျက်နှာတွေနဲ့ ချိတ်ဆက် လုပ်ဆောင်ခဲ့ပြီးတော့ ပြည်သူ့အသံကို ပိတ်ဆို့အောင် လုပ်ဆောင်ထားတာတွေနဲ့ နိုင်ငံတကာအသိအမှတ်ပြုမှု ရလာအောင် နည်လမ်းပေါင်းစုံနဲ့ လှည့်ဖျားပြီး ရယူဖို့ကြိုးစားခြင်းများကို ၄နှစ်ကျော်အတွင်း စနစ်ကျလုပ်ဆောင်ခဲ့ပါတယ်။

အခြေခံအချက်အလက်တွေကို သူတို့အဆင်သင့်ဖြစ်တဲ့အချိန်ကျမှ အတုအယောင်ရွေးကောက်ပွဲ ပေါ်ပေါက်အောင် အနုနည်းနဲ့ကော အကြမ်းနည်းနဲ့ကော ကြေညာလုပ်ဆောင်လာတာ ဖြစ်ပါတယ်။ ဒါမှသာ စစ်အာဏာရှင်အဖြစ်ကနေ ပြည်သူကအသိအမှတ်ပြုတယ်ဆိုတဲ့ အရပ်သားအယောင်ဆောင် ဟန်ပြအစိုးရအဖြစ် အရေခွံချွတ်အသွင်ပြောင်းနိုင်မှာမို့ ရွေးကောက်ပွဲကိုကဖြစ်မြောက်အောင် မဖြစ်မနေလုပ်ဆောင်မှာပဲဖြစ်ပါတယ်။

အထက်မှာ ဖော်ပြခဲ့သလိုဘဲ ရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံပါတီကြံ့ခိုင်ရေးကဘဲ အနိုင်ရပြီး စစ်ဗိုလ်ချုပ်တွေကဘဲ မြန်မာပြည်ကို ဆက်လက် အုပ်ချုပ်သွားမှာဖြစ်တယ်။ စစ်တပ်ယူနီဖောင်းတွေနဲ့ တော့ မဟုတ်တော့ဘဲ အရပ်သားအဝတ်အစားတွေ ဝတ်ထားတဲ့သူတွေက ဒီမိုကရေစီ၊ ဖက်ဒရယ်၊ ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးတွေကို ထပ်တလဲလဲသုံးပြီး စစ်အာဏာရှင်စနစ်ကိုဘဲ ဆက်လက်သက်ဆိုးရှည်အောင် အတုအယောင်ရွေးကောက်ပွဲကို ကြားခံပြီးတော့ ဆောင်ရွက်သွားမှာပဲဖြစ်ပါတော့တယ်။ အတုအယောင် ရွေးကောက်ပွဲကနေ တက်လာမယ့် စစ်တပ်ကအာဏာယူထားတဲ့ ဟန်ပြအရပ်သားအစိုးရကို စစ်တပ်က ပြန်လည်အာဏာသိမ်းတဲ့ ဖြစ်စဉ်ရှိအုံးမလား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာဘဲ ဖြစ်ပါတယ်။