အရေခြုံ လှည့်ဖျား အကြမ်းဖက်လာခြင်း
“အထိရောက်ဆုံး ဝါဒဖြန့်ချိရေး ပုံစံဆိုတာ
အမှားလုံးလုံးကြီးပြောတာထက် လိုရာကိုပဲ ဆွဲယူဖော်ပြခြင်း ဖြစ်တယ်”
– မိုက်ကယ်ပရင်တီ –
အမေရိကန် နိုင်ငံရေး သိပ္ပံပညာရှင်
အထိနာလာသော စစ်ကောင်စီသည် နောက်ခြေတစ်လှမ်းတိုးလာသည်။ လုံးလုံးကြီးလိမ်လည် ဝါဒဖြန့်ခြင်း သည် မထိရောက်ကြောင်း သိလာသည်နှင့် အမျှ သတင်းအမှန် အပေါ် အခြေခံကာ လှည့်ဖျားပုံဖော်သော နည်းကို သုံးလာသည်။
ယခင်လများနည်းတူ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (PDF) များကို အကြမ်းဖက်သူများအဖြစ် ဆက်လက် ပုံဖော် ဝါဒဖြန့်သည့် နည်းတူ အခြား နည်းလမ်းများလည်း အသုံးပြုလာသည်။ ထင်ရှားသော ထပ်တိုးလာသည့် ဝါဒဖြန့်နည်း တစ်ခုမှာ အကြမ်းဖက်နေသော PDF များကို ပြည်သူများက မလိုလားတော့ဘဲ ပြည်သူများ ကိုယ်တိုင် ဖွဲ့စည်းထားသော အဖွဲ့များက ပြန်လည်တုန့်ပြန်နေပြီဖြစ်ကြောင်း ပြောဆိုလာခြင်း ဖြစ်သည်။ ယင်းကိုလည်း စစ်ကောင်စီက လိုအပ်သော ပံ့ပိုးမှုများပေးမည်ဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာခဲ့သည်။ တရားမဲ့ သတ်ဖြတ်မှုများကို ပြည်သူမှ ပြည်သူသို့ ဟူသော လှည့်ဖျားစကားဖြင့် အရေခြုံလုပ်ဆောင်သည့် ခြေလှမ်း စတင်လာမှာ ဧပြီလအတွင်း ထူးခြားသော အဖြစ်အပျက်တစ်ခု ဖြစ်သည်။
မတ်လအတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အသုံးချ၍ PDF များအပေါ် အများပြည်သူထောက်ခံမှု လျော့ကျအောင် လုပ်ဆောင်သကဲ့သို့ ဧပြီလအတွင်းတွင်လည်း ထင်ရှားသော ပွဲတော်၊ အဖြစ်အပျက်ကို အခြေပြု ဝါဒဖြန့်ချိခဲ့သည်ကို တွေ့ရသည်။ မြန်မာတို့၏ အထင်ရှားဆုံးပွဲတော် တစ်ခုဖြစ်သော သင်္ကြန်ပွဲတော်ကို အများပြည်သူတို့ ပျော်ရွှင်စွာဆင်နွှဲလိုသော်လည်း PDF အကြမ်းဖက်သမားများက ဖျက်ဆီးနေကြောင်း ဆက်တိုက် ဝါဒဖြန့်ခဲ့သည်ကိုတွေ့ရသည်။
နွေဦးတော်လှန်ရေးကို ထောက်ပံ့ကူညီနေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အာဏာရှင် ဆန့်ကျင်ရေး အင်အားစုများအကြား သွေးခွဲခြင်း၊ အများပြည်သူ အမြင်မကြည်လင်အောင် လုပ်ဆောင်ခြင်းတို့ ဆက်လက် ပြုမူနေသည်ကိုတွေ့ရသည်။ အထူးသဖြင့် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ရခိုင့်တပ်တော် (AA) တို့ကို အဓိက ပစ်မှတ်ထားသည်ကိုတွေ့ရသည်။
