DVB သတင်းဌာနက အစီအစဉ်တင်ဆက်သူ နေဇော်နိုင် သေဆုံးသွားပြီ ဆိုတဲ့ သတင်းအမှား

၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်
(Factcheck/ DNA / The Red Flag)
☑️အနှစ်ချုပ်
DVB သတင်းဌာနမှာ သရော်စာအစီအစဉ်တွေနဲ့” ကျွန်တော်ဆွဲဖွင့်မိသော တံခါးများ”အစီအစဉ်တင်ဆက်သူ နေဇော်နိုင် သေဆုံးသွားပြီ ဆိုတဲ့သတင်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေတာကို တွေ့ရှိရပါတယ်။ ဒီသတင်းကို DNA က စစ်ဆေးကြည့်တဲ့အခါ သတင်းမှားဖြစ်ပါတယ်။
☑️ဖြန့်ဝေတဲ့အကြောင်းအရာ
“နဝတ နအဖ လက်ထက်ကတည်းက DVB ရုပ်သံကနေမြန်မာအစိုးရကို ဖောင်းထု ဘေး ပြောလာခဲ့တဲ့ ဦးနေဇော်နိူင် ကြီးတော့ ရှောသွားပြီတဲ့ သူတို့ ပြောလာတဲ့ ဘရွှေကြီးက ခုထိကျန်းမာနေတုန်း သူတို့ကတော့ တယောက်ပြီးတယောက်ရှောကုန်ပြီကျန်သေးတယ် ပေါက်စီ၊ စိန်သီး၊ ပိုးလေး၊ အောင်သော်တို့ကောင်တွေ” (မူရင်းအရေးအသားအတိုင်း)ဆိုပြီး ၂၀၂၆ ခုနှစ်၊ ဧပြီ ၁ ရက်မှာ နတ်နေကိုင်းအမည်ရှိ Facebook အကောင့်
က ရေးသားခဲ့တဲ့အပြင် စစ်ကော်မရှင်လော်ဘီ တယ်လီဂရန်ချန်နယ်တွေဖြစ်တဲ့ Ye Yint Htet (#yyh), Snow Queen, DI Thameedaw နဲ့ အခြားချန်နယ်တွေကနေ ဖြန့်ဝေခဲ့တာကို တွေ့ရပြန်ပါတယ်။
နတ်နေကိုင်း- https://bit.ly/4vacwj5
ဒီအကြောင်းအရာကို နတ်နေကိုင်း အမည်ရှိ Facebook အကောင့်မှာ Reaction 3.1 K, comment 120 ကျော်နဲ့ Share 249 ဦး ရှိခဲ့ပြီး စိတ်ဝင်စားမှုများပြားကာ ပျံ့နှံ့နေခဲ့တာကို တွေ့ရပါတယ်။
ဒါအပြင် ၂၀၂၆ ခုနှစ်၊ ဧပြီ ၁ ရက်မှာပဲ “ DVB က နေဇော်နိုင် ငရဲပြည်သို့ ထာဝရဆင်းသက်ကြောင်း သိရ” စတဲ့ အရေးအသားအမျိုးမျိုးနဲ့ နေဇော်နိုင် သေဆုံးသွားပြီဆိုတဲ့ ဖြန့်ဝေရေးသားမှုတွေကို တောပျော်ကြီး , Darling Mg စတဲ့ facebook အကောင့်တွေကနေ ရေးသားခဲ့ပါတယ်။
တောပျော်ကြီး – https://shorturl.at/mpxVt
၂၀၂၆ ခုနှစ်၊ ဧပြီ ၂ ရက်မှာ “ DVB က နေဇော်နိုင် အခုတော့ သေပြီတဲ့ “ဆိုပြီး Khinmaywin facebook အကောင့်ကနေ ရေးသားခဲ့တာကိုလည်း တွေ့ရပါတယ်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၃ ရက်မှာ “အခုတော့ ရှောသွားပြီ၊ ဘယ်တော့မှ လူမဖြစ်တော့ဘူး DVB က နေဇော်နိုင် Go to the hell.”လို့ရေးသားပြီး Ko Htet Facebook အကောင့်ကနေ ဖြန့်ဝေခဲ့တာကိုလဲ တွေ့ရပါတယ်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၄ ရက်မှာ“နေဇော်နိုင် သေဆုံးသွားပြီ ဘရွှေကြီးက ခုထိကျန်းမာနေတုန်း”စတဲ့ အကြောင်း ကိုဘဲ ကြိုးမဲ့စွန် အမည်ရှိ Facebook အကောင့်က ရေးသားဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။
ကြိုးမဲ့စွန် – https://archive.ph/gw6zG
အဲဒီပျံ့နှံ့နေတဲ့ သတင်းကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Delta News Agency က စစ်ဆေးကြည့်တဲ့အခါ DVB သတင်းဌာနမှာ သရော်စာအစီအစဉ်တွေနဲ့” ကျွန်တော်ဆွဲဖွင့်မိသော တံခါးများ” အစီအစဉ်တင်ဆက်သူ နေဇော်နိုင် သေဆုံးသွားပြီဆိုတာ လုပ်ကြံဖန်တီးဖြန့်ဝေတဲ့ သတင်းမှားဖြစ်တာကို စိစစ် သိရှိရပါတယ်။
