MOD အောက် မဝင်သည့် LPDF များကို ဒေါက်တာဇော်ဝေစိုး အဆိပ်ကျွေးနေဟု စစ်လော်ဘီများ သတင်းအမှားဖြန့်ဝေ

1 April 2026
Fact-Check by Myanmar Pressphoto Agency+ The Red Flag
အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်သို့ ဝင်ရောက်လာခြင်း မရှိသည့် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များကို ဒေါက်တာ ဇော်ဝေစိုးက အဆိပ်ကျွေးနေဆိုသည့် သတင်းအမှား စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ဖြန့်ဝေထားသည်။
“မှိုင်းဝေ”တယ်လီဂရမ်ချန်နယ်က မတ်လ ၂၇ ရက် နံနက် ၁၁ နာရီ ၅၇ မိနစ်တွင် ဒေါက်တာဇော်ဝေစိုးက NUG လက်အောက်သို့ ဝင်ရောက်လာသည့် LPDF များကို အဆိပ်သီးတံဆိပ်များ တပ်ဆင်ပေးနေပြီး၊ မဝင်လာသည့် LPDF များကို အဆိပ်သီးများ ကျွေးနေကြောင်း ဓာတ်ပုံနှင့်တကွ ဖြန့်ဝေထားသည်။
အဆိုပါ အကြောင်းအရာကို “ဖိုးမောင်၊ Min Din” အပါအဝင် အခြား စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များကလည်း ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှု များပြားနေသည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/v712V
ဖိုးမောင် – https://archive.ph/36ExP
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ ရှိရသည်။
သတင်းစိစစ်ချက်
ပျံ့နှံ့နေသော ဓာတ်ပုံကို Google Lens ဖြင့် စစ်ဆေးကြည့်ရာ “BBC” သတင်းဌာနက ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။
BBC တွင် စစ်ကိုင်းတိုင်း၊ တမူးဒေသအခြေစိုက်တပ်တစ်ခု ဖြစ်သည့် အမျိုးသားလွတ်မြောက်ရေး တပ် တော် NLA သည် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန PDF တပ်ရင်း အဖြစ် မတ်လ ၂၀ ရက်နေ့တွင် ကူးပြောင်းခံယူခဲ့ကြောင်း၊ ကွပ်ကဲမှုခံယူသည့် အခမ်းအနားသို့ NUG ပြည်ထောင်စုဝန်ကြီး ချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်ပြီး NLA တပ်ဖွဲ့ဝင်များကို ဘတ်တံဆိပ် တပ်ဆင်ပေးခဲ့ ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံကြည့်ရန် >>> https://bitly.cx/xJxg
Google တွင် “NLA တပ်ဖွဲ့ MOD ကွပ်ကဲမှုခံယူ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေခဲ့ရာ “People’s Spring၊ Mawkun Magazine၊ မောင်း” အပါအဝင် မီဒီယာများက သတင်းဖော်ပြထားသည်။
သတင်းမီဒီယာများတွင် မတ်လ ၂၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ တမူးဒေသအခြေစိုက် အမျိုးသားလွတ် မြောက်ရေးတပ်တော် (NLA) က အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော်၏ တပ်ရင်းအဖြစ် ပြောင်းလဲရပ်တည်ခဲ့ကြောင်း၊ ကွပ်ကဲမှု အခမ်းအနားကို ဒေါက်တာဇော်ဝေစိုးကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း၊ NLA အနေဖြင့် MOD ၏ တပ်ရင်းအဖြစ် တော်လှန်ရေးခရီးကို ဆက်လက်လျှောက်လှမ်းသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
People’s Spring – https://bitly.cx/5A93n
Mawkun Magazine – https://bitly.cx/zDHUD
မောင်း – https://bitly.cx/gOPVJ
အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ( MOD ) က လည်း အဆိုပါ ကွပ်ကဲမှုခံယူပွဲနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ထားသည်။ တမူးဒေသ၊ အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( NLA ) က အမှတ်( ၁ ) စစ်ဒေသ ကွပ်ကဲမှုကို မတ်လ ၂၀ ရက်တွင် စတင်ခံယူခဲ့ကြောင်း၊ NLA သည် ၂၀၂၁၊ ဩဂုတ် ၂၃ ရက်တွင် Myanmar Federal Army(MFA) အမည်ဖြင့် တော်လှန်ရေးကို စတင်ခဲ့ပြီး NLA အဖြစ် ၂၀၂၃၊ မတ်လ ၅ ရက်နေ့တွင် စတင်ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း၊ ယနေ့တွင် PDF တပ်ရင်းအဖြစ် ဆက်လက် တိုက်ပွဲဝင်နေပြီဖြစ်ကြောင်း ၊ MOD အနေဖြင့် ဒေသတွင်း တော်လှန်းရေးတပ်ဖွဲ့များက MOD အောက် တာဝန်ထမ်းဆောင်ရန် ဖြစ်စေ၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နိုင်ရန်ဖြစ်စေ အစဉ်အမြဲ ကြိုဆိုလျက်ရှိကြောင်း သတင်းထုန်ပြန်ထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/i75P3
သုံးသပ်ချက်
သတင်းမီဒီယာများတွင် တမူးအခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်( NLA ) က NUG-MOD ကွပ်ကဲမှုအောက်သို့ ကူးပြောင်းဝင်ရောက်လာကြောင်း၊ ကွပ်ကဲမှု အခမ်းအနားသို့ ဒေါက်တာဇော်ဝေစိုး ကိုယ်တိုင် တက်ရောက်ပြီး ဘတ်တံဆိပ်များ ချီးမြှင့်ခဲ့ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “MOD လက်အောက်သို့ မဝင်သည့် LPDF များကို ဒေါက်တာဇော်ဝေစိုးက အဆိပ်ကျွေး” ဆိုသည့် အကြောင်းအရာသည် လုပ်ကြံဖန်တီးထားသော သတင်းအမှားဖြစ်သည်။
ယနေ့ခေတ် အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။
ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။
Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/