FACT CHECK| မိုးကုတ်မြို့ ဘုရားငါးဆူအနီးဝန်းကျင်ကို ဒေသခံပြည်သူတွေရဲ့ သတင်းပေးမှုကြောင့် ဗုံးကြဲရတယ်ဆိုတဲ့ သတင်းမှား

Fact-check_ Real or Not (ဟုတ်တယ် Vs မဟုတ်ဘူး) 

အောက်တိုဘာ ၂၄ ၊ ၂၀၂၅ 

 

အနှစ်ချုပ်အကြောင်းအရာ 

မိုးကုတ်မြို့၊ ဘုရားငါးဆူအနီးဝန်းကျင်၌ TNLA / PDFများ ရှိနေကြောင်း ဒေသခံပြည်သူတွေရဲ့ သတင်းပေးပို့မှုကြောင့် အောက်တိုဘာ ၂၁ ရက်နေ့မှာ  စစ်တပ်က လေကြောင်းကနေ  တိုက်ခိုက်ခဲ့ရတယ်ဆိုတဲ့ မှားယွင်းဖော်ပြသည့် သတင်းမှားကို ဟုတ်တယ် Vs မဟုတ်ဘူး အဖွဲ့က အချက်အလက်စစ်ဆေးပေးထားပါတယ်။ 

 

ဖြန့်ဝေထားမှု

 

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ဖြစ်တဲ့ ဟန်ငြိမ်းဦး တယ်လီဂရမ်ချယ်နယ်ကနေ အဲ့ဒီအကြောင်းအ ရာကိုဖြန့်ဝေထားတာဖြစ်ပြီး” မိုးကုတ်မြို့ ဘုရားငါးဆူအနီးဝန်းကျင်မှာ TNLA / PDF အကြမ်းဖက်အဖွဲ့တွေ ရှိနေကြောင်း ဒေသခံပြည်သူတွေရဲ့ သတင်းပေးပို့မှုကြောင့် ဒီနေ့ အောက်တိုဘာလ ၂၁ ရက်မွန်းလွဲပိုင်းမှာ လေကြောင်းကနေ အမြန်ဆုံးရှင်းလင်း တိုက်ခိုက်ခဲ့ပါတယ်” ဆိုတဲ့စာသားတွေနဲ့ အတူ ဖြန့်ဝေထားတာဖြစ်ပါတယ်။ အဲ့ဒီပို့စ်ဟာ ပျံ့နှံ့မှု အနေနဲ့ ကြည့်ရှူသူပေါင်း ၁၃၀၀၀ကျော်ရှိနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေထားတဲ့ အကြောင်းအရာ Web Archive Link >>> https://archive.ph/9fkiB 

 

အချက်အလက်စိစစ်မှု 

 

မိုးကုတ်မြို့ ဘုရားငါးဆူအနီးပတ်ဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စိစစ်နိုင်ဖို့အတွက် Google တွင် ဖြ့န်ဝေနေသော အကြောင်းအရာတွင် ပါဝင်သည့် အဓိကကျတဲ့ စကားလုံးများဖြစ်သော ” မိုးကုတ်မြို့ ဘုရားငါးဆူ ” ဆိုတဲ့စကားလုံးများနှင့် စတင်ရှာဖွေပါတယ်။

ရှာဖွေလိုက်တဲ့အခါမှာတော့ မိုးကုတ်မြို့ ဘုရားငါးဆူအနီးဝန်းကျင်နဲ့  ဖူဆယ်ဘောလုံးကွင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၃ ဦး သေဆုံးပြီး ပြည်သူတွေ ထိခိုက်ဒဏ်ရာရ တယ်ဆိုတဲ့ သတင်းတွေကို သတင်းမီဒီယာတွေမှာ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။ သို့သော် TNLA တပ်ဖွဲ့တွေနဲ့ PDF တပ်ဖွဲ့တွေ စခန်းဖြစ်တယ်ဆိုပြီး ဖော်ပြထားတာမျိုး လုံးဝမတွေ့ရပါ။ “ဗုံးကြဲမှုကြောင့် ၄ နှစ်အရွယ် အပါအဝင် ကလေး (၃) ဦး သေဆုံးပြီး (၁၂)ဦး ဒဏ်ရာရရှိခဲ့ပြီး ဖူဆယ်အားကစားကွင်းနဲ့ လူနေအိမ်  (၇)လုံး ပျက်ဆီးခဲ့တယ်” လို့ မြန်မာနောင်းသတင်းဌာနက ဖော်ပြထားပါတယ်။ 

 

