အေအေအဖွဲ့မှ အတင်းအဓမ္မလူသစ်စုဆောင်းတာကြောင့် ရခိုင်အမျိုးသားတွေ မိန်းမလျာအဖြစ် ဟန်ဆောင်လာကြဆိုပြီး သတင်းမှားဖြန့်
Akyab Post/ MFCN
9 Feb 2026
အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ အာရက္ခတပ်တော် အေအေအဖွဲ့မှနေ အတင်းအဓမ္မ လူသစ်စုဆောင်းတာကြောင့် ရခိုင်အမျိုးသားတွေဟာ မိန်းမလျာအဖြစ် ဟန်ဆောင်လာကြတယ် ဆိုပြိီး ဖြန့်ဝေထားတဲ့ ဗီဒီယိုတစ်ခု ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ Snow Queen ချန်နယ်ကနေ ဖေဖော်ဝါရီလ ၃ရက်နေ့မှာ ဗီဒီယိုတစ်ခုဖြန့်ခဲ့ပြီးတော့ ဗီဒီယိုထဲမှာ “အကြမ်းဖက် အေအေအဖွဲ့က လူသစ်များ အဓမ္မစုဆောင်းနေမှုကြောင့် ရခိုင်သားများ အခြောက်လို ဟန်ဆောင်နေကြ” (မူရင်းအရေးအသား) ဆိုကာ ရေးသားဖြန့်ဝေထားပါတယ်။
ဒီပို့စ်ကို ဖြန့်ဝေထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၈၉၀၀ ကျော်ထိရှိပြီးတော့ reaction ပေးသူ ၁၁၆ ဦးထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့ အခါမှာ ဆိုရှယ်မီဒီယာမှာ ဟာသအဖြစ်တင်ထားတဲ့ ဗီဒီယိုတစ်ခုကို သုံးပြီး လိုအပ်သလို ပုံဖော်ရေးသားပြီး သတင်းတုသတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန််နယ်တွေမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ ဗီဒီယိုကို Akyab Post ဖက်ကနေ InVid Tools နဲ့ google reverse image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Snow Queen ချန်နယ်ကနေ တင်ထားတဲ့ ဗီဒီယိုကို Google reverse image search tools နဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ “Kyauk Taw Media” ဆိုတဲ့ Facebook page ကနေ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ “ နိုင်ငံရီးတိကောင်းခါ ပေါက်တောမြို့ဖက်ကို အလည်တခေါက်လားရဖို့..” ဆိုတဲ့ caption နဲ့ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ဗီဒီယိုဖြစ်နေတာကို တွေ့ရပါတယ်။
ဗီဒီယိုကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာလည်း ဟာသအဖြစ်တင်ထားတဲ့ ဗီဒီယိုသာ ဖြစ်ပြီးတော့ Comment တွေအောက်မှာလည်း စနောက်ပြီးတော့ တင်ထားတဲ့ ဗီဒီယိုတစ်ခုဖြစ်တယ်လို့ မှတ်ချက် ပေးထားကြတာကိုသာ တွေ့ရပါတယ်။
မူရင်းတင်ထားတဲ့ “Kyauk Taw Media” Facebook Page မှာ အေအေဖက်ကနေ အတင်းဓမ္မလူသစ်စုဆောင်းတာကြောင့် ရခိုင်အမျိုးသားတွေ မိန်းမလျာအဖြစ် ဟန်ဆောင်လာကြပြီဆိုပြီး ရေးသားထားတဲ့ အကြောင်းအရာကို မတွေ့ရှိရပါဘူး။
ဒါ့အပြင် ဒေသတွင်း သတင်းမီဒီယာတွေဖြစ်ကြတဲ့ DMG နဲ့ Narinjara သတင်းဌာနတွေမှာလည်း ရှာဖွေကြည့်လိုက်တဲ့အခါမှာ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ရေးသားထားတာမျိုးကို မတွေ့ရှိရပါဘူး။
စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ မူရင်းတင်ထားတဲ့ ဗီဒီယိုဖိုင်နဲ့ တိုက်ကြည့်လိုက်တဲ့အခါမှာ ဟာသအဖြစ် တင်ထားတဲ့ ဗီဒီယီုကို လိုအပ်သလို ပုံဖော်ရေးသားပြီး ဖြန့်ဝေထားတဲ့ သတင်းတုသတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
ဒီအချက်အလက်တွေအရ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ ရခိုင်ဒေသတွင်းမှာ တည်ငြိမ်မှုမရှိအောင်နဲ့ ပဋိပက္ခများဖြစ်အောင် သတင်းတုသတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။
ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ပြီး ရေးသားပြီး သတင်းတုသတင်းမှားတွေ ဖြန့်လေ့ရှိပါတယ်။
လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပါတယ်။ ဒီကျုးလွန်မှုတွေကိုလည်း စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
