Fact-check_ Real or Not (ဟုတ်တယ် Vs မဟုတ်ဘူး)
နိုဝင်ဘာ ၂၅ ရက် ၊ ၂၀၂၅
အနှစ်ချုပ်အကြောင်းအရာ
ဦးဇော်ဇော်က ပြောဆိုထားသလိုမျိုး AI နည်းပညာဖြင့် ဗီဒီယိုဖန်တီးထားပြီး ချေးငွေချေးပေးမယ်ဆိုသည့် လိမ်လည်နေတဲ့ ဖေ့ဘွတ်ခ်စာမျက်နှာအကြောင်းကို ဟုတ်တယ် Vs မဟုတ်ဘူး အဖွဲ့သားတွေက ပေ့ချ်အတုဖြစ်ကြောင်း အချက်အလက်စိစစ် ပေးထားပါတယ်။
ဖြန့်ဝေထားမှု
“ဦးဇော်ဇော် လိုင်စင်ရ အာမခံ ချေးငွေလုပ်ငန်း” ဆိုတဲ့ နာမည်နဲ့ဖွင့်လှစ်ထားတဲ့ ဖေ့ဘွံတ်ခ်စာမျက်နှာက နေ ဦးဇော်ဇော်ရဲ့ ဓာတ်ပုံကို AIနည်းပညာနဲ့ပေါင်းစပ်ပြီး ဦးဇော်ဇော် ကိုယ်တိုင် စကားပြော နေသလိုမျိုး ဗီဒီယိုအတုတခုကိုပြုလုပ် ဖြန့်ဝေနေတာဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ AI ဗီဒီယိုထဲမှာ ဆိုရင် “ကျနော်ဦးဇော်ဇော်ကိုယ်တိုင်ချေးငွေကို ထုတ်ချေးပေးတာဖြစ်တဲ့အတွက် ယုံကြည်စိတ် ချစွာငွေချေးယူနိုင်ပါတယ်” ဆိုပြီး အသံထည့်ပြီးဖြန့်ဝေထားတာဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ဗီဒီယိုကို ဒီလင့်ခ်မှာကြည့်ရှုနိုင်ပါတယ်။
AIနဲ့ပြုလုပ်ထားတဲ့ ဗီဒီယို >>>https://bit.ly/3Xd5afc
Web Archive Link>>> https://archive.is/wip/ihRw4
အချက်အလက်စိစစ်မှု
ဖြန့်ဝေထားတဲ့ စာမျက်နှာဖြစ်တဲ့ “ဦးဇော်ဇော် လိုင်စင်ရ အာမခံ ချေးငွေလုပ်ငန်း” ဆိုတဲ့ စာမျက်နှာဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှာမှ စတင်ဖွင့်လှစ်ထားတဲ့စာမျက်နှာဖြစ်တယ်ဆိုတာကို Page transparency မှာစစ်ဆေးချက်အရသိရပါတယ်။
ဦးဇော်ဇော်က ပြောဆိုထားသလိုဖန်တီးဖြန့်ဝေထားတဲ့ ဗီဒီယိုကို အသေးစိတ်ကြည့်ရှုစစ်ဆေးလိုက်မယ် ဆိုရင် စကားပြောဆိုထားတဲ့အသံဟာ ဦးဇော်ဇော်အသံမဟုတ်သလို ဗီဒီယိုရဲ့ ရုပ်ပုံ လှုပ်ရှားမှုတွေကို စိစစ်ကြည့်မယ်ဆိုရင် ဓာတ်ပုံကို AI နည်းပညာနဲ့ ဗီဒီယိုအဖြစ်ပြောင်းလဲထားတယ်ဆိုတာကို စိစစ် တွေ့ရှိရပါ တယ်။
၂၀၂၅ နိုဝင်ဘာ ၂၂ ရက်နေ့တုန်းက ကစားခဲ့တဲ့ အာရှယူ ၁၇ ခြေစစ်ပွဲ မြန်မာနဲ့ အာဖဂ္ဂနစ္စတန်တို့ပွဲအပြီးမှာ မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဌလည်းဖြစ် တဲ့ ဦးဇော်ဇော်ဟာ အသင်းသားတွေကို အားပေးစကားပြောဆို ခဲ့တဲ့အသံနဲ့ AI ဗီဒီယိုမှာပါတဲ့ ဦးဇော်ဇော် အသံတို့ဟာ ကွဲပြားခြားတယ်ဆိုတာကို စိစစ်တွေ့ရှိရမှာဖြစ်ပါတယ်။ အောက်ကလင့်ခ်မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။
Link>>> https://bit.ly/4okiNV5
ဦးဇော်ဇော်ဟာ Max Myanmarကုမ္ပဏီ တည်ထောင်သူ ဥက္ကဋ္ဌဖြစ်ပြီး သူပိုင်ဆိုင်တဲ့စီးပွားရေး လုပ်ငန်းတွေထဲမှာ AYA Bank ပါဝင်ပေမယ့် အခုလိုမျိုးဖေ့ဘွတ်ခ်ပေါ်မှာ ချေးငွေလုပ်ငန်းတွေဆိုပြီး စာမျက်နှာဖွင့်လှစ် ငွေချေးတဲ့ လုပ်ငန်းမလုပ်ပါဘူး။
ဖေ့ဘွတ်ခ်ပေါ်မှာ ဦးဇော်ဇော်နာမည်အသုံးပြုပြီး လိမ်လည်နေတဲ့ ပုံစံတူ ချေးငွေစာမျက်နှာတွေအများ အပြားရှိနေတာကိုလည်း စိစစ်တွေ့ရှိထားပါတယ်။ ဦးဇော်ဇော် အာမခံချေးငွေလုပ်ငန်း/ ဦးဇော်ဇော် လိုင်စင်ရ ချေးငွေလုပ်ငန်း / ဦးဇော်ဇော်ချေးငွေလုပ်ငန်း/ဦးဇော်ဇော် AYA ငွေချေးဝန်ဆောင်မှုလုပ်ငန်း စသည်ဖြင့် အများအပြားရှိနေတာကိုတွေ့ရှိထားရပြီးတော့ ပုံစံတူလိမ်ညာနေတဲ့ စာမျက်နှာတွေပဲဖြစ် ပါတယ်။
