Fact-check_ Real or Not (ဟုတ်တယ် Vs မဟုတ်ဘူး)
နိုဝင်ဘာ ၄ရက် ၊ ၂၀၂၅
အနှစ်ချုပ်အကြောင်းအရာ
ပုံအဟောင်းတွေကိုအသုံးပြုပြီး PDF တွေက ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်ဆိုတဲ့ အကြောင်းအရာသည် ပြီးခဲ့သည့်နှစ်တွေက ဖြစ်ခဲ့သည့် အကြောင်းအရာတွေ၏ ပုံတွေကို ပြန်လည်အသုံးပြုပြီး ချိတ်ဆက်ထားသည့် ဆက်စပ်သတင်းမှား ဖြစ်ကြောင်းကို ဟုတ်တယ် Vs မဟုတ်ဘူး အဖွဲ့သားတွေက အချက်အလက်စစ်ဆေးပေးထားပါတယ်။
ဖြန့်ဝေထားမှု
စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေ ချန်နယ်ကနေ နိုဝင်ဘာလ (၁) ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး “အကြမ်းဖက် PDF များက ပြည်သူပိုင်နေအိမ်များအား မီးရှို့ဖျက်ဆီး” ဆိုတဲ့စာသားနဲ့အတူ အဆောက်အဦးတချို့ မီးလောင်ကျွမ်းနေတဲ့ပုံတွေကို ချိတ်ဆက်ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ပို့စ်ကို ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။
ဖြန့်ဝေထားတဲ့ Link >>>> https://archive.ph/Q2d4z
အချက်အလက်စိစစ်မှု
ဖြန့်ဝေထားတဲ့ ပို့စ်မှာရေးသားထားသလိုမျိုး PDF တွေဟာ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီး တယ်ဆိုတာနဲ့ ပတ်သက်ပြီး စိစစ်နိုင်ဖို့အတွက် ပုံတွေကို စိစစ်ကြည့်ရာမှာ အရင်နှစ်တွေက ဖြစ်ပွားခဲ့တဲ့ မတူညီတဲ့ဖြစ်စဉ်တွေ၏ ပုံတွေကို အသုံးပြုပြီး သတင်းမှားဖန်တီး ဖြန့်ဝေထားတယ်ဆိုတာကို စိစစ် တွေ့ရှိရပါတယ်။
ဖြန့်ဝေထားတဲ့ပို့စ်မှာပါဝင်တဲ့ ပထမဦးဆုံးပုံကို Google Lens နဲ့ ပြန်ရှာဖွေကြည့်လိုက်တဲ့အခါ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့တုန်းက မြိတ်-ကော့သောင်းလမ်းမပေါ်မှာရှိတဲ့ မဇောကျေးရွာအုပ်စု၊ သကန်ရွာက တိုးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်ဖွဲ့တွေရှိတယ်ဆိုပြီးသတင်းရလို့ မီးရှို့ခဲ့တဲ့ ဖြစ်စဉ်က ပုံဖြစ်ပါတယ်။ အဲ့ဒီအကြောင်းအရာကို တနင်္သာရီဒေသအခြေစိုက် The Tanintharyi Times သတင်းဌာနက သတင်းဖော်ပြထားတဲ့လင့်ခ်ကို အောက်မှာဖတ်ရှုနိုင်ပါတယ်။
The Tanintharyi Times သတင်းဌာနရဲ့သတင်း>>> https://bit.ly/49wbAgC
နောက်ထပ် ဒုတိယဓာတ်ပုံကိုလည်း ပြန်ရှာဖွေကြည့်လိုက်တဲ့အခါ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တုန်းက ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ရဲ့ ပုံကို အသုံးပြုထားတယ်ဆိုတာကို စိစစ် တွေ့ရှိရပါတယ်။ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က သကျက်တောကျေးရွာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားတဲ့ နယ်မြေခံရဲစခန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီတုန်းက သတင်းနှင့် မီဒီယာ ကွန်ယက် (Network Media Group) က ဖော်ပြခဲ့တဲ့သတင်းကို အောက်ကလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