မြန်မာနောင်းသတင်းဌာနမှ အောက်တိုဘာ ၂၂ တွင် ဖော်ပြထားတဲ့သတင်း >>> https://bit.ly/4oBCBUh 

 

ဒေသတွင်းသတင်းမီဒီယာတခုဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနရဲ့ သတင်းထဲမှာဆိုရင်လည်း မိုးကုတ် အရှေ့ပိုင်းကို စစ်တပ်က ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဖူဆယ်ဘောလုံးကွင်းထဲ ဘောလုံးကစားနေကြတဲ့ ကလေး (၃) ဦး သေဆုံးပြီး အနည်းဆုံး (၄) ဦး ဒဏ်ရာရတယ်ဆိုပြီးဖော်ပြထားပါတယ်။ ဟန်ငြိမ်းဦး ချန်နယ်က စွပ်စွဲထားသလိုမျိုး TNLA နဲ့ PDF တွေရှိနေလို့ ပြည်သူတွေကဗုံးကြဲခိုင်းတယ်ဆို တာမျိုးလုံးဝမပါရှိပါဘူး။ 


ရွှေဖီမြေသတင်းဌာနမှ အောက်တိုဘာ ၂၂ တွင် ဖော်ပြထားသော သတင်း>>> https://bit.ly/3IWk3z6 

 


DVB သတင်းဌာနတွင်လည်း မိုးကုတ်မြို့ ဖူဆယ်ဘောလုံးကွင်း ဗုံးကြဲခံရပြီး အနည်းဆုံး ၃ ဦးသေဆုံးတယ်ဆိုပြီး သတင်းဖော်ပြထားပါတယ်။ သေဆုံးသူတွေဟာ ဘောလုံးကစားနေတဲ့ ကလေးငယ်တွေဖြစ်တယ်ဆိုတာလည်းဖော်ပြထားပါတယ်။ 

 

DVB သတင်းဌာနမှ အောက်တိုဘာ ၂၁ တွင် ဖော်ပြထားသောသတင်း>>> https://bit.ly/3Wgg3wi 

 

သုံးသပ်ချက် 

အထက်မှာ ဖော်ပြခဲ့တဲ့အချက်တွေနဲ့ တိုက်ဆိုင်စိစစ်လိုက်မယ်ဆိုရင် မိုးကုတ်မြို့၊ ဘုရားငါးဆူအနီးဝန်းကျင်၌ TNLA / PDFများ ရှိနေကြောင်း ဒေသခံပြည်သူတွေရဲ့ သတင်းပေးပို့မှုကြောင့် စစ်တပ်က လေကြောင်းကနေ  တိုက်ခိုက်ခဲ့ရတယ်ဆိုတဲ့ ဇာတ်ကြောင်းက စစ်တပ်ရဲ့ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်တဲ့ လုပ်ရပ်ကိုဖုံးကွယ်ဖို့အတွက် လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ 

 

အကြံပြုချက် 

ဟုတ်တယ် Vs မဟုတ်ဘူး စာဖတ်ပရိတ်သတ်တွေအနေနဲ့ နည်းပညာတိုးတက်လာတဲ့ ခေတ်ကြီးမှာ အင်တာနက် အသုံးပြုတဲ့သူတွေ ထုတ်လုပ်ထားသည့် သတင်းအကြောင်းအရာမျိုးစုံ ပါနေတာကြောင့် ဓာတ်ပုံ၊ ရုပ်သံ ပါတိုင်းလည်း အလွယ်တကူလက်ခံ မယုံကြည်ဘဲ၊ သတင်းအရင်းအမြစ်များစွာနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ အကြံပြုတိုက်တွန်းချင်ပါတယ်။ 

စာဖတ်သူကိုယ်တိုင် သတင်း အမှား/ အမှန် ခွဲခြားရခက်နေတယ်ဆိုရင် အချက်အလက်စစ်ဆေးနေသည့် အဖွဲ့တွေထံ ဆက်သွယ်မေးမြန်နိုင်ပြီး၊ ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ လူမှုစာမျက်နှာများနှင့် Messenger တို့မှာ သိချင်တဲ့အကြောင်းအရာကို သတင်းလင့်ခ်၊ ဓာတ်ပုံ၊ ရုပ်သံတွေကို လာရောက်ပေးပို့ပြီး သတင်း အမှား/ အမှန် မေးမြန်လို့ရပါတယ်။ 

 

Web – https://theredflagmedia.org/

Fb – https://www.facebook.com/realornot.mm

Telegram- www.t.me/realornottrf

#RealorNot(ဟုတ်တယ် Vs မဟုတ်ဘူး) #Fact-check #အချက်အလက်စစ်ဆေးခြင်း  #TNLA #ဗုံးကြဲ