စစ်ကောင်စီနှင့် ၎င်း၏ လော်ဘီတို့က ဘာသာရေးကို အသုံးချပြီး ဝါဒဖြန့်လိမ်လည်မှုများကိုလည်း ဆက်တိုက်တွေ့ရသည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး၊ သာမဏများ မတော်တဆမှုကြောင့် ဆုံးပါးသွားခြင်းကို အသုံးချကာ PDF များက အကြမ်းဖက်သတ်ဖြတ်နေကြောင်း သတင်းမှား၊ သတင်းတုများ ဆက်တိုက် ဖြန့်ချိခဲ့သည်ကိုတွေ့ရသည်။ PDF အတွင်း မွတ်ဆလင်ဘာသာဝင်တို့ ပါဝင်နေသဖြင့် အချို့သော ရွာများက လက်မခံကြောင်း စစ်ကောင်စီ လော်ဘီ စာမျက်နှာများက လိမ်လည်ဝါဒဖြန့်ခဲ့သည်ကို တွေ့ရသည်။
PDF များသည် အများပြည်သူတို့၏ နေအိမ်၊ ပစ္စည်းဥစ္စာများကို ဖျက်ဆီးသူများ ဖြစ်ကြောင်း ရုပ်သံဖိုင်အတုများဖြင့်ပါ တင်ဆက်၍ ဆက်တိုက်ပုံဖော်လာသည်ကိုလည်းတွေ့ရသည်။ စစ်ကောင်စီတပ် အတွင်း အက်ကြောင်းပိုများလာသည်နှင့် အမျှ တပ်တွင်းစည်းလုံးရေးအတွက် PDF များကို ပိုမို အပုပ်ချ ပြောဆိုလာသည်ကိုလည်း မြင်နိုင်သည်။
အထက်ဖော်ပြပါ ဝါဒဖြန့်ချိရေး လမ်းကြောင်းနည်းတူကို အများပြည်သူ အသုံးများသော Facebook ပေါ်တွင် သာမက Telegram ပေါ်တွင်လည်း ဧပြီလအတွင်း ဆက်တိုက် တင်ခဲ့သည်ကို တွေ့ရသည်။ သင်္ကြန်ကို မဆင်နွှဲရန် ပြောဆိုနေသော်လည်း ခရစ်ယာန်နှင့် မွတ်ဆလင် ဘာသာရေးပွဲတော်များကိုမူ မည်သို့မျှ လှုံ့ဆော်သည်ကို မတွေ့ရကြောင်း၊ အစ္စလာမ်ဘာသာဝင် PDF အဖွဲ့ဝင်ဆိုသူ အကြောင်း၊ PDF သတ်ဖြတ်သဖြင့် သာသနာ့နွယ်ဝင်များ ဆုံးပါးရကြောင်း၊ PDF တို့သည် အကြမ်းဖက်နေသဖြင့် သွေးသောက်အဖွဲ့ကဲ့သို့သော အဖွဲ့ကို ကြိုဆိုကြောင်း Telegram တွင်လည်း ဆက်တိုက်ဝါဒဖြန့်ခဲ့ကို တွေ့ရသည်။ (ယခု အစီရင်ခံစာတွင် Facebook ပေါ်မှ သတင်းတု၊ သတင်းမှားများကိုသာ စုစည်း သုံးသပ်ထားပါသည်)။
ဧပြီလအတွင်း သတင်းမှားဖြစ်တန်ချေ အကြောင်းအရာ ၁၁၀ ပုဒ်နှင့် အချက်အလက်စစ်ဆေးသည့် ဌာနများကစိစစ်ခဲ့သည့် သတင်းမှား အပုဒ်ရေ ၁၀၁ ပုဒ်၊ စုစုပေါင်း သတင်းမှားအကြောင်းအရာ နှစ်ရာကျော် ကို Facebook စာမျက်နှာများပေါ်တွင် စောင့်ကြည့်လေ့လာနိုင်ခဲ့သည်။
ယင်းတို့ကို သက်ဆိုင်ရာ အပိုင်းလိုက် ကောက်နုတ်တင်ပြထားပြီး ပိုမိုနှိုင်းယှဉ်မြင်သာစေရန် ပုံကားချပ်များ၊ ဇယားများဖြင့်ဖော်ပြထားပါသည်။ Fact Check ပြုလုပ်သော သတင်းဌာနများက လုပ်ဆောင်နိုင်ခဲ့သော သတင်းတု၊ သတင်းမှား စိစစ်မှုနှင့် Facebook လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့ခဲ့သော သတင်းတု၊ သတင်းမှားတို့ကို နှိုင်းယှဉ်လေ့လာနိုင်ရန် နောက်ဆက်တွဲ ပုံကားချပ်ဖြင့်လည်း (စာမျက်နှာ ၂၁) ဖော်ပြထား ပါသည်။