Network Media Group ရဲ့သတင်းလင့်ခ် >>> https://bit.ly/4nwkP3N
ဒါ့အပြင် ပို့စ်မှာပါဝင်တဲ့ တတိယမြောက်ပုံကိုလည်း ပြန်ရှာဖွေကြည့်လိုက်တဲ့အခါ ၂၀၂၄ ခုနှစ် ဩဂုတ်လ အတွင်းက ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ရဲ့ပုံကို ပြန်လည်အသုံးပြုပြီး သတင်းအမှားဖြန့်ထားတယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီဂိတ်စခန်း တခုကို ၂၀၂၄ ခုနှစ် သြဂုတ် ၁၉ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ က စီးနင်း မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအကြေင်းကို DVB သတင်းဌာနက သတင်းဖော်ပြခဲ့ပါတယ်။
DVB သတင်းဌာနရဲ့ သတင်း >>> https://bit.ly/43L57e7
သုံးသပ်ချက်
အထက်မှာဖော်ပြခဲ့တဲ့ အချက်တွေနဲ့ စိစစ်ကြည့်လိုက်မယ်ဆိုရင် မှိုင်းဝေ ချန်နယ်ကနေဖြန့်ဝေထားတဲ့ အကြောင်းအရာဖြစ်တဲ့ “အကြမ်းဖက် PDF များက ပြည်သူပိုင်နေအိမ်များအားမီးရှို့ဖျက်ဆီး “တယ်ဆိုတာက အရင်နှစ်တွေကဖြစ်ပွားခဲ့တဲ့ မတူညီတဲ့ဖြစ်စဉ်တွေက ပုံတွေကို ပြန်လည်အသုံးပြု ဖြန့်ဝေ ထားတဲ့သတင်းအမှားဆိုတာကို စိစစ်တွေ့ရှိနိုင်ပါတယ်။
အကြံပြုချက်
ဟုတ်တယ် Vs မဟုတ်ဘူး စာဖတ်ပရိတ်သတ်တွေအနေနဲ့ နည်းပညာတိုးတက်လာတဲ့ ခေတ်ကြီးမှာ အင်တာနက် အသုံးပြုတဲ့သူတွေ ထုတ်လုပ်ထားသည့် သတင်းအကြောင်းအရာမျိုးစုံ ပါနေတာကြောင့် ဓာတ်ပုံ၊ ရုပ်သံ ပါတိုင်းလည်း အလွယ်တကူလက်ခံ မယုံကြည်ဘဲ၊ သတင်းအရင်းအမြစ်များစွာနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ အကြံပြုတိုက်တွန်းချင်ပါတယ်။
စာဖတ်သူကိုယ်တိုင် သတင်း အမှား/ အမှန် ခွဲခြားရခက်နေတယ်ဆိုရင် အချက်အလက်စစ်ဆေးနေသည့် အဖွဲ့တွေထံ ဆက်သွယ်မေးမြန်နိုင်ပြီး၊ ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ လူမှုစာမျက်နှာများနှင့် Messenger တို့မှာ သိချင်တဲ့အကြောင်းအရာကို သတင်းလင့်ခ်၊ ဓာတ်ပုံ၊ ရုပ်သံတွေကို လာရောက်ပေးပို့ပြီး သတင်း အမှား/ အမှန် မေးမြန်လို့ရပါတယ်။
Web – https://theredflagmedia.org/
Fb – https://www.facebook.com/realornot.mm
Youtube-https://www.youtube.com/@realornottrf
Telegram- www.t.me/realornottrf
Tik Tok- https://www.tiktok.com/@realornottrf
#RealorNot(ဟုတ်တယ် Vs မဟုတ်ဘူး) #Fact-check #အချက်အလက်စစ်ဆေးခြင်း #PDF #မီးရှို့