☑️ သတင်းစိစစ်ချက်
၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက်မှာ “အိပ်မက်တွေ လွှတ်တော်ထဲ ကျကွဲသွားရှာပါပေါ့” ခေါင်းစဉ်နဲ့ မတ်လ ၃၀ ရက်မှာ “ရောဂါရနေတဲ့ သမ္မတ ရောဂါ” ခေါင်းစဉ်တွေနဲ့ DVB TV အစီအစဉ်တင်ဆက်သူ နေဇော်နိုင်ရဲ့ လူသိများထင်ရှားတဲ့“ကျွန်တော်ဆွဲဖွင့်မိသောတံခါးများ”အစီအစဉ်တင်ဆက်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၁ ရက်မှာ “နေဇော်နိုင်@ မောင်ပုည ကဗျာရွတ်သည်” လို့ ရေးသားထားပြီး နေဇော်နိုင် ကိုယ်တိုင်ရေးသားထားတဲ့ ကဗျာကို ကိုယ်တိုင်ရွတ်ဖတ်နေတဲ့ရုပ်သံအား Saw Mu Lay Auo facebook account ကနေ ပို့စ်တင်ထားတာကို ကြည့်ရှုနိုင်ပါတယ်။
ဒါအပြင် ၂၀၂၆ ခုနှစ်၊ ဧပြီ ၄ ရက်မှာ CDM ဗိုလ်မှူးတင်လင်းအောင်နဲ့အတူ “ကာချုပ်အသစ် ဘာလုပ်ဖြစ် မလဲ? ခေါင်းစဉ်နဲ့ DVB က ထုတ်လွင့်နေတဲ့ နေဇော်နိုင်ရဲ့ “ကျွန်တော် ဆွဲဖွင့်မိသော တံခါးများ” အစီအစဉ် ကို ပုံမှန်အတိုင်းထုတ်လွှင့်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။
DVB TV News – https://bit.ly/4ca6Flq
ဒီသတင်းနဲ့ပတ်သက်လို့ DVB Fact Check ကို အတည်ပြုမေးမြန်းရာမှာလည်း “ ဒါသတင်းမှားဖြစ်ပါ တယ်”လို့ MFCN ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်မှာ ဖြေကြားခဲ့ပါတယ်။
☑️သုံးသပ်ချက်
နေဇော်နိုင်ဟာ သူကိုယ်တိုင် အဓိက နှစ်ပေါင်းများစွာ တင်ဆက်နေတဲ့ “ကျနော်ဆွဲဖွင့်မိသော တံခါးများ” အစီအစဉ်ကို ပုံမှန်အတိုင်း DVB TV မှာ ထုတ်လွှင့်နေပြီး လက်ရှိ ၄.၄.၂၀၂၆ ရက်ထိ နောက်ဆုံးအပိုင်းဖြစ် တဲ့ “ကာချုပ်အသစ် ဘာလုပ်ဖြစ်မလဲ? အပိုင်းကို ပုံမှန်အတိုင်းထုတ်လွှင့်ခဲ့တာကို တွေ့ရလို့ နေဇော်နိုင် သေဆုံး သွားပြီ ဆိုတာ သတင်းမှားသာဖြစ်ပါတယ်။
DVB TV မှာ အစီအစဉ်တင်ဆက်သူ ဦးနေဇော်နိုင် သေဆုံးတယ်လို့ ခိုင်လုံသော သတင်းမီဒီယာတွေမှာ ဖော်ပြရေးသားထားတာ မရှိသလို DVB သတင်းဌာနကလည်း ၂၀၂၆ ခုနှစ်၊ ဧပြီ ၄ ရက်အထိ ထုတ်ပြန် ထားမှုမရှိသေးတဲ့အပြင် DVB Factcheck ကိုမေးမြန်းရာမှာလဲ သတင်းမှားဖြစ်တယ်လို့ ဖြေကြားခဲ့တာကို တွေ့ရပါတယ်။
ဒါ့အပြင် ၂၀၂၆ ခုနှစ်၊ ဧပြီ ၃ ရက်မှာ စစ်ကော်မရှင်လော်ဘီဖြစ်တဲ့ Aung Min တယ်လီဂရန်ချန်နယ်ကနေ “ နေဇော်နိူင်ကတော့ လူမှန်နေရာမှန်ရောက်သွားပြီ၊ “အဲ့လိုဘဲအေးအေးဆေးဆေးနေပါကွာ “ လို့ နေဇော်နိုင် ပုံပါ ဓါတ်ပုံ ၂ ပုံနဲ့အတူ ရေးသားခဲ့တဲ့အတွက် နေဇော်နိုင်သေဆုံးသွားပြီဆိုတာ သတင်းမှား ဖြစ်တာကို သိရှိ နိုင်ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အပြင် AI နည်းပညာနဲ့ ခွဲခြားရခက်တဲ့ ဗီဒီယိုတွေကို ဖန်တီးနိုင် နေပြီဖြစ်လို့ အင်တာနက်ပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည် ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@ gmail.com)ကနေ ဝင်ရောက် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။