ငွေချေးလုပ်ငန်းအယောင်ဆောင်စာမျက်နှာတွေနဲ့ပက်သက်ပြီး လွတ်လပ်တဲ့ အချက်အလက်စိစစ်ရေး ဝဘ်ဆိုက်ဒ်တွေကလည်း အချက်အလက်စစ်ဆေးပေးထားဖူးပါတယ်။ အချက်အလက်စစ်ဆေးရေး ဝဘ်ဆိုက်ဒ် Factcrescendo က ၂၀၂၂ ခုနှစ်တုန်းက စစ်ဆေးထားတဲ့အကြောင်း အရာကိုအောက်က လင့်ခ်မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။
Factcrescendo ရဲ့ အချက်အလက်စစ်ဆေးထားမှု>>> https://bit.ly/4iohS4u
ဒါ့အပြင် ဘီဘီစီသတင်းဌာနကလည်းအွန်လိုင်းပေါ်က ငွေချေးလုပ်ငန်းအတုတွေကနေ ငွေကြေးလိမ်လည်ခံရတာနဲ့ပတ်သက်ပြီး လိမ်လည်ခံရသူတွေရဲ့ပြောဆိုချက်တွေပေါ်ကိုးကားပြီး သတင်းဖော်ပြထားဖူးပါတယ်။ အဲ့ ဒီသတင်းကို ဒီလင့်ခ်မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီရဲ့ သတင်း >>>https://bit.ly/4igAp2q
ဖေ့ဘွတ်ခ်ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta ကလည်း အွန်လိုင်းပေါ်က ချေးငွေစာမျက်နှာတွေရဲ့လိမ်တာမခံရ ဖို့အတွက် အသိပညာပေးပို့စ်ကို ဖြန့်ဝေထားဖူးပါတယ်။ အောက်ကလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
Meta ရဲ့ အသိပညာပေးပို့စ်>>> https://bit.ly/4ijSKvN
သုံးသပ်ချက်
အထက်မှဖော်ပြခဲ့တဲ့အချက်တွေနဲ့ စိစစ်လိုက်မယ်ဆိုရင် ဦးဇော်ဇော် လိုင်စင်ရ အာမခံ ချေးငွေလုပ်ငန်း” ဆိုတဲ့ နာမည်နဲ့ဖွင့်လှစ်ထားတဲ့ ဖေ့ဘွံတ်ခ်စာမျက်နှာဟာ နာမည်ကျော် ခရိုနီသူဌေးကြီး ဦးဇော်ဇော် အယောင်ဆောင်ပြီး ငွေကြေးလိုအပ်နေတဲ့ သူတွေကို ပစ်မှတ်ထား လိမ်လည်ဖို့ကြိုးစားနေတဲ့ စာမျက်နှာတခုဆိုတာကိုစိစစ်တွေ့ရှိရမှာဖြစ်ပါတယ်။
အကြံပြုချက်
ဟုတ်တယ် Vs မဟုတ်ဘူး စာဖတ်ပရိတ်သတ်တွေအနေနဲ့ နည်းပညာတိုးတက်လာတဲ့ ခေတ်ကြီးမှာ အင်တာနက် အသုံးပြုတဲ့သူတွေ ထုတ်လုပ်ထားသည့် သတင်းအကြောင်းအရာမျိုးစုံ ပါနေတာကြောင့် ဓာတ်ပုံ၊ ရုပ်သံ ပါတိုင်းလည်း အလွယ်တကူလက်ခံ မယုံကြည်ဘဲ၊ သတင်းအရင်းအမြစ်များစွာနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ အကြံပြုတိုက်တွန်းချင်ပါတယ်။
စာဖတ်သူကိုယ်တိုင် သတင်း အမှား/ အမှန် ခွဲခြားရခက်နေတယ်ဆိုရင် အချက်အလက်စစ်ဆေးနေသည့် အဖွဲ့တွေထံ ဆက်သွယ်မေးမြန်နိုင်ပြီး၊ ဟုတ်တယ် Vs မဟုတ်ဘူး ရဲ့ လူမှုစာမျက်နှာများနှင့် Messenger တို့မှာ သိချင်တဲ့အကြောင်းအရာကို သတင်းလင့်ခ်၊ ဓာတ်ပုံ၊ ရုပ်သံတွေကို လာရောက်ပေးပို့ပြီး သတင်း အမှား/ အမှန် မေးမြန်လို့ရပါတယ်။
Web – https://theredflagmedia.org/
Fb – https://www.facebook.com/realornot.mm
Youtube-https://www.youtube.com/@realornottrf
Telegram- www.t.me/realornottrf
Tik Tok- https://www.tiktok.com/@realornottrf
#RealorNot(ဟုတ်တယ် Vs မဟုတ်ဘူး) #Fact-check #အချက်အလက်စစ်ဆေးခြင်း #ချေးငွေလုပ်ငန်း #ဦးဇော်ဇော်ချေးငွေ
